News

POST TYPE

INTERVIEW

လူမင်းနဲ့ တွေ့ဆုံခြင်း
25-Sep-2019


“အချက်အလက်ပြည့်စုံစွာ ကြည့်ချင်တယ်ဆိုရင်တော့ သမိုင်းစာအုပ်တွေသာ ဖတ်ပါ” 

နာမည်ကျော် သရုပ်ဆောင် လူမင်းနဲ့ တွေ့ဆုံခိုက် အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးတော့မယ့် အကြောင်းနဲ့ ဝေဖန်မှုများ ထွက်ပေါ်လာတဲ့ အကြောင်းအရာများကို မေးမြန်းထားပါတယ်။ 

Voice : အောင်ဆန်းရုပ်ရှင်စရိုက်တော့မယ်ဆိုတော့ ဘာတွေများ စိုးရိမ်စိတ်ရှိနေလဲ။ 
LM : တစ်နေ့တစ်နေ့ကို ထမင်းစားချိန် ရောက်လို့ရောက်မှန်းမသိဘူး။ လုပ်နေတာပဲ။ အိပ်လိုက်ပြီ၊ အိပ်ရာဝင်ပြီဆိုရင် အလုပ်တွေ မပြီးသေးပါလားဆိုတဲ့ စိတ်နဲ့ နိုးလာတာနဲ့ဟာ ငါ အများကြီးလုပ်ရ ဦးမှာလားဆိုတဲ့ စိတ်နဲ့ နိုးထတယ်။ အခုတစ်လော ရက်ပိုင်းတွေက အဲဒီလိုချည်းပဲ ဖြစ်နေတယ်။ ဒါပေမဲ့ ကိုယ် နှစ်နှစ်ခြိုက်ခြိုက်တော့ အိပ်ပျော်အောင်အိပ်တယ်။ 

Voice : အောင်ဆန်းရုပ်ရှင် က ရုပ်ရှင်ရသဘက်ကိုပဲ ဆွဲခေါ်သွားမှာလား။
LM : ရုပ်ရှင်အမျိုးအစားကို ပြောရင်တော့ အတ္ထုပ္ပတ္တိလို့ ပြောလို့ရတယ်။ ကျွန်တော်ဆိုလိုတာက သမိုင်းမှတ်တမ်းအချက်အလက်ကြီးကို အချက်အလက်ပြည့်စုံစွာ ကြည့်ချင်တယ်ဆိုရင်တော့ သမိုင်းစာအုပ်တွေသာဖတ်ပါ။ အတ္ထုပ္ပတ္တိ စာအုပ်တွေသာဖတ်ပါ။ သတ်မှတ်ချက်တွေ ရှိတယ်။ ဒီထဲမှာ ဝင်အောင်ပြရမှာ။ နောက်တစ်ခုက ဒီထဲက ဇာတ်ကောင်ကြီးကို သက်ဝင်လှုပ်ရှားစွာ သရုပ်ဆောင်ပြရမှာ ဖြစ်တဲ့အတွက် ရုပ်ရှင်တစ်ကားကြည့်သလို ဘာလို့ ရုပ်ရှင်လို တင်ပြရမလဲဆိုလို့ လူတွေရဲ့ နှလုံးသားထဲမှာ စီးဝင်နိုင်တဲ့ အနုပညာရပ်နဲ့ တင်ပြချင်တာဖြစ်တဲ့အတွက် ရုပ်ရှင်လို့ သုံးနှုန်းတာပါ။ ရုပ်ရှင်ကိုပဲကို ဇမ်းတင်ပြီး တမင်ပြောတာပါ။ 

Voice : ကိုလူမင်းက ဒါရိုက်တာအဖြစ်ပဲပါမယ် သိထားတယ်။ အခုတော့ ဗိုလ်မင်းရောင် နေရာကရော ဘာလို့ ပါဖြစ်သွားတာလဲ။ 
LM : သူက ဇာတ်ကားရဲ့ အစခြေဆင်းအပိုင်းလေးပဲပါမှာ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘိုးဘေးလည်း လုပ်ရမှာဆိုတော့ မင်းသားကြီးတစ်ယောက်လိုတယ်။ အဲတော့ ရှာကြတော့ ကျွန်တော် လုံးဝမပါချင်ဘူး။ ဒါရိုက်တာပိုင်းကို အာရုံရောက်နေတယ်။ ဒါရိုက်တာအဖွဲ့ဝင်တွေကလည်း လုပ်စေချင်တယ်။ ဒီလူဆိုရင် မပြေးတော့ဘူး။ ခိုင်းလို့လည်းရမယ်။ ကိုယ်လည်း ရာဇဝင်ရုပ်နဲ့လည်း လိုက်တယ်။ နည်းနည်းလေးပဲပါမယ်။ အစောပိုင်းလေး အရင်ရိုက်ထားလိုက်ရင် နောက်ပိုင်းလည်း ပူစရာမလိုတော့ဘူး။ မြှောက်ပေးတာလား၊ ကျပ်တာလားတော့ မသိဘူး။ ဒီအခန်းလေးနည်းနည်းနဲ့ မင်းသားကြီးတစ်ယောက် ကမ်းလှမ်းရဦးမယ်။ ကျွန်တော်ပဲ ပါလိုက်မယ်။ အမှတ်တရလည်း ဖြစ်သွားမယ်။ အဲဒါကြောင့် ရိုက်ဖြစ်လိုက်တာပါ။ 

Voice : အောင်ဆန်းရုပ်ရှင်ကို ရိုက်မယ်ဆိုကတည်းက ဝေဖန်ကြတာ အခုထိလည်း ရှိနေတုန်းပဲနော်။ မယုံကြည်ကြတဲ့သူတွေအပေါ် ဘာပြောချင်လဲ။ 
LM : မယုံကြည်တဲ့သူများမှာပါ။ ကျွန်တော်က ဒီကားကိုရိုက်ဖို့ တာဝန်ယူလိုက်တဲ့အချိန်မှာ ဒီကားကိုပြီးအောင် ဆုံးခန်းတိုင်အောင် အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက် ကိုယ့်ဘာသာရှိတယ်။ ကျွန်တော့်ကို ကျွန်တော့်မှ မယုံကြည်ရင် ဒီလောက်ကြီးလေးတဲ့ တာဝန်ကြီးကို လုံးဝမယူဘူး။ အဲဒါကြောင့် တချို့ကိစ္စတွေကသာမန်အားဖြင့်တော့ မှန်ပါတယ်။ ကျွန်တော့်ကို မယုံကြည် တဲ့သူတွေကို အပြစ်မမြင်ပါဘူး။ ပြောစရာအကြောင်းလည်း မရှိဘူး။ အလုပ်ကြီးက ကြီးလွန်းတာကို။ ကျွန်တော့်ပုံစံနဲ့ ကျွန်တော့်အနေအထားကို မယုံတာလည်းဖြစ်ပါတယ်။ သူတို့တန်ဖိုးထားတဲ့အရာကြီးတစ်ခု ပျက်သွားမှာစိုးတယ်။ တန်ဖိုးလျော့သွားမှာ စိုးရိမ်ကြလို့ ဗိုလ်ချုပ်ကိုချစ်တဲ့စိတ်ကြောင့် မယုံကြည်တာလည်း ဖြစ်မှာပါ။ အဆိုးမြင်သက်သက်မဟုတ်ဘဲ အပြုသဘော ချစ်ခြင်း မုန်းခြင်းကြားလေးထဲကနေ ကျွန်တော့်လုပ်ရပ်ကို တစ်ဆင့်ချင်း ကြည့်ပါ၊ အလုပ်နဲ့ တစ်ဆင့်ချင်း သက်သေပြမယ်။ 

ခင်ညိုညိုသိမ့် 



  • VIA