News

POST TYPE

INTERVIEW

ရှမ်းပြည်က ကိုယ်ထူကိုယ်ထစာသင်ကျောင်းများ
23-Sep-2019
တအာင်းသံဃာတော်အဖွဲ့ ဦးဆောင်၍ တအာင်းပညာရေးအဖွဲ့၊ ကျောင်းသားနှင့်လူငယ်များအဖွဲ့၊ အမျိုးသမီးအဖွဲ့တို့ပေါင်း၍ ရှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းမြို့နယ်များရှိ စာသင်ကျောင်းမရှိသေးသော ကျေးရွာများ၌ ၂၀၁၄ ခုနှစ်မှစ၍ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများဖွင့်ကာ သင်ကြားပေးလျက်ရှိသည်။ 

ယခုအချိန်တွင် ကျောင်းပေါင်း ၂၀၀ ကျော်ကို ဖွင့်နိုင်ခဲ့ပြီး အချို့ကျောင်းများကို အစိုးရမူလတန်းကျောင်းများအဖြစ် လွှဲပြောင်းဖွင့်လှစ်နိုင်ခဲ့သည်။ ယင်းသို့ကိုယ်ထူကိုယ်ထကျောင်းဖွင့်ရသည့်အကြောင်း၊ လက်ရှိတွေ့နေရသည့် အခြေအနေများကို တအာင်းသံဃာဗဟိုဥက္ကဋ္ဌ ဘဒ္ဒန္တဦးပညာသီရိနှင့် ကျေးသီးမြို့နယ်၊ ဝမ်စိမ်းအုပ်စု၊ လွယ်ဆိုင်းရွာ ကိုယ်ထူကိုယ်ထကျောင်းမှ စေတနာ့ဝန်ထမ်းဆရာ မိုင်းနိုင်လှအောင်တို့ကို မေးမြန်းထားသည်များမှ စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။



“ပညာရေးဆိုတာဘာလဲ၊ စားလို့ရတာမဟုတ်ဘူး၊ အလုပ်လုပ်ရင် ပိုက်ဆံရတယ်ပေါ့”

တအာင်းသံဃာဗဟို ဥက္ကဋ္ဌ ဘဒ္ဒန္တဦးပညာသီရိ

Voice : ကိုယ်ထူကိုယ်ထကျောင်းတွေကို ရှမ်းပြည်နယ် ဘယ်နှမြို့နယ်မှာ ဖွင့်ထားတာပါလဲဘုရား။
UPNTR : မြို့နယ် ၁၂ မြို့နယ်မှာ ဖွင့်ထားပါတယ်။ လားရှိုး၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ တန့်ယန်း၊ မိုင်းကိုင်၊ လဲချား၊ ခိုလမ်၊ ကျေးသီး၊ မိုင်းပျဉ်းမြို့နယ်တွေရဲ့ ရွာပေါင်း ၆၈ ရွာမှာ ဖွင့်ထားတာပါ။ စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ဖွင့်ထားပြီး စေတနာ့ဝန်ထမ်း ဆရာဦးရေ ၁၈၀ ကျော်၊ ကျောင်းသားဦးရေ ၃၅၀၀ ကျော်ကို သင်ပေးနေတာပါ။ ကျောင်းတွေဖွင့်နိုင်ဖို့အတွက် ဒါယကာ၊ ဒါယိကာမတွေ လှူဒါန်းတာရယ်၊ ပြည်တွင်းပြည်ပက အလှူရှင်တွေရယ်၊ အရပ်ဘက်လူမှုအဖွဲ့တွေနဲ့ လုပ်ရတာပါ။

Voice : ကိုယ်ထူကိုယ်ထကျောင်းတွေက အဓိကအားဖြင့် ဘယ်အတန်းထိသင်ပေးပါသလဲဘုရား။
UPNTR : ရွာကျောင်းမှာကျတော့ လေးတန်းထိ၊ ငါးတန်းတက်တဲ့ကလေးကျတော့ ဦးပဉ္စင်းတို့ဖွင့်ထားတဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေ၊ ဘော်ဒါဆောင်တွေမှာ သင်ကြားပေးပါတယ်။ ၁၀ တန်းအထိ ရှိပါတယ်။ စေတနာ့ဝန်ထမ်းဆရာတွေကိုတော့ ဦးပဉ္စင်းတို့က မုန့်ဖိုးသဘောမျိုး ရှစ်သောင်းပဲပေးနိုင်တယ်။ နှစ်ကြာတဲ့လူတွေကျတော့ ကိုးသောင်း၊ တစ်သိန်းပေါ့။ လတိုင်းတော့ မပေးနိုင်ဘူးပေါ့။ အလှူရှင်ပေါ်မှာမူတည်ပြီးမှ ဖြေရှင်းလို့ရတာပေါ့။

Voice : ဒီကျောင်းတွေဖွင့်တော့ ဘယ်လိုအခက်အခဲတွေရှိပါလဲ။ တားမြစ်တာခံရပါသလားဘုရား။ 
UPNTR : ကြုံပါတယ်။ ရှင်းပြရတာပေါ့။ တချို့အဖွဲ့အစည်းတွေကကျတော့ ခွင့်ပြုချက်တွေယူရတာပေါ့။ အဓိက တားဆီးတာကတော့ ပြည်သူ့စစ်တွေပေါ့။ တခြားတော့မဟုတ်ဘူး သူတို့က ဗမာစာလည်းမသိဘူး။ သဘောလည်းမပေါက်ဘူး။ အဲ့ဒါတွေကြောင့် တားဆီးပိတ်ပင်တာပေါ့။ တားဆီးလို့ ပိတ်လိုက်ရတဲ့ကျောင်းရှိပါတယ်။ ကွန်ခါးမှာသုံးကျောင်း၊ မိုင်းပြင်မှာ လေးကျောင်း လုံးဝပေးမဖွင့်တော့တာ။ အကြောင်းပြချက်က လူမျိုးခွဲခြား ဆက်ဆံတယ်ဆိုပြီးပေါ့။ ဦးပဉ္စင်းကတော့ ဦးပဉ္စင်းဖွင့်ထားတဲ့ ကျောင်းတွေမှာ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ် ကျောင်းသားဦးရေ သုံးဆယ့်နှစ်ယောက်ရှိတယ်ဆို ဖွင့်ပေးပါတယ်။ ကျောင်းတွေမှာလည်း တိုင်းရင်းသားတွေများပါတယ်။ လီဆူ၊ ဝ၊ ကချင်၊ လားဟူ၊ ရှမ်း အကုန်လုံးအတွက် ဖွင့်တာပါ။ မခွဲခြားပါဘူး။ ရှမ်းမြောက်ပိုင်း တိုက်ပွဲတွေကြောင့် ပိတ်ထားရတာက ကွတ်ခိုင်မှာတော့ ခဏလေးပဲပိတ်လိုက်ရတာ။ ရက်ပိုင်းလောက်ပါပဲ။ အခုတော့ အကုန်ဖွင့်ပြီ၊ ပုံမှန်ပြန်ဖြစ်ပါပြီ။

Voice : ကျောင်းသားမိဘတွေက ပညာရေးကို ဘယ်လိုမြင်ကြလဲ၊ ယုံကြည်မှုရောရှိပါသလားဘုရား။
UPNTR : အစကတော့နားမလည်ဘူးပေါ့။ ပညာရေးဆိုတာဘာလဲ စားလို့ရတာမဟုတ်ဘူး အလုပ်လုပ်ရင် ပိုက်ဆံရတယ်ပေါ့။ ကျောင်းတက်နေရင် ဘာမှမရဘူး။ အချိန်ကုန်တယ်ပေါ့။ သူတို့ကို နားလည်အောင် တဖြည်းဖြည်းရှင်းပြရတာပေါ့။ မိဘအများစုက မူးယစ်ဆေးဝါးသုံးစွဲနေကြတာ။ အာရုံက အဲဒီဘက်မှာ အခုတော့ နားလည်သဘောပေါက်သွားပြီ။ သားသမီးတွေက အိမ်ရောက်ပြီဆို မိဘကို ကန်တော့တယ်။ အိမ်အလုပ်တွေကို ဝိုင်းကူကြတယ်။ ဦးပဉ္စင်းတို့ သင်ပေးထားတဲ့အတိုင်းလုပ်တော့ မိဘကလည်း ဝမ်းသာတာပေါ့။ တိုင်းရင်းသားဒေသတွေမှာ အစိုးရရဲ့ ပညာရေးလုပ်ဆောင်ပေးမှု ဘယ်လိုမြင်သလဲဆိုတော့ ပညာရေးက ပြောင်းလဲသင့်ပါတယ်။ ထွေအုပ်ဘက်မှာလည်း အားနည်းတယ်။ အပေါ်ကတစ်မျိုး၊ အောက်က လက်တွေ့လုပ်တဲ့ လူတွေကျတော့ မလုပ်ပါဘူး။ စာရွက်ပေါ်မှာပဲ လုပ်တဲ့လူတွေများပါတယ်။ 



“တစ်ယောက်ကတော့ မရတော့လို့ လက်လွှတ်လိုက်ရတယ်။ ကျောင်းထွက်သွားပြီပေါ့”

စေတနာ့ဝန်ထမ်းဆရာ မိုင်းနိုင်လှအောင်

Voice : ဘယ်အတန်းတွေကို စာသင်ပေးတာပါလဲ၊ ဘယ်ဘာသာတွေကို သင်ကြားပေးတာပါလဲ။
MNHA : သူငယ်တန်းကနေ သုံးတန်းထိကို သင်ကြားပေးပါတယ်။ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံတွေကို သင်ကြားပေးပါတယ်။ လေးတန်းအထိမရှိသေးတာက ကျောင်းဖွင့်ထားတာက သုံးနှစ်ပဲရှိပါသေးတယ်။ ကလေးတွေက လေးတန်းထိမရှိသေးပါဘူး။ ရှိလာရင် ကျွန်တော်တို့ တိုင်ပင်ကြပြီး အဆင်ပြေအောင် စီစဉ်ပေးမှာပါ။

Voice : ဆရာဦးရေ၊ ကျောင်းသားဦးရေ ဘယ်လောက်ရှိပါလဲ။
MNHA : ကျွန်တော်အပါအဝင် ဆရာကတော့ နှစ်ယောက်ပဲရှိပါတယ်။ ကျောင်းသားဦးရေက ၆၀ ကျော်ရှိပါတယ်။ တစ်တန်းကို ကျောင်းသားနှစ်ဆယ်လောက်ရှိပါတယ်။ ကျောင်းသားတွေ၊ ဆရာတွေဘေးကင်းကင်းနဲ့ စာသင်ရလားဆိုတော့ ကျွန်တော်တာဝန်ကျတဲ့ ကျောင်းမှာတော့ လုံခြုံပါတယ်။ စာသင်တာနဲ့ပတ်သက်ပြီး တားမြစ်တာတော့မရှိပါဘူး။

Voice : သင်ထောက်ကူပစ္စည်းတွေ၊ စာသင်ဆောင်တွေရော ပြည့်စုံရဲ့လား။
MNHA : သင်ထောက်ကူပစ္စည်းတွေအတွက်ကတော့ အလှူရှင်တွေရှာတယ်၊ လှူဒါန်းမယ့်လူတွေလည်း ရှိပါတယ်၊ တစ်ခုလှူရင်အများကြီးစုပြီးလှူကြတာ။ ကျောင်းဆောင်ကတော့ အခုလက်ရှိက အမိုးတွေဘာတွေ မလုံဘူး။ အခုတော့ ကျောင်းဆောက်ဖို့ အလှူရှင်ရှိလာပြီ၊ ရန်ကုန်ကလှူတာ မြေတွေဘာတွေ တိုင်းနေပြီ၊ ဒီနှစ်စဆောက်ဖြစ်မယ်လို့ပြောတယ်။

Voice : ကျောင်းသားတွေရဲ့ ပညာရေးအခြေအနေရော တိုးတက်မှုရှိရဲ့လား။
MNHA : ကလေးရဲ့ပညာရေး အခြေအနေကို ကျွန်တော်တို့တစ်လတစ်ခါ မိဘတွေနဲ့တွေ့ဆုံပြီး အစည်းအဝေးတွေ၊ ဟောပြောပွဲတွေလုပ်ဖြစ်ပါတယ်။ မိဘအချို့က နားမလည်နိုင်သေးဘူး၊ ပညာရေးဆိုတာကို စိတ်မဝင်စားကြဘူး။ ကလေးတွေကတော့ စိတ်ပါလက်ပါ သင်ယူကြတယ်။ စိတ်မပါတဲ့ကလေးတွေလည်းရှိတယ်။ သူတို့ကျတော့ အသက်ကလည်း နည်းနည်းကြီးနေပြီ၊ သူငယ်ချင်းတွေရှိလို့ တက်နေကြတဲ့ပုံစံပေါ့။

Voice : ကျောင်းသားနဲ့ မိဘတွေမှာရောဘာ အခက်အခဲတွေရှိပါလဲ။
MNHA : မိဘတွေက အရမ်းဆင်းရဲကြတယ်။ အချို့လည်း ကလေးပညာရေးကိုအားပေးကြတယ်။ အချို့လည်း ငယ်ငယ်လေးနဲ့ အလုပ်တွေလုပ်နေကြတာ ရှိတယ်၊ အိမ်အလုပ်တွေကူလုပ်ပေးတာတွေ၊ ကလေးထိန်းပေးတာတွေ၊ ကျောင်းတက်ချင်ပေမယ့် မတက်နိုင်တာတွေရှိတယ်။

Voice : ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်ဆေးသုံးတဲ့ ကျောင်းသားတွေရောရှိပါသလား။
MNHA : အခုတော့မရှိတော့ဘူး။ ကျောင်းစဖွင့်တဲ့ နှစ်တုန်းကတော့ ရှိတယ်။ ကျောင်းသားနှစ်ယောက်ပေါ့ ၁၂ နှစ် ၁၃ နှစ် အရွယ်တွေ။ အခုတော့ မသုံးစွဲတော့ဘူး။ သူတို့ ကျောင်းလာတက်ရင် စိတ်မမှန်ဘူး။ ဆရာတွေက ဆွဲခေါ်တယ်၊ ပြုပြင်တယ်။ တစ်ယောက်ကတော့ မရတော့လို့ လက်လွှတ်လိုက်ရတယ်။ ကျောင်းထွက်သွားပြီပေါ့။

Voice : ကလေးတွေပညာရေးနဲ့ ပတ်သက်ပြီး ဆရာအနေနဲ့ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
MNHA : ကလေးတွေပညာရေးအတွက် တတ်နိုင်သလောက်ကူညီသွားမယ်။ ကျောင်းမတက်နိုင်သေးတဲ့ ကလေးတွေကိုလည်း ကျောင်းတက်နိုင်အောင် ကူညီသွားမယ်။ မိဘတွေကိုလည်း နားလည်အောင် ရှင်းပြပါမယ်။ ကလေးတိုင်းလိုလို ကျောင်းတက်နိုင်အောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။  

ကျော်ဖြိုး


  • VIA