News

POST TYPE

INTERVIEW

လွှမ်းပိုင်နဲ့ တွေ့ဆုံခြင်း
22-Sep-2019


“ကျွန်တော့်ကိုယ် ကျွန်တော် မြင်တာကတော့ရုပ်က အရမ်းနုနေတယ်”

အဆိုတော်လွှမ်းပိုင်နဲ့ တွေ့ဆုံခိုက် လတ်တလော အနုပညာ လှုပ်ရှားမှုအကြောင်း၊ နောက်ထပ်ရိုက်မယ့်ဇာတ်ကားတွေအကြောင်း၊ ရုပ်ရင့်အောင်ပြုလုပ်နေတဲ့ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : လက်ရှိအနုပညာလှုပ်ရှားမှုအကြောင်းလေး ပြောပြပေးပါဦး။
HP : ဒီလထဲမှာ သီချင်းထွက်ဖို့လည်းရှိပါတယ်။ သီချင်းလေးတော့ အမြူးလေး ဖြစ်ပါမယ်။ ကျွန်တော်လည်း မလုပ်တာကြာပြီဆိုတော့လေ။ ကျွန်တော့်ပရိသတ်တွေ ကြိုက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ကလည်း ဒါကတော့ အရမ်းကောင်းတယ်၊ ဘာညာလည်း မပြောတတ်တော့လေ။ အဲလိုလျှောက်ပြောပြီး မဟုတ်ရင်လည်း အလကား အာရွှီးတယ်ဖြစ်မယ်။ 

Voice : သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေဆက်လုပ်ဖို့ရှိလဲ။
HP : နောက်လကျရင် ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ ရှိပါတယ်။ ပြီးရင် Musical ကားတစ်ကားရိုက်ဖို့လည်း ရှိပါတယ်။ အရမ်းကို မိုက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ 

Voice : သရုပ်ဆောင်တစ်ယောက်လည်း လုပ်နေပြီဆိုတော့ ဘာတွေများ အားရတာမျိုးရှိနေလဲ။ 
HP : အခုနောက်ပိုင်းတော့ ဇာတ်ရုပ်တော်တော်များများနဲ့ လိုက်ဖက်အောင် ကြိုးစားနေတယ်။ အားယူနေတယ်။ အဓိက ကျွန်တော့်ကိုယ်ကျွန်တော် မြင်တာကတော့ ရုပ်က အရမ်းနုနေတယ်။ ရုပ်က နည်းနည်းငယ်နေတယ်။ သိပ်အဆင်မပြေဘူး။ ကာရိုက်တာတိုင်းကို လိုက်လုပ်လို့မရဘူး ဖြစ်နေတယ်။ နည်းနည်းဘောင်ကျဉ်းသလို ခံစားရတယ်။ အဲဒီအတွက် ကျွန်တော် ရုပ်ရင့်အောင် လုပ်နေတယ်။ အဓိကတော့ ခန္ဓာကိုယ်ထွားအောင် ကြိုးစားနေပါတယ်။ 

Voice : လွှမ်းပိုင်က လူငယ်ကား၊ ကျောင်းသားကာရိုက်တာတွေပဲ လုပ်တာများနေတော့ ကာရိုက်တာတွေ ထပ်တာပေါ့။
HP : ဟုတ်တယ်။ ဖြစ်တာပေါ့နော်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကလည်း အကောင်က နည်းနည်းသေးတယ်ဗျာ။ အဲတော့ ဒီကာရိုက်တာတွေနဲ့ပဲ လိုက်သလို ဖြစ်နေတယ်ပေါ့နော်။ အဲဒါကြောင့် ကျွန်တော်ပြန်ပြီးတော့ ကာရိုက်တာအားလုံးနဲ့ လိုက်ဖက်ညီတဲ့ပုံစံမျိုး ဖြစ်အောင် ကျွန်တော်ကြိုးစားပြီး ပြင်ဆင်နေပါတယ်။

Voice : မင်းသားတော်တော်များများက လှသထက်လှအောင်ပဲ ပြင်ကြတာလေ။ လွှမ်းပိုင်ကျတော့ ရုပ်ရရင့်အောင် လုပ်မယ်ဆိုတော့ ...။
HP : လှတာကျတော့ ကာရိုက်တာတွေနဲ့ မလိုက်ဘူးဗျ၊။ ကျွန်တော် လှဖူးတယ်။ ဒါက စတာပါ။ ကျွန်တော်က သဘာဝဆန်တာလေးလည်း ဖြစ်ချင်လို့ပါ။ ကျွန်တော့်သီချင်းတွေကို စောင့်ပေးနေတဲ့ ပရိသတ်တွေရော ကျွန်တော့်ကားတွေကို ရုံတင်ရင် အားပေးမယ့် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်လည်း ကျွန်တော် ဆက်ကြိုးစားနေဦးမှာပါ။ 

ခင်ညိုညိုသိမ့်


  • VIA