News

POST TYPE

INTERVIEW

ဒေါက်တာမိုးအောင်ကျော်နိုင်နှင့် တွေ့ဆုံခြင်း
11-Sep-2019
ဆီးလမ်းကြောင်းပိုးဝင်ခြင်း

“ဆီးလမ်းကြောင်းပြင်ပက ပိုးတွေက ဆီးလမ်းကြောင်းက တက်လာပြီး ဆီးအိမ်ထဲရောက်ရှိတယ်။ ဒါတွေက ပွားလာပြီး ဆီးပိုးဝင်တဲ့လက္ခဏာတွေ ပေါ်တတ်တယ်”



ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များသည့်ရောဂါတစ်ခုဖြစ်ကြောင်း သိရသည်။ ထို့အတူ ဆီးချိုထိန်းသိမ်းမှု နည်းသည့်သူများ၊ သွေးထဲတွင် ဆီးချိုပမာဏများသည့်သူများတွင် ဆီးပိုးဝင်သည့် အခြေအနေပိုများနိုင်သည်။ ထို့ကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာအချက်များကို အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်နှင့် The Voice Daily က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာကို ရှင်းပြပေးပါဦး ဆရာ။
Dr.MAKN : ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာ ၂ မျိုးရှိတယ်။ တစ်ခုက နေ့စဉ်ကြုံတွေ့နေရတဲ့ ဆီးလမ်းကြောင်း ပိုးဝင်ပြီး ဆီးအိမ်ရောင်ရမ်းတဲ့လက္ခဏာ ရှိတဲ့သူတွေနဲ့ နောက်တစ်ခုက လက္ခဏာမရှိဘဲ ဆီးစစ်လိုက်လို့ ဆီးထဲမှာ ပိုးပမာဏများနေရင် လက္ခဏာမရှိပေမယ့်လည်း ဆီးပိုးဝင်တယ်လို့ သတ်မှတ်တာရှိတယ်။ ဆီးထဲမှာပါတဲ့ ဗက်တီးရီးယားပမာဏကို မူတည်ပြီး ဆီးပိုးဝင်တယ်လို့သတ်မှတ်တဲ့အခါမှာ ဆီးဘူးထဲပေါက်ပြီး ထည့်တာက အရေးကြီးတယ်။ ဆီးနမူနာယူတဲ့အခါ ဓာတ်ခွဲခန်းကပေးလိုက်တဲ့ ဘူးထဲကို တစ်ခါတည်းပေါက်ထည့်ရမယ်။ ဥပမာ - တခြား ဘူးထဲပေါက်ပြီးမှ အဲဒီကနေ စစ်မယ့်ဘူးထဲ ပြောင်းထည့်မယ်ဆိုရင် အဲဒီဘူးထဲမှာ ဗက်တီးရီးယားတွေ ပါလာနိုင်တဲ့အတွက် မှားယွင်းမှုတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ဆီးနမူနာယူတဲ့အခါမှာ ဆီးကို အရင်သွားလိုက်မယ်၊ ခဏရပ်ပြီး နောက်တစ်ခါထပ်ပေါက်မယ့် ဆီးကို စစ်ဖို့ပေးလိုက်တဲ့ဘူးထဲ တစ်ခါတည်း ပေါက်ခြင်းနဲ့သာ ဆီးမှာပါတဲ့ ပိုးကောင်ရေပမာဏကို တိတိကျကျဖော်ပြနိုင်တယ်။

Voice : ၂ မျိုးစလုံးက ကုသလိုက်ရင် လုံးဝ ပျောက်ကင်းနိုင်တာမျိုးလား၊ ခဏခဏပြန်ဖြစ်နိုင်ပါသလား။
Dr.MAKN : ခဏခဏပြန်ဖြစ်နိုင်သလားဆိုတော့ အမျိုးသားနဲ့ အမျိုးသမီးဆိုရင် အမျိုးသမီးတွေက ဆီးလမ်းကြောင်းပိုးဝင်တာ ပိုဖြစ်တယ်။ သူတို့က ဆီး လမ်းကြောင်းတိုလို့ပါ။ ဆီးလမ်းကြောင်းအဝနဲ့ ဆီးအိမ်ရောက်ဖို့ လမ်းကြောင်းပမာဏတိုတယ်။ အကြောင်း အမျိုးမျိုးနဲ့ ဆီးလမ်းကြောင်းပြင်ပက ပိုးတွေက ဆီးလမ်းကြောင်းက တက်လာပြီး ဆီးအိမ်ထဲရောက်ရှိတယ်။ ဒါတွေက ပွားလာပြီး ဆီးပိုးဝင်တဲ့လက္ခဏာတွေ ပေါ်တတ်တယ်။ ဒီလိုရောက်လာတဲ့ ပိုးတွေကို ကြည့်လိုက်တဲ့အခါမှာ ဆီးပိုးဆိုတာ ကိုယ့်ရဲ့ခန္ဓာကိုယ် အတွင်းဘက်ကနေ ဆီးအိမ်ထဲရောက်လာတာ မျိုးမဟုတ်ဘဲ ဆီးလမ်းကြောင်း ပြင်ပကနေရောက်လာ တာ။ ဥပမာဆိုရင် ကိုယ့်ရဲ့ဝမ်းထဲမှာ ပါလာတဲ့ ပိုးတွေ စအိုဝမှာရှိနေတဲ့ ပိုးတွေက ဆီးလမ်းကြောင်းကနေ တက်ပြီး ဆီးအိမ်ထဲရောက်တဲ့အခါမှာ ဆီးပိုးဝင်တဲ့ လက္ခဏာတွေတွေ့တယ်။ ဒါကြောင့် ဆီးလမ်းကြောင်းတိုတဲ့ အမျိုးသမီးတွေက ဆီးလမ်းကြောင်းရှည်တဲ့ အမျိုးသားတွေထက် ဆီးပိုးဝင်တာ အတွေ့များတယ်။ အမျိုးသမီးတစ်ယောက်က ဘဝသက်တမ်းတစ်လျှောက်မှာ တစ်ကြိမ်မှာတော့ ဆီးလမ်းကြောင်းထဲ ပိုးဝင်ဖူးတယ်လို့ ပြောနိုင်တယ်။

Voice : ဒီရောဂါရဲ့ လက္ခဏာတွေအနေနဲ့ကရော ဆရာ။
Dr.MAKN : ဆီးလမ်းကြောင်းထဲပိုးဝင်ပြီးတော့ ဆီးအိမ်ထဲပိုးတွေ ပွားများလာတဲ့အခါမှာ ဆီးလမ်းကြောင်း နံရံတွေက ရောင်တယ်။ အဲဒီအခါ ဆီးဖြတ်သွားတဲ့ ကျဉ်ကြောင်းတစ်လျှောက်မှာ ပူတာ၊ ကျဉ်တာ၊ စပ်တာ၊ အောင့်တာတွေ ဖြစ်တတ်တယ်။ ဆီးအိမ်ပါရောင်ပြီ ဆိုရင်တော့ ဆီးသွားပြီး အဆုံးလေးမှာ ဆီးအိမ်ညှစ် လိုက်တဲ့အချိန်မှာ စုပ်ဆွဲထားသလို ဆီးခုံကနေ အောင့်တယ်လို့ ပြောတတ်ကြတယ်။ တချို့လူတွေကျတော့ ဆီးပူတာသိပ်မများဘဲ ဆီးခုံနံရံရောင်တဲ့အတွက် ဆီးကို ပမာဏနည်းနည်းနဲ့ ဆီးခဏခဏသွားချင်တယ်။ ဆီးသွားပြီးပေမယ့်လည်း မဝဘဲ သွားချင်တယ်။ သွားလိုက်ရင်လည်း နည်းနည်းပဲထွက်တယ်။ ဆီးအိမ်နံရံတွေ ရောင်နေတဲ့အခါကျတော့ ဆီးနဲ့ ရောင်နေတဲ့ နေရာထိတဲ့အခါ ဆီးပမာဏနည်းနည်းနဲ့ ဆီးသွားချင်တာ အဆက်မပြတ်ဖြစ်နေတတ်တယ်။

Voice : ဟုတ်ကဲ့။ တခြားဘယ်လိုရောဂါတွေနဲ့ ဆက်စပ်ဖြစ်နိုင်ပါလဲ။ ဆီးချိုရောဂါဆိုရင် ဆီးခဏခဏ သွားချင်တဲ့ အခြေအနေတွေလည်း ရှိတော့လေဆရာ။
Dr.MAKN : ဆီးချိုနဲ့ ပတ်သက်ပြီးပြောရရင် ဆီးအကြိမ်ရေ ခဏခဏသွားတယ်ဆိုပြီး လာတဲ့သူတွေရှိ တယ်။ အဲဒါဆိုရင် ဆရာက ၂ မျိုးခွဲခြားပြောတယ်။ ဆီးခဏခဏသွားတာ ဟုတ်ပြီ၊ ရောဂါမှန်းဆဖို့အတွက် ဆီးနည်းနည်းကို အကြိမ်များများသွားရင် ဆီးလမ်းကြောင်းထဲ ပိုးဝင်တာ ဖြစ်ဖို့များတယ်။ အသက်ကြီးတဲ့ အမျိုးသားတွေမှာဆိုရင် ဆီးကျိတ် ကြီးတာ ဖြစ်ဖို့များတယ်။ နောက်ပြီး ဆီးသွားတဲ့ ပမာဏများတယ်၊ တစ်ခါသွားလောက်ကို အကြိမ်များများသွားနေပြီဆိုရင် ဆီးချိုရောဂါဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် ရေသောက်တာ များတာ၊ ရာသီဥတု အေးတာကြောင့် ဖြစ်မယ်ဆိုပြီး ပြန်ခွဲလိုက်တာ ရှိတယ်။ ဆီးချိုတွေတအားများနေတယ်။ ၄၀၀၊ ၅၀၀ လောက်ဖြစ်တယ်ဆိုရင် ဆီးတွေ ခဏခဏသွားတယ်။ ဒီတော့ အာခြောက်ပြီးရေပြန်သောက်ရတယ်။ ဆီးခဏခဏသွားတဲ့ လက္ခဏာချင်းတူပေမယ့် ဆီးပိုးဝင်တဲ့ သူတွေမှာ တစ်ခါသွား ဆီးပမာဏနည်းပြီးတော့ ဆီးချိုသမားတွေ တစ်ခါသွား ဆီးပမဏကတော့ များတယ်လို့ အကြမ်းဖျင်းသတ်မှတ်ထားလို့ရတယ်။ နောက်တစ်ခုက ဆီးချိုသည် အချိုဓာတ်၊ သကြားဓာတ် သွေးထဲမှာ များနေတဲ့အခါမှာ ကျောက်ကပ်ကနေ တစ်ဆင့် ဆီးထဲကို အချိုဓာတ်တွေပါလာတဲ့အခါ ဆီးချိုနေရင် ဗက်တီးရီးယားပိုးတွေက အချိုကြိုက်နှစ်သက်တော့ ဆီးပိုးတွေပွားများမှုနှုန်းများတယ်။ ဒီတော့ ဆီးချိုထိန်းသိမ်းမှုနည်းတဲ့သူတွေ သွေးထဲမှာ ဆီးချိုပမာဏများတဲ့သူတွေက ဆီးပိုးဝင်ဖို့ ပိုများမယ်။ အမျိုးသားတွေမှာ ဆီးပိုးဝင်ပြီဆိုရင် အမျိုးသမီးတွေနဲ့ မတူတဲ့အတွက် သူ့ရဲ့အကြောင်းအရင်းကိုလည်း ရှာပေးရတယ်။ ဆီးချိုရှိတာလား၊ ဒါမှမဟုတ် ဆီးကျိတ် ကြီးပြီးတော့ ဆီးအိမ်ထဲမှာ ဆီးကျန်နေလို့ ပိုးတွေက အဲဒီအထဲမှာ ပွားနေသလား၊ ဒါမှမဟုတ် ဆီးလမ်းကြောင်းမှာ ကျောက်တည်တာမှာ ကျောက်ပျက်ပြီးတော့ အဲဒီ ကျောက်နဲ့တွဲကပ်ပြီး ပိုးတွေပါလာလို့များ ဆီးပိုးဝင် ရသလားဆိုပြီးတော့ ရှာဖွေစစ်ဆေးဖို့လိုတယ်။ အမျိုးသမီးတွေက တစ်ကြိမ်ကြိမ်မှာ ဝင်နိုင်တဲ့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ လိင်အင်္ဂါသန့်ရှင်းရေးကို ဂရုစိုက်ဖို့ အကြံပေးရတယ်။ ဆေးကုပေးရတယ်။ ပြန်ပြန်ဖြစ်တယ်ဆိုရင် သူတို့ကိုလည်း ဆီးချိုရှိသလား၊ ကျောက်ရှိသလား စသဖြင့် တွဲဖက်ပြီး ဖြစ်နိုင်တာကို ရှာဖွေစစ်ဆေးပေးရတယ်။

Voice : ကြိုတင်ကာကွယ်မှုအနေနဲ့ ဘာတွေလုပ်လို့ ရပါသလဲဆရာ။
Dr.MAKN : အမှန်တော့ ဆီးလမ်းကြောင်း ပိုးဝင်တာက ကိုယ့်ရဲ့ နောက်ဖေးသွားတဲ့ စအိုဝက ဗက်တီးရီးယားပိုးတွေက ဝင်တာပေါ့။ အမျိုးသမီးတွေထဲမှာ ပြန်ကြည့်ရင် အိမ်ထောင်မရှိတဲ့သူနဲ့ အိမ်ထောင်ရှိတဲ့ အိမ်ထောင်သည်တွေမှာ အိမ်ထောင်သည်တွေက ဆီးပိုးဝင်ဖို့ ရာခိုင်နှုန်းပိုများတယ်။ တစ်ဖက်က စဉ်းစားရင် လိင်ဆက်ဆံမှုကြောင့် ဆီးပိုးဝင်သွားသလားပေါ့။ ဒါမှမဟုတ် အမျိုးသားဆီက ပိုးတွေများဝင်သွားသလားလို့ ယူဆတတ်တယ်။ ဒါပေမဲ့ အများစုကတော့ အဲ့ဒီလိုမဟုတ်ဘဲနဲ့ ဝမ်းသွားပြီး ကျကျန်ခဲ့တဲ့ ကိုယ့်ဆီက ပိုးတွေက လိင်ဆက်ဆံတဲ့အချိန်မှာ ဝင်သွားတာပေါ့။ အရေးကြီးတာက ဝမ်းသွားပြီး အဲဒီဝန်းကျင်ကို ဆပ်ပြာနဲ့ သန့်ရှင်းရေး လုပ်ဖို့လိုတယ်။ အတွင်းခံတို့၊ အမျိုးသမီးတွေ လစဉ်သွေးပေါ်တဲ့အချိန်မှာ တစ်ကိုယ်ရေ သန့်ရှင်းရေး ပိုအရေးကြီးတယ်။ အများစုတွေ့ရတာက သွေးပေါ်တဲ့အချိန်မှာ ကရိကထများမှာစိုးလို့ တစ်နေ့လုံး ရေလည်းမသောက်ဘူး၊ ဆီးလည်းမသွားဘူး။ အဲဒီအခါ ကျတော့ နဂိုရှိပြီးသားပိုးတွေက သွေးနဲ့ ထိတွေ့ပြီး အဲဒီမှာ ပွားများပြီး ဆီးလမ်းကြောင်းထဲ ရောက်သွားတဲ့အခါ ရာသီပေါ်ပြီးတဲ့အချိန်မှာ ဆီးပိုးဝင်တဲ့ လက္ခဏာတွေကို ခံစားရတယ်။ ဆီးသွားချင်တဲ့အခါ အောင့်မထားဘဲ ဆီးသွားပေးခြင်းအားဖြင့် အပေါ်ကိုတက်နိုင်တဲ့ ဗက်တီးရီးယားတွေက ဆီးနဲ့အတူ အပြင်ဘက်ကို ထွက်သွားရင် ဆီးပိုးဝင်တဲ့ လက္ခဏာခံစားရတာနည်းတယ်။ အိမ်ထောင်ရှိတဲ့အမျိုးသမီးတွေအနေနဲ့ကတော့ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ လိင်မဆက်ဆံမီမှာ ဆီးသွားပေးရတယ်။ ဒီလိုဆိုရင်တော့ ဆီးပိုးဝင်တဲ့ ရာခိုင်နှုန်းနည်းတယ်ဆိုတာ တွေ့ရှိထားတာရှိတယ်။

Voice : ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။
Dr. MAKN : ဆီးပိုးဝင်ခြင်းက အမျိုးသမီးတွေအတွက် တစ်သက်တာကာလမှာ တစ်ကြိမ်ကြုံတွေ့ရတယ်။ အသက်အန္တရာယ်မရှိသော်လည်း ခံစားရတာခက်တယ်။ နောက်ပြီး အန္တရာယ်ရှိလောက်အောင် ပိုးဝင်နိုင်တဲ့သူတွေရှိတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ပိုးဝင်တယ်ဆိုရင် စနစ်တကျမကုရင် ဆီးအိမ်ကနေ ဆီးပြွန်ကနေ ကျောက်ကပ်ထိကို ပိုးတွေကရောက်သွား နိုင်တယ်။ အဲဒီအခါ သွေးဆိပ်ပျံ့နှံ့ပြီးတော့ အသက်အန္တရာယ်ရှိနိုင်တယ်။ ဆီးလမ်းကြောင်း အောက်ပိုင်းမှာ ပိုးဝင်တဲ့အခါ ပေါ့ပေါ့တန်တန်နဲ့ မကုဘဲထားမိရင် ကိုယ်ဝန်ဆောင်တွေ၊ ဆီးလမ်းကြောင်းမှာ ကျောက်ဖြစ်ထားတဲ့သူတွေ ပိုးဝင်သွားရင် ကျောက်ကပ်ထိ ရောက်သွားနိုင်တယ်။ နောက်တစ်ခါ ကိုယ်ခံအားစနစ်ကို ကုနေတဲ့ဆေးဝါးတွေသောက်သုံးနေတဲ့သူတွေမှာလည်း ဆီးပိုးက ကျောက်ကပ်အထိရောက်နိုင်တယ်။ ဒါကြောင့် ဆီးလမ်းကြောင်းပိုးဝင်တာသည် အရေးမကြီးဘူးလို့ယူဆရပေမယ့် ကျောက်ကပ်ထိရောက်သွားရင် သွေးဆိပ်ပျံ့နှံ့ရာကနေ အသက်အန္တရာယ်အထိဖြစ်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အတွက် ပေါ့ပေါ့မထားဘဲ ဆီးသွားဖို့ တစ်ခုခုအဆင်မပြေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ပိုးသတ်ဆေးတွေ သောက်သုံးဖို့ သင့်၊ မသင့်ဆိုတာ ဆွေးနွေးကုသဖို့ လိုအပ်ပါတယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ