News

POST TYPE

INTERVIEW

နေတိုးနဲ့ တွေ့ဆုံခြင်း
23-Sep-2019


“ကားကြည့်ပြီးတော့မှ ဝေဖန်တာလုပ်ရင် ပိုပြီးတော့ ပြည့်စုံလိမ့်မယ်ထင်တယ်”

နာမည်ကျော်သရုပ်ဆောင် နေတိုးနဲ့တွေ့ဆုံခိုက် စပွန်ဆာရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဇာတ်ကားနမူနာဓာတ်ပုံရဲ့ ပိုက်ဆံအကြောင်းနဲ့ စပွန်ဆာဆိုတဲ့ အဓိပ္ပာယ်အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : စပွန်ဆာရုပ်ရှင်ဇာတ်ကားလေးက နမူနာလေးထွက်လာကတည်းက ပေါက်နေပြီနော်။
NT : ပရိသတ်တွေက ရုပ်ရှင်ကားမကြည့်ရသေးတော့ သိပ်တော့ သိမှာတော့ မဟုတ်သေးဘူးပေါ့နော်။ ကားကြည့်ပြီးတော့မှ ဝေဖန်တာလုပ်ရင် ပိုပြီးတော့ ပြည့်စုံလိမ့်မယ်ထင်တယ်။ အခု နမူနာတင်ထားတဲ့ အခန်းလေးကလည်း ရုပ်ရှင်ထဲမှာတော့ မပါဘူးပေါ့။ ရုပ်ရှင်ထဲမှာ ဓာတ်ပုံရိုက်ထားတဲ့ ပုံစံလည်း မြင်ရမှာမဟုတ်ဘူး။ မတူတဲ့ ပိုက်ဆံကို ကြားညှပ်ထားတယ်ဆိုပြီးပြောကြတယ်။ Photo အမှားတစ်ခု ပါသွားတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကတော့ ရိုက်ကူးတဲ့အချိန်မှာ သတိမထားမိလိုက်တဲ့သဘော။ ရုပ်ရှင်ထဲမှာ အဲလိုပုံစံမျိုးတော့ မပါဘူး။ 

Voice : စပွန်ဆာဆိုတာ ကိုနေတိုးကိုပြောချင်တာလား။ စပွန်ဆာဆိုတဲ့စကားလုံးကို အဓိပ္ပာယ် ဖော်ထားတာလား။
NT : ကျွန်တော့်ကာရိုက်တာက စပွန်ဆာကို ဟိုက်လိုက်ပေးထားတာ မဟုတ်ဘူး။ ဇာတ်လမ်းတစ်ခုမှာ ပလော့ခ်တစ်ခုအရ အခြေအနေတစ်ခု အကြောင်းတစ်ခုအရ ဒီစပွန်ဆာ လုပ်တယ်ဆိုတဲ့ အကြောင်းအရာလေးတစ်ခုကို ကျွန်တော်တို့က ခေါင်းစဉ်လေးပေးဖြစ်တယ်။ နောက်ပြီးတော့ ပရိသတ် ပိုပြီးတော့ မှတ်မိလည်းလွယ်မယ်။ လူတွေလည်း စိတ်ဝင်စားနိုင်တယ်ထင်ပြီးတော့ ထုတ်လုပ်ရေးကရော၊ ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေးဆရာတွေက ဒီခေါင်းစဉ်လေးကိုပေးဖြစ်တာပေါ့။ ကာရိုက်တာကတော့ ဒီဟာကြီးကို ဟိုက်လိုက်လုပ်ထားတာကြီး မဟုတ်ပါဘူး။ မိသားစုဒရာမာတစ်ခုပါ။ ကားကြည့်ပြီးရင်တော့ တစ်မျိုးဖြစ်သွားနိုင်ပါတယ်။ 

Voice : စပွန်ဆာအပေါ် ကိုနေတိုးအမြင်က ဘယ်လိုရှိမလဲ။
NT : ဒါက ကျွန်တော်ရှင်းပြစရာတောင်မလိုပါဘူး။ မျိုးစုံရှိတယ်။ အကုန်လုံး ခေတ်ရေစီးကြောင်းအရ ဒီစကားလုံးက ပေါ်လာတယ်။ ဒီစကားလုံးပေါ်မှာလည်း အများကြီးအသုံးပြုကြ တယ်ဆိုတော့ ရုပ်ရှင်အနုပညာရှင်တွေဆိုတာ ဖြစ်ပေါ်နေတဲ့ ခေတ်ရေစီးကြောင်းအပေါ်မှာလည်း မူတည်ပါတယ်။ ခေါင်းစဉ်ပေးတာတို့၊ စကားလုံးအသုံးအနှုန်းကအစ ခေတ်အခြေအနေအချိန်အခါတစ်ခုကို ထင်ဟပ်တဲ့ အသုံးအနှုန်းရှိတာပေါ့။ ခေတ်အခြေအနေမှာ ဒီစကားလုံးရယ်၊ ဒီအကြောင်းအရာရယ်၊ ဟော့ဖြစ်နေတော့ ဒီဟာလေးက ကျွန်တော်မပြောလည်း ပရိသတ်သိပါတယ်။

Voice : ဇာတ်လမ်းကရော ဘယ်လိုအမျိုးအစားဖြစ်မလဲ။ ရည်ရွယ်ချက်ကရော။
NT : ကျွန်တော်တို့ ရည်ရွယ်ချက်က အဲလိုမျိုးမဟုတ်ဘူး။ မိသားစုဘဝတစ်ခု၊ ညီအစ်ကို မောင်နှမတွေကြား ကိုယ့်ရဲ့ အသွေးအသားကို စွန့်လွှတ်ပြီးတော့မှ မိသားစုကိုပြန်ပြီးတော့ ပေးဆပ်တဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ မေတ္တာတရားပေါ်မှာ ပိုပြီးတော့ ကျွန်တော်တို့က ပရိသတ်ကို သိစေချင်တယ်။ ဒီစပွန်ဆာဆိုတဲ့ဟာက ခေါင်းစဉ်တစ်ခုအရသော်လည်းကောင်း၊ ပရိသတ်ကို ပရိုမိုးရှင်းတစ်ခုအရသော် လည်းကောင်း ပရိသတ်စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာလေးတစ်ခုကို ဆွဲထုတ်ထားတာပါ။ 

ခင်ညိုညိုသိမ့်


  • VIA