News

POST TYPE

INTERVIEW

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်နှင့်တွေ့ဆုံခြင်း
08-Sep-2019
“ဒီလိုကောလာဟလကြောင့် အမြတ်အစွန်းတစ်ခုရမလားလို့ ဝယ်တဲ့သူတွေက အမြတ်မရဘဲ အရှုံးပဲ တွေ့သွားတာ များပါတယ်”



ဘဏ်ဂယက်ကောလာဟလကြောင့် ဘဏ်များမှ ပိုက်ဆံထုတ်၍ ရွှေနှင့် အမေရိကန်ဒေါ်လာများ ဝယ်ယူခြင်းကြောင့် ရွှေနှင့် ဒေါ်လာဈေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့ရသည်။ သို့သော် စက်တင်ဘာလ ၇ ရက်နေ့တွင်မူ ဗဟိုဘဏ်၏ အာမခံချက်ကြောင့် ဘဏ်ဂယက်ငြိမ်သွားပြီး ရွှေပြန်လည်ထုတ်ရောင်းသူတို့ကြောင့် ၁၆ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ်ငါး သောင်းနီးပါးနှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၂၅ ကျပ်ကျော်သို့ ရုတ်တရက် ထိုးကျသွားသည်။ ထို့ကြောင့် လက်ရှိ ယင်းဈေးကွက်များ၏အခြေအနေ၊ အလားအလာများကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်နှင့် ဆက်သွယ်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ရွှေဈေးတွေ ကျသွားတယ်ဆိုတော့ အခု ဘယ်လောက်ပြန်ကျသွားလဲ။
UWM : ဟုတ်ပါတယ်ဗျ။ အခု (စက်တင်ဘာ ၇ ရက်) ၁၂ သိန်း ငါးသောင်းငါးထောင်ပါ။ 

Voice : ဘယ်လိုကြောင့် ကျတာလဲ။
UWM : ပထမအကြောင်းအရင်းကတော့ နိုင်ငံခြား ရွှေဈေးကွက်မှာ ရွှေဈေးကျသွားလို့ပေါ့။ ပြီးတော့ ဒုတိယအချက်က ပြည်တွင်းဘဏ် ကောလာဟလ ဂယက်လည်း ငြိမ်သွားလို့ပါ။ 

Voice : ကမ္ဘာ့ရွှေဈေးက ဘာလို့ကျသွားတာလဲ။
UWM : အောက်တိုဘာလဆန်းမှာ ထရမ့်နဲ့ ရှီနဲ့ တွေ့ကြမယ်လို့ သတင်းထွက်လာလို့ပါ။

Voice : နောက်တစ်ခုက “စ” သုံးလုံးက ရွှေဘုံသာ ဈေးကွက်ကို ဝင်စစ်တယ်ကြားတယ်။ အဲဒါဟုတ်လား။
UWM : မစစ်ပါဘူး။ ဝင်မစစ်ပါဘူး။ 

Voice : အန်ကယ်တို့အသင်းက ဝင်ပြီး ရွှေဈေးနှုန်း တည်ငြိမ်ရေး ဝင်ထိန်းချုပ်တာကြောင့် အခုဈေးကျသွားရတာလား။
UWM : ထိန်းချုပ်တာတော့ မဟုတ်ပါဘူး။ တည်ငြိမ်အောင်လို့ ရွှေရှိ၊ ငွေရှိပဲ လုပ်ကြပါလို့ ပြောတာပါ။ ကန့်သတ်တာ၊ ထိန်းချုပ်တာတော့ မလုပ်ပါဘူး။ ဒါပေမဲ့ တည်ငြိမ်အောင်တော့ ရွှေရှိမှဝယ်၊ ငွေရှိမှ ဝယ်ပေါ့။ ရွှေရှိ၊ ငွေရှိ၊ ရွှေပြိုင်၊ ငွေပြိုင်ပေါ့။ အဲဒီလိုမျိုးပဲ ဖော်ဆောင်ထားပါတယ်။ နောက် ကြိုရောင်းကြိုဝယ်တွေ မလုပ်ဖို့ တားမြစ်ထားတယ်။ နောက်တစ်ခုက အစည်းအဝေးဆုံးဖြတ်ချက် မူကြမ်း ၅ ခု ထုတ်ထားတာကြောင့်လည်း ပါပါတယ်။ 

Voice : လက်ရှိက ဈေးကွက်ထဲမှာ ကြိုရောင်း ကြိုဝယ်က လုံးဝမရှိတဲ့အနေအထားပေါ့နော်။
UWM : လက်ရှိက လုံးဝခွင့်မပြုဘူး။ ထုတ်ပြန်ချက် ထုတ်ထားတယ်။ စည်းကမ်းမလိုက်နာရင် အသင်းက ထုတ်ပယ်တဲ့အထိ အရေးယူဖို့ ကြေညာချက်ထုတ် ထားပါတယ်။

Voice : နောက်တစ်ခုက ကျွန်တော်တို့ကြားတာက ရွှေဝယ်ရင် ပိုက်ဆံပေးပြီး နှစ်ရက်လောက်အကြာမှာ ရွှေရတယ်ကြားတယ်။ အဲဒါဟုတ်လား။
UWM : မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းမှာ မရှိဘူး။ အသင်းမှာတော့ ရွှေလည်း ကြိုပေးစရာမလိုဘူး။ ငွေလည်း ကြိုပေးစရာမလိုဘူး။ အဲဒါမျိုးပုံစံတွေလည်း အသင်းမှာ ခွင့်ပြုပေးထားတာမရှိဘူး။ 

Voice : အပြင်ဈေးကွက်မှာရော။
UWM : အဲဒါတော့ ကျွန်တော်လည်း မသိဘူး။ အသင်းမှာတော့ ကြိုရောင်းကြိုဝယ်တွေက လုံးဝတားထားပါတယ်။

Voice : လက်ရှိရွှေကုန်ကြမ်း အခြေအနေက ဘယ်လိုရှိပါသလဲ။
UWM : ရွှေကုန်ကြမ်းအခြေအနေကတော့ ကောလာဟလဂယက်ငြိမ်သွားတော့ ဝယ်စုထားတဲ့သူတွေက အခုပြန်ရောင်းနေတယ်။ အဲဒါကြောင့် ပြန်ကျသွားတာလည်း ပါတယ်။ ဒါက တတိယအကြောင်းအရင်းပေါ့။ 

Voice : အခုက အဲဒါဆို ရွှေကုန်ကြမ်းက လုံလောက်နေတာပေါ့။
UWM : လုံလောက်ပါတယ်။ အခုက ဝယ်သူ ရောင်းသူ ရောင်းတဲ့သူဘက်က ပိုတောင်ပိုနေတယ်။

Voice : ဈေးကွက် ဘာဆက်ဖြစ်နိုင်မလဲ။ သုံးသပ်ပေးပါလား။
UWM : ပြည်သူလူထုကို အကြံပေးချင်တာက ကောလာဟလသတင်းကြောင့် ရုတ်ခြည်းတက်တဲ့ ဈေးနှုန်းနဲ့ လိုက်မဝယ်ကြပါနဲ့။ ပြည်သူလူထုကို ကျွန်တော့် လုပ်ငန်းအတွေ့အကြုံအရ မေတ္တာစေတနာနဲ့ ခန့်မှန်းပေးတာပါ။ ဒီလိုကောလာဟလကြောင့် အမြတ်အစွန်း တစ်ခုရမလားလို့ ဝယ်တဲ့သူတွေက အမြတ်မရဘဲ အရှုံးပဲ တွေ့သွားတာများပါတယ်။ အရှုံးနဲ့ရင်ဆိုင်သွားရတာများပါတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူလူထုကိုလည်း အရှုံးနဲ့ ရင်မဆိုင်ရအောင် ကောလာဟလတွေကြောင့် ဈေးနှုန်းတက်တိုင်း လိုက်မဝယ်မိဖို့ အရေးကြီးပါတယ်။ တကယ်ရွှေလိုမှပဲ ဝယ်သင့်ပါတယ်။ ကောလာဟလကြောင့် ပူပန်ပြီး တကယ်ရွှေမလိုဘဲနဲ့ မဝယ်သင့်ဘူးလို့ အကြံပေးချင်ပါတယ်။

Voice : ဈေးက ဆက်ကျမလား၊ ပြန်တက်မလား။
UWM : ဈေးကွက်က အချိန်နဲ့အမျှ အပြောင်းအလဲဖြစ်နေတဲ့အတွက် အတက်အကျကတော့ ရှိနေတာပေါ့။

Voice : ၁၃ သိန်း ထပ်ကျော်နိုင်ခြေရှိသေးလား။
UWM : လတ်တလောကတော့ မရှိတော့ပါဘူး။ အတန်းတစ်ခုပြီးသွားပြီလို့ ရေတိုအနေနဲ့ သုံးသပ်လို့ရပါတယ်။

Voice : အခုလိုဖြေကြားပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။

ဟိန်းမြတ်စိုး