News

POST TYPE

INTERVIEW

နေတိုးနဲ့ တွေ့ဆုံခြင်း
11-Sep-2019
“အမေ့ရဲ့ အားပေးမှုက မျက်နှာပေါ်မှာပဲမြင်တယ်ဆိုတော့ စကားလုံးအရ ပြောဖို့တော့ နည်းနည်းတော့ ခဲယဉ်းပါတယ်”



နာမည်ကျော်သရုပ်ဆောင် နေတိုးနဲ့ တွေ့ဆုံခိုက် မွေးနေ့မှာ ကိုလူချောအဖွဲ့ (လူကြမ်း) တွေကို လှူဒါန်းဖြစ်တဲ့အကြောင်း၊ အမေဖြစ်သူပေါ် ထားတဲ့စိတ်အကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : မွေးနေ့အလှူလေး လုပ်ဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါဦး။
NT : ရုပ်ရှင်အစည်းအရုံးမှာ ကိုလူချောအဖွဲ့ကို လှူဒါန်းတာပါ။ ဒီနှစ်က We Love အဖွဲ့ပရိသတ်တွေနဲ့ အတူလုပ်ဖြစ်တာပါ။ အသက်ကတော့ ၃၈ နှစ်ပြည့်တာပါ။ ကျွန်တော်ကတော့ မွေးနေ့ကို အလှူအတန်းလုပ်ပြီးတော့ပဲ ဖြတ်သန်းဖြစ်ပါတယ်။ နယ်မှာရှိတဲ့အချိန်မျိုးဆိုရင် တခြားနယ်မှာ လိုအပ်ချက်ရှိနေတဲ့နေရာတွေကို လှူဒါန်းဖြစ်တယ်။ ဒီနှစ်က ရန်ကုန်မှာလည်းရှိနေတော့ ပရိသတ်တွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ဖြစ်တာပါ။ 

Voice : အသက်တစ်နှစ်ကြီးသွားတိုင်း ကိုယ့်ကိုယ်ကိုယ် ဘာတွေပြန်သုံးသပ်မိလဲ။
NT : ကိုယ်က အသက်တစ်နှစ်ကြီးသွားလို့ ရင့်ကျက်ရမယ်ဆိုတဲ့ အသိမျိုးလည်းမဟုတ်ဘူး။ ကိုယ်တွေဖြတ်သန်းနေတဲ့အချိန်မှာ ဘဝတစ်ခုလုံးမှာ တည်ငြိမ်နိုင်အောင်၊ ရင့်ကျက်နိုင်အောင် အမြဲတမ်းတော့ ကြိုးစားနေတယ်ပေါ့နော်။ မွေးနေ့တိုင်း မွေးနေ့တိုင်းကတော့ အသက်က ကြီးနေမှာပဲဆိုတော့ အဓိကတော့ အသက်အရွယ်ဆိုတာကို မေ့ထားပြီး ကိုယ်လုပ်ရမယ့်ကျန်နေသေးတဲ့ နေရာတွေ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်အနုပညာအတွက်ကို အဓိက ဦးစားပေးပြီးတော့ ဘာတွေ ကိုယ်လုပ်လို့ရသေးလဲဆိုတဲ့ အတွေးလေးနဲ့ပဲ ဘဝကို ရှေ့ဆက်ဖြစ်ပါတယ်ခင်ဗျ။

Voice : ကိုယ့်ကိုမွေးဖွားပေးခဲ့တဲ့ အမေ့ကိုရော ဘာတွေ ထပ်ပေးချင်တာမျိုးရှိလဲ။
NT : မွေးနေ့ရယ်မှမဟုတ်ဘူး။ အမေနဲ့ကျွန်တော့်ကြားမှာ နေ့စဉ်နေတိုင်းကတော့ အမှတ်တရပါပဲ။ အမေနဲ့ကျွန်တော်နဲ့ကလည်း အမြဲတမ်းအနီးကပ်ရှိနေတယ်။ ကျွန်တော့်အနုပညာလှုပ်ရှားမှု သွားလာခဲ့တဲ့ဘဝတစ်ခု တစ်လျှောက်လုံးမှာလည်း အမြဲတမ်းရှိနေတယ်။ ကျွန်တော့်အတွက်တော့ သတ်သတ်ကြီး အမေ့ဆီကနေ မွေးနေ့လက်ဆောင် ယူစရာမလို၊ ပေးစရာမလိုတော့တဲ့ တန်ဖိုးတစ်ခုပါ။ အမေ့ကိုလည်း ကန်တော့ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ 

Voice : ကိုနေတိုးကတော့ အမေ့အတွက် ဘယ်လိုသားမျိုးဖြစ်မလဲ။
NT : ကိုယ့်ဘာသာပြန်ပြီး စဉ်းစားကြည့်ရမယ်ဆိုရင် အဓိကတော့ ဒီအနုပညာကို ကျွန်တော်က မျိုးရိုးမရှိဘဲနဲ့ လုပ်လာရတာဆိုတော့ မိဘရဲ့တွန်းအားပေါ့။ မိဘရဲ့ တွန်းအားတွေ ပြီးတော့မှ ကျွန်တော်တို့ ပရိသတ်ရဲ့ လက်ခံအားပေးမှု ပါတယ်ဆိုတော့ ဒီနှစ်ခုနဲ့ပဲ ကျွန်တော့်ဘဝကို ရပ်တည်နေတယ်လို့ပြောလို့ရတယ်။ ကိုယ့်ရဲ့ မိဘအသိုင်းအဝိုင်း၊ ဆွေမျိုး ပရိသတ်တွေအတွက်ကို အဓိက ဦးစားပေးပြီးတော့ ကျွန်တော် အကောင်းဆုံးဖြစ်အောင် တည်ဆောက်သွားမှာပါ။ အမေ့ရဲ့အားပေးမှုက မျက်နှာပေါ်မှာပဲ မြင်တယ်ဆိုတော့ စကားလုံးအရ ပြောဖို့တော့ နည်းနည်းတော့ ခဲယဉ်းပါတယ်။ 
 
ခင်ညိုညိုသိမ့်