News

POST TYPE

INTERVIEW

နန်းစုရတီစိုးနဲ့ တွေ့ဆုံခြင်း
12-Sep-2019
“နာကျင်စရာတွေ ခွင့်မလွှတ်နိုင်တဲ့အရာတွေ တွေးတိုင်းမှာ ပြန်ပြန်ပေါ်နေတယ်”



အဆိုတော်သရုပ်ဆောင် နန်းစုရတီစိုးနဲ့တွေ့ဆုံခိုက် မွေးနေ့မှာ Fan တွေနဲ့ တွေ့ဆုံမယ့်အကြောင်း၊ ဖက်ရှင်အကြောင်းနဲ့ အချစ်ရေးအကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : ဒီလထဲမှာ မွေးနေ့လည်းရှိတော့ ဘာတွေလုပ်ဖို့ရှိလဲ။ We Love Fan တွေနဲ့ တွေ့ဖို့ရောရှိလား။ 
NSYTS : Fan တွေနဲ့က မတွေ့ဖြစ်ကြဘူး။ FanMeeting လိုမျိုး မတွေ့ဖြစ်ဘူး။ တခြားပွဲတွေမှာဆို လာတွေ့ကြပါတယ်။ Fan Meeting လုပ်ပြီး မတွေ့ဖြစ်တာ နှစ်နဲ့ချီပြီး ကြာနေပြီ။ ဒီနှစ်မှာတော့ ထူးထူးခြားခြား Fan Meeting လုပ်ဖြစ်သွားတယ်။ ပရိသတ်တွေနဲ့ တွေ့ရမယ်။ အရမ်းရင်ခုန်ပါတယ်။ ပရိသတ်က အများကြီးတော့မဟုတ်ပါဘူး။ နန်းစုရဲ့ အိမ်ကို ဖိတ်မှာပါ။ အိမ်မှာ အလည်ခေါ်ပြီးတော့ အိမ်မှာ ဟင်းအတူတူချက်စားမယ်။ နန်းစု Live လွှင့်ပြီး ပြောနေချိန်မှာ အရင်ဆုံးစာရင်းလာပေးတဲ့သူ အယောက်သုံးဆယ်၊ လေးဆယ်ကို နန်းစုခေါ်လို့ရသွားပါတယ်။ ခြံထဲမှာလုပ်မှာဆိုတော့ နည်းနည်း Limit ဖြစ်သွားတယ်ပေါ့နော်။ တကယ်တော့ ပရိသတ်အများကြီးနဲ့ တွေ့ချင်တယ်။ နောက်နှစ်တွေကျရင်တော့ အများကြီးနဲ့ အစုံတွေ့ရအောင် နန်းစုကြိုးစားပါမယ်။ ဟင်းချက်တာကတော့ နန်းစုက ဝါသနာပါတယ်။ တစ်ချိန်လုံးချက်နေတာကို သူတို့တွေ့ မြင်တယ်။ ဟင်းချက်ပြီးရင် My Day မှာ တင်တယ်။ သဘောကျပြီးတော့ ချက်ကျွေး ပါဆိုပြီးတော့ လာလာပြောနေလို့ ချက်ကျွေးမှာပါ။ အမည်တွေတော့ မစဉ်းစားရသေးဘူး။ အသုပ်စုံတော့ လုပ်ကျွေးပါ ပြောကြတဲ့သူများနေတယ်။ အဲဒါလေးကို အဓိကလုပ်ပေးဖြစ်မယ်ထင်တယ်။ 

Voice : ပရိသတ်ကို ဘာလို့ အိမ်လည်ခေါ်ဖြစ်တာလဲ။ 
NSYTS : ပရိသတ်တွေက အိမ်ကို အရမ်းလာလည်ချင်တယ် ပြောကြတယ်။ သူတို့ကိုလည်း လာစေချင်တယ်။ အဲအတွက်ကြောင့် ခေါ်လိုက်တဲ့သဘောပါပဲရှင့်။ 

Voice : လက်ရှိ အချစ်ရေးလေးကရော။
NSYTS : ဘာမှတော့ ပြောလို့မရသေးပါဘူ။ အခုချိန်မှာတော့ ထိလွယ်ရှလွယ်တဲ့ အခြေအနေမျိုးပါ။ ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားမျိုးပေါ့။ 

Voice : ဒါဆို အခြေအနေက တင်းမာနေတာလား။
NSYTS : ဒါကတော့ ပြန်တွေးတိုင်းမှာ စိတ်ညစ်စရာ၊ ဒေါသထွက်စရာ၊ မခံနိုင်တဲ့ဟာတွေ၊ နာကျင်စရာတွေ၊ ခွင့်မလွှတ်နိုင်တဲ့အရာတွေ တွေးတိုင်းမှာ ပြန်ပြန်ပေါ်နေတယ်။ ဒေါသထွက်ပြီး ဝုန်းဒိုင်းကြဲပြီး လုပ်တဲ့အခါကျရင် သူ့အမှား ကိုယ့်အလွန်ဆိုတဲ့ကိစ္စတွေလည်း မဖြစ်ချင်တော့ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ အဲဒါကြောင့်မို့ ကိုယ်ကလည်း အခုချိန်မှာတော့ ခေါင်းအေးအေးလေးနဲ့ သွေးအေးအေး စဉ်းစားပြီးတော့ ဒီကိစ္စကို ဘယ်လိုမျိုး စဉ်းစားဆုံးဖြတ်မလဲပေါ့။ အေးအေးလေးနဲ့ စဉ်းစားနေတဲ့ အနေအထားမှာပဲ ရှိနေပါတယ်။ 

Voice : လက်ရှိကြိုက်ဖြစ်နေတဲ့ ဖက်ရှင်အကြောင်းလေး ပြောပြပေးပါဦး။ နန်းစုဖက်ရှင်ဆိုလည်း ကြိုက်ကြတယ်လေ။
NSYTS : နန်းစုကတော့ လုပ်တဲ့အလုပ်ပေါ်မှာပဲ လိုက်ဖက်အောင် ကိုယ့်ဘာသာကိုယ်လုပ်တယ်။ ကျွမ်းကျင်အဆင့်မျိုးတော့ မဟုတ်ဘူး။ ကိုယ်ကြိုက်တဲ့ဟာလေးတွေရယ်၊ လိုက်ဖက်မယ်ထင်တဲ့ဟာလေးတွေရယ် ခေတ်နဲ့အညီပေါ့။ ဆန်းသစ်မယ်ထင်တဲ့ဟာလေးတွေ ပေါင်းစပ်လိုက်တာပါ။ အဲဒါနဲ့ ဖက်ရှင်တစ်ခုဖြစ်သွားတာပါ။ နန်းစုရဲ့ ဖက်ရှင်တွေကိုသဘောကျတယ်ဆိုတော့ တကယ်ကျေးဇူးတင်ပါတယ်။ တစ်ခါတလေ အလွဲတွေလည်း ရှိမှာပါ။

ခင်ညိုညိုသိမ့်