News

POST TYPE

INTERVIEW

ဒါရိုက်တာ ဏကြီးနဲ့ တွေ့ဆုံခြင်း
09-Sep-2019
“တစ်နိုင်ငံလုံးနဲ့ ယှဉ်ရင်လည်း သေးသေးလေးပဲ၊ တတ်နိုင်သလောက် ကျွန်တော်တို့ဘက်ကနေပြီးတော့ ကူညီလိုက်ရတယ်”



ဒါရိုက်တာဏကြီးနဲ့ တွေ့ဆုံခိုက် နောက်ထပ်ရိုက်သွားမယ့် ရုပ်ရှင်ဇာတ်ကားတွေအကြောင်း၊ သမိုင်းကြောင်းနောက်ခံ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖြစ်မယ့် အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။

Voice : အနုပညာနဲ့ ပတ်သက်ပြီး လုပ်သွားမယ့် အရာလေးတွေရှိရင်လည်း ပြောပြပေးပါဦး။
NG : ကျွန်တော်လာမယ့် ဒီဇင်ဘာ ၁၅ ကနေ ဇန်နဝါရီ ၁၅ ရက်က ကျွန်တော့်ရဲ့ ဒုတိယ Plan၊ ဒုတိယပရော့ဂျက်ပေါ့နော်။ သုသုနဲ့ပဲ ရိုက်ရမှာပါ။ တခြားသရုပ်ဆောင်တွေကတော့ သေချာအောင် ပြန်လုပ်ပါမယ်။ အသိပေးလို့ရမယ့် အချိန်ကျရင်တော့ ပြောပါမယ်။ ကျွန်တော်ရဲ့ တတိယပရော့ဂျက်ကကျတော့ မတ်လမှာ ရိုက်မယ်။ အဲဒါကတော့ ကျွန်တော် ပြောလို့ရပြီ။ အားလုံးသေချာသွားပြီ။ ဆရာကြီး မောင်ဝဏ္ဏရဲ့ ချစ်လက်စ မှော်ရုံဝတ္ထုကို ကိုယ်တိုင် ဇာတ်ညွှန်းခွဲနေတယ်။ မိန်းသရုပ်ဆောင်တွေက ပိုင်ဖြိုးသု၊ ဒေါင်း၊ မိုးဟေကို၊ ကျော်ထက်အောင်ရယ် ဖြစ်မှာပါ။ 

Voice : အဲဒါဆို မတ်လမှာ ရိုက်မယ့်ကားက ဘယ်လိုအမျိုး အစားမျိုးဖြစ်မလဲ။ 
NG : အချစ် ဇာတ်လမ်း၊ ဒါပေမဲ့ တင်ဆက်ပုံကတော့ ဆရာ မောင်ဝဏ္ဏဆိုတော့ ထူးထူးခြားခြားလေး ဖြစ်မှာပါ။ ဖြစ်ပျက်လေ့ရှိတဲ့ အချစ်ဇာတ်လမ်းတစ်ခုပေါ့။ 

Voice : ကိုဏကြီးအနေနဲ့ သာမန်အချစ်ဇာတ်လမ်းမဟုတ်ဘဲ သမိုင်းနောက်ခံဇာတ်လမ်းတွေ၊ သမိုင်းအကြောင်းအရာတွေကို ရိုက်ဖို့ရော စိတ်ဝင်စားလား။
NG : သမိုင်းကြောင်းဆိုတာက သမိုင်းအထောက်အထားအများကြီးမရှိခင်က ပေါ့နော်။ ဆရာနိုင်ဝင်းဆွေရဲ့ မဟူရာမြစ်၊ ဗိဿနိုးဘုရင်မအကြောင်း၊ သရေခေတ္တရာနဲ့ ဗိဿနိုးအကြောင်းပေါ့။ စပြီးတော့လို့ ဇာတ်ညွှန်းတော့ခွဲနေပြီ။ ပြင်ဆင်မှုကတော့ တစ်နှစ်လောက် ယူရမယ်။ ၂၀၂၁ လောက်မှ စရိုက်ဖြစ်မယ်ထင်တယ်။ မင်းသား၊ မင်းသမီးတွေလည်း ဘာမှ မလျာထားရသေးဘူး။ ပြင်ဆင်မှုပဲရှိသေးတယ်။ အဲဒါက ဇာတ်ညွှန်းရယ်၊ သမိုင်းမဖြစ်ခင်က ဆိုတော့ အထောက်အထားရှာရတာလည်း အရမ်းခက်တယ်။ သုံးဆောင်တဲ့ပစ္စည်း၊ ဓားတို့၊ စောင်းတို့၊ ဆေးတံတို့ အတည်ပြုဖို့တောင် တော်တော်လေးခက်တယ်ပေါ့နော်။ အဲဒါတွေ အားလုံး သေချာအောင် အဝတ်အစားနန်းတော်ပုံစံ။ သေချာအောင်လုပ်မယ်။ ဒါတွေအားလုံး သေချာပြီဆိုမှ ရိုက်မယ်။ ဘာလို့လဲဆိုတော့ အချိန်က ကြာမှာလေ။ အားလုံးသေချာပြီဆိုမှ Casting ဘက်ကိုသွားမှာပါ။ 

Voice : ပြေတီဦးဖောင်ဒေးရှင်းက ကျောင်းသားတစ်ဦးကို ပညာသင်ဖို့ ထောက်ပံ့ပေးဖြစ်တဲ့ အကြောင်းလေးလည်း ပြောပြပေးပါဦး။
NG : ကျွန်တော်တို့က တစ်ဖက်တစ်လမ်းကပေါ့နော်။ အများကြီးမဟုတ်ရင်တောင် တစ်ဖက်တစ်လမ်းကနေ ကျွန်တော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ လူငယ်တွေကို အထောက်အပံ့ပေးနေတယ်ဆိုတော့ အရမ်းကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်လေးလည်း ဖြစ်တယ်။ တိုင်းပြည်အတွက်လည်း အများကြီးမဟုတ်ဘူး။ တစ်ဖက်တစ်လမ်းပေါ့နော်။ တစ်နိုင်ငံလုံးနဲ့ယှဉ်ရင်လည်း သေးသေးလေးပဲ တတ်နိုင်သလောက် ကျွန်တော်တို့ဘက်ကနေပြီးတော့ ကူညီလိုက်ရတယ်။ ကူညီခွင့်ရတယ်။ ကျွန်တော်တို့အတွက်လည်း ပီတိဖြစ်စရာပါ။

ခင်ညိုညိုသိမ့်