News

POST TYPE

INTERVIEW

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွန်နှင့် တွေ့ဆုံခြင်း
15-Sep-2019


“ကျွန်တော့်အမြင်တော့ အခု တပ်မတော်ဘက်ကနေ တကယ်ပဲပြောင်းလဲချင်ပြီလို့ ယူဆပါတယ်”

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူတော်တွင် ဇူလိုင်လအတွင်းက တွေ့ဆုံခဲ့သည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွန်အား အရေးယူပေးရန် တပ်မတော်က ဩဂုတ် ၂၆ ရက်က မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့သည်။ ကချင်များအကြား ဩဇာကြီးလှသည့် ဒေါက်တာ ခလန်ဆမ်ဆွန်က မြန်မာနိုင်ငံရှိ ခရစ်ယာန်များအား မြန်မာစစ်အစိုးရက ညှဉ်းပန်းနှိပ်စက်နေကြောင်း သမ္မတထရမ့်ထံ ထုတ်ဖော်ပြောဆိုခဲ့သည်ကို တပ်ဘက်က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

သို့သော် တိုင်ကြားချက်ကို သုံးရက်အကြာတွင် တပ်ဘက်က ပြန်ရုပ်သိမ်းခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ယမန်နေ့က မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။ နှစ်နာရီနီးပါး ကြာမြင့်ခဲ့သည့် ဆွေးနွေးပွဲအတွင်း ဗိုလ်ချုပ်မှူးကြီးနှင့် KBC ဥက္ကဋ္ဌတို့အကြား ဘာသာရေးလွတ်လပ်ခွင့်၊ ပြည်တွင်းစစ် အဆုံးသတ်ရေး၊ စစ်ဘေးရှောင်များအရေး ဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံမှုအတွင်း ဆွေးနွေးချက်အချို့ကို သိရှိနိုင်ရန် Myanmar Now မှ ဒေါက်တာခလန်ဆမ်ဆွန်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်များအနက်မှ အချို့ကို ကောက်နုတ်တင်ပြလိုက်ပါသည်။

Myanmar Now : တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ခဲ့တယ်ဆိုတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆရာတော်တို့ ပြောခဲ့တာတွေကို ပြန်ပြောဖြစ်ကြသေးလား။
ဖြေ : ဗိုလ်ချုပ်မှူးကြီးကတော့ ကျွန်တော် ထရမ့်နဲ့ ပြောခဲ့တာတွေကို အစဉ်တစိုက် နားထောင်နေတယ်လို့ ပြောပါတယ်။ ဒါကြောင့်မို့လို့ တရားစွဲဖို့ သူက ညွှန်ကြားတာပေါ့နော်။ ဒါပေမဲ့ နောက်ဆုံး သူ့ဟာသူ ပြန်ပြီးတော့မှ ရုပ်သိမ်းတာဖြစ်ပါတယ်။ တခြားကြားထဲမှာ ဘာပြောခဲ့သလဲဆိုတာတွေတော့ ထပ်မေးတာ မရှိပါဘူး။
ကျွန်တော့်ဘက်ကတော့ ဖြည့်စွက်ပြီးပြောခဲ့တာတော့ ရှိတာပေါ့။ ကျွန်တော် အဲဒီလို ပြောခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော် မြန်မာပြည် ပြန်ရောက်ရင် ကျွန်တော့်အတွက် စိုးရိမ်စရာတွေ ရှိလာနိုင်တဲ့ အတွက်ကြောင့်မို့လို့ (ကန်) ဒုသမ္မတရုံးကနေ ကျွန်တော့်ကို နိုင်ငံရေးခိုလှုံခွင့် ပေးတာပေါ့။ ဒါပေမဲ့ ကျွန်တော်က ပြောခဲ့တယ်။ ကျွန်တော် မြန်မာပြည်ကိုချစ်တယ်လို့။ ကျွန်တော် မြန်မာပြည်ကို ပြန်သွားရမယ်။ ကြာကြာလည်း မနေဘူး၊ ခိုလှုံခွင့်လည်းမယူဘူး။ ကျွန်တော် အပြုသဘောနဲ့ ပြောတယ်။ ကျွန်တော်မုန်းတီးလို့ ပြောတာမဟုတ်ဘူးဆိုတဲ့ အကြောင်းတွေ ပြောပြပြီးမှ တရားရုံးမှာ ရင်ဆိုင်ရရင်လည်း ရင်ဆိုင်ဖို့ ကျွန်တော်လာခြင်း ဖြစ်တယ်လို့ ပြောခဲ့တဲ့အကြောင်းကို ဗိုလ်ချုပ်မှူးကြီးကိုလည်း ကျွန်တော်ပြောပြပါတယ်။ တော်တော်များများ ပြောဖြစ်ပါတယ်။

Myanmar Now : ဆရာတော်ကနေတစ်ဆင့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို ဗိုလ်ချုပ်မှူးကြီးက ပြောစေချင်တာမျိုးရှိလား။
ဖြေ : ဗိုလ်ချုပ်မှူးကြီးက အဲဒါမျိုးပါးလိုက်တာတော့ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ပြောတာရှိတယ်။ ဒီလို အမှုရုပ်သိမ်းပေးတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတကာနဲ့ ကမ္ဘာ့ခရစ်ယာန်အသင်းတော်ကောင်စီ၊ အသင်းတော်တွေ၊ ခရစ်ယာန်တွေက ကြိုဆိုတဲ့အကြောင်း၊ တပ်မတော်ရဲ့ ပြောင်းလဲမှုတစ်ခုကို မြင်တဲ့ တွေ့တဲ့ အကြောင်းအရာတွေ ရှိတယ်ဆိုတာတော့ ကျွန်တော်ပြောခဲ့တယ်။

Myanmar Now : အမှုရုပ်သိမ်းပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးက ဘာပြောလဲခင်ဗျ။
ဖြေ : အဲဒါက သူ့ရဲ့အစီအစဉ်ပေါ့။ သူ့ဆုံးဖြတ်ချက်မှာ နိုင်ငံတကာရဲ့ ဖိအားတွေလည်း မရှိပါဘူး။ သူ့အလို အလျောက်ပေါ့။ သူလည်း ဒီလိုတရားစွဲတာကတော့ မသင့်တော်ဘူးဆိုပြီး ဆုံးဖြတ်လိုက်လို့ သူရုပ်သိမ်းခိုင်းတယ်လို့ ပြောပါတယ်။

Myanmar Now : ဘာသာရေး လွတ်လပ်ခွင့်တွေနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေပြောဖြစ်ကြသေးလဲ။
ဖြေ : “ဘာသာရေးနဲ့ပတ်သက်လို့တော့ ခွဲခြားလိုတဲ့စိတ် ကျွန်တော့်ဆီမှာ မရှိပါဘူး”လို့ သူက ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဘာသာရေးလွတ်လပ်မှုပိုင်းမှာ အဓိပ္ပာယ်ဖွင့်ဆိုတာတွေ ကွဲလွဲနိုင်တယ်ဆိုတာတွေ ဖော်ပြပါတယ်။
သာသနာပိုင်မြေတွေကို အရင်တုန်းက အစိုးရတွေ သိမ်းတာ၊ အဲဒါ တပ်နဲ့တော့မဆိုင်ပါဘူး။ ဒါပေမဲ့ သိမ်းခဲ့တာတွေ ရှိခဲ့တာပေါ့။ ဒါတွေအပေါ်မှာပြောတာ ဖြစ်ပါတယ်ဆိုတာကို ကျွန်တော်လည်း ရှင်းပြခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရ တက်ကတည်းက အဲဒါမျိုးတွေရှိခဲ့တဲ့အပေါ်မှာ အစွဲအလမ်းရှိလို့ ပြောတာလည်း ဖြစ်ပါတယ်ဆိုတာကို ကျွန်တော် ရှင်းပြတာပေါ့။
နောက် တိုက်ပွဲမှာ ဘုရားကျောင်းတွေ ပျက်စီးသွားတာတို့တော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ တမင်သက်သက် အဲဒါမျိုး တပ်မတော်ကနေ လုပ်တာဆိုရင် ထိရောက်စွာ အရေးယူမယ်လို့လည်း သူက ပြောပါတယ်။

Myanmar Now : စစ်ရှောင်တွေအရေးရော ပြောဖြစ်ကြသေးလား။
ဖြေ : ပြောပါတယ်။ အဲဒါတော့ အဓိကပေါ့။ ဗိုလ်ချုပ်မှူးကြီးရဲ့ ၂၀၂၀ ငြိမ်းချမ်းရေးပန်းတိုင်ကတော့ ကျွန်တော်တို့ ကချင်နဲ့တော့ စစ်ရှောင်တွေ ဆောလျင်စွာ ပြန်နိုင်ရေးကတော့ အဓိက ဖြစ်တယ်ဆိုတာ ကျွန်တော်ပြောတယ်။ အဲဒီလိုပြန်နိုင်ဖို့ကလည်း ဒီဘက်က နည်းနည်းပြန်လိုက်၊ ဟိုဘက်က နည်းနည်းပြန်လိုက် ဆိုတာမျိုး မဟုတ်ဘဲနဲ့ Bilateral (နှစ်ဖက်အပစ်ရပ် စာချုပ်) ထိုးပြီးမှ အားလုံးပြန်နိုင်ရေးကိုလုပ်ရင်တော့ အမြန်ဆုံးငြိမ်းချမ်းနိုင်တဲ့ ခြေလှမ်းလို့ တင်ပြခဲ့ပါတယ်။

Myanmar Now : တပ်ဘက်ကရော စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် အစီအစဉ်တွေ ရှိနေပြီလား။ 
ဖြေ : သူတို့ကတော့ နေရပ်အမြန်ပြန်ရေးကိုပဲ ပြောတယ်။ နေရပ်ပြန်ရေးက တပ်ပိုင်းကိစ္စတွေလည်း ဆွေးနွေးရဖို့ အများကြီးရှိတယ်လေ။ ဆိုတော့ အဲဒီအပိုင်းကိုလည်း သူတို့က စဉ်းစားပေးဖို့ လိုတာပေါ့။ ကျွန်တော်က ပြောတာပေါ့ ဒီလိုမျိုး ကျွန်တော်ရဲ့အမှုကို ရုပ်သိမ်းပေးတယ်ဆိုတာ တပ်မတော်ရဲ့အဓိကပြောင်းလဲမှုလို့ ကမ္ဘာက သိမြင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ဆက်လက်ပြီးလည်း ငြိမ်းချမ်းရေးအတွက် တပ်မတော်က အစ်ကိုကြီးအနေနဲ့ လျှော့ဖို့ သည်းခံဖို့တော့ လိုတယ်ဆိုတာတော့ ကျွန်တော်တင်ပြခဲ့ပါတယ်။
ကျိုင်းတုံမှာ လုပ်မယ့် ဆွေးနွေးပွဲမှာလည်း တပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်ဆိုတော့ အဖြေကောင်းတစ်ခုခုတော့ ထွက်လာနိုင်ပါတယ်။ (စက်တင်ဘာ ၁၇ တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ အစိုးရနှင့် တပ်ကိုယ်စားလှယ်များ၊ ကချင်လက်နက် ကိုင်တပ်ဖွဲ့ (KIA)၊ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA)၊ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) တို့အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် ဆွေးနွေးကြမည်)

Myanmar Now : ဆွေးနွေးကြတဲ့အခါ ပွင့်ပွင့် လင်းလင်းဆွေးနွေးနိုင်လား၊ ဆက်ဆံရေးအခြေအနေက ဘယ်လိုရှိလဲ။
ဖြေ : ရင်းရင်းနှီးနှီး ဆက်ဆံပါတယ်။ ကျွန်တော်ကလည်း ပွင့်ပွင့်လင်းလင်းပါပဲ။ မျိုသိပ်ထားတာတွေ ဘာတွေ မရှိပါဘူး။ ကျွန်တော်လည်း ပွင့်ပွင့်လင်းလင်းနဲ့ ငြိမ်းချမ်းရေးကို နှစ်ကြာပြီဖြစ်တဲ့အတွက်ကြောင့် မို့လို့ အမြန်အဆုံးသတ်ဖို့ လိုတယ်ဆိုတာမျိုးတွေကို ရင်းရင်းနှီးနှီးပဲ ပြောခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ တပ်မတော်ပိုင်းကနေ သည်းခံခြင်းတော့ များများလိုတာပေါ့။ သူ့ဘက်ကိုယ့်ဘက် အလျှော့အတင်းတော့ ရှိဖို့လိုတယ်ဆိုတာတွေလည်း ကျွန်တော် ထည့်ပြောခဲ့ပါတယ်။

Myanmar Now : ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့သဘောထားကိုရော ပြောပြသေးလား။
ဖြေ : သူကတော့ တပ်မတော်မူ ၆ ချက်ကို ပြောပါတယ်။ တပ်မတော်မူ ၆ ချက်ဆိုတာမှာလည်း သူက တစ်ဖက်စွန်းရောက်တဲ့သူ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါကြောင့်မို့လို့ ညှိနှိုင်းလို့ရတယ်လို့လည်း ပြောပါတယ်။
ငြိမ်းချမ်းရေးအတွက် အစီအစဉ်တွေ ချပြတာမျိုးတော့ မရှိပါဘူး။ အဓိကကတော့ IDPs (စစ်ရှောင်) တွေ နေရပ်ပြန်နိုင်ရေးကတော့ လုပ်နိုင်ပြီဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအရေးအတွက်ပေါ့ တစ်ဆင့်တက်နိုင်တဲ့ ခြေလှမ်းဖြစ်မှာပါ။ ကျွန်တော်တို့လည်း အဲဒီလိုပဲ ခံယူပါတယ်။

Myanmar Now မနေ့က တွေ့ဆုံမှုအရ ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထားတွေအပေါ် ဘယ်လိုမြင်လဲခင်ဗျ။
ဖြေ : ကျွန်တော့်အမြင်တော့ အခု တပ်မတော်ဘက်ကနေ တကယ်ပဲပြောင်းလဲချင်ပြီလို့ ယူဆပါတယ်။ တကယ်ပဲ လှိုက်လှိုက်လှဲလှဲနဲ့ ငြိမ်းချမ်းရေးကို ဖော်ညွှန်းနေတာပေါ့။ ဆိုတော့ ကျွန်တော့်အမြင်ကတော့ သူက တကယ်ပဲ လိုလိုလားလား ပြောနေတယ်ဆိုတာတော့ စိတ်ထဲမှာ ခံစားမိပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ကိုယ့်ဘက်ချည်းပဲလိုချင်တာကို ဖော်ဆောင်ဖို့ဆိုရင် ငြိမ်းချမ်းရေးတော့ မဖြစ်နိုင်ဘူးလေ။ နှစ်ဖက်ညှိနှိုင်းရမယ်။ နှစ်ဖက်လုံးကလည်း လျှော့ဖို့လိုတာပေါ့။ ကျွန်တော်တို့ ကချင်ဘက်ကဆိုရင် KIA ကလည်း လျှော့ဖို့လိုသလို အခြားလက်နက်ကိုင်တိုင်းရင်းသားတွေဘက်ကလည်း ကိုယ့်ဘက်ကလျှော့ဖို့ လိုတယ်။ အထူးသဖြင့်တော့ တပ်မတော်က အစ်ကိုကြီးဆိုတဲ့အတိုင်း သူကပိုပြီး လျှော့ရမှာပေါ့။ အဲဒါဆိုရင် ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးက လွယ်တယ်လို့ထင်တာပဲ ကျွန်တော့်အမြင်ပါ။ ဒါပေမဲ့ နှစ်ဖက်လုံးက ခက်အောင်ပြန်လုပ်နေသလိုပဲ၊ နေရာရွေးတဲ့ကိစ္စတွေ၊ ရက်ရွေးတဲ့ကိစ္စတွေမှာပဲ ကြန့်ကြာနေတာကတော့ဗျာ ဝမ်းနည်းစရာပဲ။

Myanmar Now : ဗိုလ်ချုပ်မှူးကြီးက သူပေးထားတဲ့ ကတိအတိုင်း ၂၀၂၀ မှာ ငြိမ်းချမ်းရေးယူပေးမယ် ဆိုတာကို ဘယ်လိုထင်လဲ။ သူ တကယ်လုပ်နိုင်မယ်ထင်လား။ 
ဖြေ : ကျွန်တော်ပြောပါတယ်။ ကျွန်တော်တို့ပြည်နယ်တွေ ကိစ္စတွေလည်း ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ဘယ်သူမှ ထောက်ခံတဲ့သူ မရှိဘူးဆိုတဲ့ အကြောင်းတွေ။ တိုင်းရင်းသားတွေကလည်း ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ပြောနေတာ မဟုတ်ပါဘူးဆိုတဲ့ အကြောင်း တွေ။ အဲဒါကြောင့်မို့ ကျွန်တော့်အမြင်တော့ တကယ်ပဲ ဗိုလ်ချုပ်မှူးကြီးက လိုလိုလားလားနဲ့ တပ်မတော်က နေ ညှိနှိုင်းပြီးမှ ပြည်သူနဲ့ လက်တွဲသွားမယ်ဆိုရင်၊ ပြည်သူရဲ့ ယုံကြည်မှုကို ရရှိသွားမယ်ဆိုရင်တော့ အများကြီးဖြစ်နိုင်ပါတယ်။

Myanmar Now ဖြည့်စွက်ပြီး ပြောကြားချင်တာများ ရှိသေးလားခင်ဗျ။
ဖြေ : ကျွန်တော်တို့ မြန်မာပြည်မှာတော့ အမုန်း အာဃာတတွေက တော်တော်အမြစ်စွဲနေပြီ။ တစ်ယောက်အပေါ်တစ်ယောက် ထင်မြင်ယူဆပြီးမှ စွပ်စွဲမှုတွေက ပိုများတယ်။ အဲဒါတွေကိုလည်း နားလည်မှုရှိအောင် တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံတာမျိုး များများတော့ လိုအပ်မယ်ထင်တယ်။ ခေါင်းဆောင်ပိုင်းလည်း ခေါင်းဆောင်ပိုင်းအလျောက် လုပ်ပြီးမှ အောက်ပိုင်းကို မသိတဲ့ကိစ္စတွေလည်း အများကြီးရှိတယ်။ ထို့နည်းတူ အောက်ပိုင်းက၊ အခြေခံပိုင်းက လူတွေလည်း တကယ့်အခြေအနေမှန်ကို ဟိုးအပေါ်ရောက်အောင် မတင်ပြတာတွေလည်း အများကြီးရှိတယ်။ ဒီကြားထဲမှာ မြန်မာပြည်ရဲ့ အကျင့်ပျက်ခြစားမှုက စိုးရိမ်အမှတ်ထက်တောင် ကျော်လွန်နေတာပေါ့နော်။ ဒါက တော်လှန်ရေးကောင်စီခေတ်ကတည်းက ဆိုးကျိုးတွေပေါ့။ ဆိုတော့ အခုလို ပွင့်လင်းမြင်သာစွာနဲ့ ပြုပြင် ပြောင်းလဲရေး မေတ္တာအခြေခံပြီးမှ၊ ကျွန်တော်တို့ ပြောချင်တာကို တည့်ပြောပြီးမှ ဆွေးနွေးသွားမယ့်လမ်းပေါ်မှာ ရောက်ရင်တော့ ဖြစ်နိုင်ပါတယ်ဆိုတာကို ဖြည့်စွက်ပြောချင်ပါတယ်။

အောင်ငြိမ်းချမ်း/Myanmar Now



  • VIA