News

POST TYPE

INTERVIEW

မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဦးဝင်းအောင်ခန့်နှင့် တွေ့ဆုံခြင်း
06-Sep-2019


“ကားတွေ မီးရှို့တာ၊ ပစ္စည်းတွေ မီးရှို့တာ၊ ကားတွေကို ဘီးတွေပစ်ခွဲပြီး လမ်းတွေမှာ ကန့်လန့်ခံတာ၊ အဲဒီလိုမျိုး လုပ်ရပ်တွေကို မလုပ်စေချင်ဘူး”

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကားများစွာ မီးရှို့ဖျက်ဆီးမှုခံနေရသည်။ ၅ ရက်အတွင်းပင် အိမ်စီးနှင့် ကုန်တင်ယာဉ်အစီးရေ ၃၀ ခန့်အထိ မီးရှို့ ဖျက်ဆီးခံထားရသည်။ ထို့ပြင် တိုက်ပွဲများကြောင့် ကုန်သွယ်မှုမှာလည်း ချောချောမွေ့မွေ့မရှိဘဲ ကုန်ပစ္စည်းဈေးနှုန်းများလည်း အတက်ဘက်သို့ ဦးတည်နေသည်။ ထို့ကြောင့် လက်ရှိ မူဆယ်-ရန်ကုန်၊ မူဆယ်-မန္တလေး ကုန်သွယ်မှုအခြေအနေ၊ ကားများမီးရှို့ခံရမှုအခြေအနေနှင့် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့အကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲအခြေအနေများကို မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး-၂၊ အဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (မူဆယ်) ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးဝင်းအောင်ခန့်နှင့် The Voice Daily သတင်းစာတို့ ဆက်သွယ်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ကုန်သွယ်မှုအခြေအနေနဲ့ ကုန်တင်ကားတွေ ထွက်ရှိနေတဲ့ အခြေအနေလေး သိချင်ပါတယ်။
UWAK : ကုန်တင်ကားတွေ အခြေအနေကတော့ ဒီနေ့ (စက်တင်ဘာလ ၅ ရက်) တော့ အခြေတည်ငြိမ် အေးချမ်းနေပါတယ်။ ဒီနေ့တော့ ပုံမှန်သွားလာနေကြပါတယ်။ အရင်ရက်တွေကတော့ ကားမီးရှို့တာတွေ၊ (လမ်းတွေပေါ်) ကားကန့်လန့်ခံထားတာတွေ ရှိတာပေါ့ဗျာ။ အခု လောလောဆယ်အထိတော့ ဒီနေ့ ဘာသံမှ မကြားရသေးဘူး။ အခြေအနေက တည်တည်ငြိမ်ငြိမ်ပါပဲ။

Voice : မူဆယ်ဘက်ကို ကုန်သွယ်မှုက ပြန်စနေပြီလား။ ကုန်တင်ကားတွေက ပြန်ထွက်နေပြီလား။ 
UWAK : ကုန်တင်ကားတွေကတော့ ထွက်ပါတယ်။ ဂုတ်တွင်းတံတားကြီးပြင်ပြီးကတည်းက ပုံမှန်ပြန်လုပ်နေပါတယ်။ ကျွန်တော်တို့ ဩဂုတ်လ ၂၁ ရက်နေ့ လောက်ထဲကပေါ့။ ဒါပေမဲ့ လမ်းမှာက ကွတ်ခိုင်နဲ့ ဟိုပုန်းကြားမှာက ဖြတ်သန်းသွားလာလို့ မရတဲ့အတွက် (ဩဂုတ်လ) ၂၆ ရက်နေ့လောက်မှ သွားလို့လာလို့ရတယ်။ အဲဒီနောက်ပိုင်းကစပြီး ကျွန်တော်တို့ ကုန်သွယ်မှုနဲ့ ကုန်တင်ကားတွေ ပြန်လုပ်ပါတယ်။ ဒါပေမဲ့ လမ်းမှာ ကားတွေကို ကန့်လန့်ခံ ပိတ်ဆို့တာတွေရှိ တယ်။ ကားတွေ မီးရှို့တာတွေရှိတယ်။ အဲဒီလိုဖြစ်နေတဲ့ အချိန်တွေမှာတော့ အဲဒီနေရာရဲ့ မလှမ်းမကမ်း နေရာတွေမှာ ရပ်ပြီးတော့စောင့်နေတာပေါ့။ ကားတွေဖယ်ပြီးမှပဲ၊ ဖြတ်သန်းလို့ရတဲ့အခါကျမှပဲ သွားကြတာပေါ့ဗျာ။ လက်ရှိလည်း ကျွန်တော်တို့ အဲလိုဖြစ်တဲ့ အခြေအနေတွေဆိုရင် စောင့်ဆိုင်းပြီးတော့ လမ်းကြောင်းရှင်းလို့ ဖြတ်လို့ရတဲ့အချိန်ကျမှပဲ ဖြတ်ကြတာပါပဲ။ ဒါပေမဲ့ ဒီနေ့တော့ လမ်းကြောင်းအခြေအနေက တည်ငြိမ်နေပါတယ်။ လက်ရှိအချိန်အထိတော့ ပုံမှန်ပဲ သွားလာနေကြပါတယ်။

Voice : အစ်ကိုပြောချင်တာက ကုန်တင်ကားသမားတွေအနေနဲ့ သူ့အန္တရာယ် သူကြည့်ပြီး သွားနေကြတာမျိုးကို ဆိုလိုချင်တာလား။
UWAK : ဟုတ်ပါတယ်။ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ပြီး သွားရတာပါ။ သတင်းနားထောင်ပြီး သွားရတာ ပေါ့ဗျာ။ ကံမကောင်းလို့ ဖြစ်သွားရင်လည်း ဘယ်သူမှ ဘာမှ မတတ်နိုင်ကြဘူးလေ။ 

Voice : အခုကုန်တင်ကား ထွက်တာက နည်းလား၊ များလား။ ဘယ်လောက်လောက်ထွက်လဲ။
UWAK : ထွက်ပါတယ်။ ပုံမှန်ပါပဲ။ တိုက်ပွဲမဖြစ်ခင် အခြေအနေကလိုပဲ ထွက်နေကြပါတယ်။

Voice : ဒီကြားထဲ တိုက်ပွဲတွေ ရှိနေတော့လေ။
UWAK : ကျွန်တော်တို့ မြောက်ပိုင်းလမ်းကတော့ သွားလို့ရပြီဆိုတာနဲ့ သွားကြတာပဲ။ သွားလို့မရဘူး၊ ပိတ်ထားတယ်၊ တိုက်ပွဲဖြစ်နေတယ်ဆိုရင် ရပ်စောင့်ပေါ့ဗျာ။ ရပ်စောင့်ပြီးမှပဲ ဖြတ်လို့၊ သွားလို့ရတော့မှပဲ သွားရတာပေါ့။ ဖြတ်လို့မရရင်တော့ ရပ်နေရတယ်။

Voice : အခုက တစ်ရက်ကို ဘယ်လောက်များများ ထွက်နေလဲ။
UWAK : အဲဒါကတော့ ပြောရခက်တယ်။ ကျွန်တော်တို့ လမ်းကြောင်းမကောင်းဘူးဆိုရင် ရပ်စောင့်။ လမ်းကြောင်းပွင့်သွားပြီဆိုတော့လည်း ပြုံဝင်ကြတယ်။ အခုချိန်က အဲဒီလိုဖြစ်နေတယ်။ အခုချိန်က တစ်ရက်ကို ဘယ်လောက်ဝင်ထွက်လဲ ဆိုတာတော့ ပြောရခက်တယ်။ 

Voice : အရင်ကရော ဘယ်လောက်လောက် ဝင်ထွက်လဲဗျ။
UWAK : အရင်ကတော့ ရန်ကုန်-မန္တလေးအတက်ဆိုရင် အစီး ၂၀၀ ပတ်ချာလည်လောက်ပဲ။ အဆင်းဆိုရင် ၂၀၀ ကျော်၊ ၃၀၀ ပတ်ချာလည်လောက်ပဲ။ ဒါပေမဲ့ အဆင်းကတော့ ပုံမှန် ၃၀၀ ပတ်ချာလည်ပဲ။

Voice : ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဖြစ်နေလို့ တောင်ပိုင်းကနေ ပစ္စည်းတွေ ပတ်သယ်နေရတယ်လို့ကြားတယ်။ အဲဒါကရော ဟုတ်လား။
UWAK : တောင်ပိုင်းကလည်း သယ်ကြတယ်။ ဒါပေမဲ့ တော်တော်များများကတော့ မသယ်ကြပါဘူး။ တချို့လည်း သယ်ကြတယ်၊ သွားကြတယ်။ သယ်တဲ့ သူတွေလည်း ရှိပါတယ်။ တချို့က ရက်စောင့်လို့မရတဲ့ ပစ္စည်းတွေရှိတယ်။ အဲဒီလိုမျိုးတွေဆို မြောက်ပိုင်းကနေ တောင်ပိုင်းကို ပတ်သွားရတာမျိုးတွေ ရှိတယ်။ ပတ်ပြီး ရန်ကုန်-မန္တလေးကို ဝင်ရတာတွေရှိတယ်။ ဒါပေမဲ့ အစီးရေအများကြီးတော့ မရှိပါဘူး။

Voice : တိုက်ပွဲတွေကြောင့် တရုတ်ပစ္စည်းတွေ ဈေးတက်နေတာ ဟုတ်လား။ 
UWAK : ဟုတ်တယ်။ ဒါက ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ အခုတောင် ကုန်ပို့တဲ့ တန်ဆာခတွေတောင် တက်သွားတယ်။ ဘာလို့ဆို အန္တရာယ်ကြားထဲက သယ်လာရတဲ့ ပစ္စည်းတွေမို့လို့ပါ။

Voice : တန်ဆာခက ဘယ်လောက်တက်သွားလဲ။
UWAK : တန်ဆာခက အရင်ကထက် စာလို့ရှိရင် တော်တော်တက်တယ်။ အရင်တုန်းက မန္တလေး-မူဆယ်ဆိုရင် ကျွန်တော်တို့က တစ်တန်ကို လေးသောင်းခွဲ လောက်ပဲရှိတယ်။ အခုဆိုရင် တစ်တန်ကို ခုနစ်သောင်းလောက်ရှိတယ်။

Voice : ဒါဆို နှစ်ဆနီးပါးလောက် တက်သွားတာပေါ့။
UWAK : ဟုတ်တယ်။ ဟုတ်တယ်ဗျ။ တော်တော်တက်သွားတယ်။

Voice : အခုတိုက်ပွဲတွေကြောင့် ကုန်ကားသမားတွေနဲ့ ကုန်သည်တွေအနေနဲ့ ဘယ်လိုထိခိုက်မှုတွေရှိလဲ။
UWAK : ရှိပါတယ်။ ကုန်ကားတွေအနေနဲ့ဆိုရင် မီးရှို့ခံရပြီဆိုရင် ထိခိုက်နစ်နာတာပေါ့။ ပြီးတော့ ကုန်ကားသမားက မီးရှို့တဲ့အထဲ ပါသွားပြီဆိုရင် ထိခိုက် နစ်နာမှုရှိတာပေါ့။ ဖျက်ဆီးခံလိုက်ရတဲ့ ယာဉ်ပိုင်ရှင်အပြင် ကုန်ပစ္စည်းပိုင်ရှင်ကလည်း ထိခိုက်နစ်နာမှုရှိပါတယ်။

Voice : ဒီထဲမှာ တော်တော်အထိနာတဲ့သူမျိုးတွေရှိလား။
UWAK : ရှိပါတယ်။ ဘာလို့ဆို အချိန်ကြာကြာထား လို့မရတဲ့ ငါးရှဉ့်၊ ကဏန်းတွေ ပုပ်သိုးသွားလို့၊ ပျက်စီးသွားလို့ လွှတ်ပစ်လိုက်ရတဲ့ အဖြစ်တွေလည်း ရှိပါတယ်။ သူတို့ဆိုရင် နစ်နာတာပေါ့ဗျာ။ ပြီးတော့ ပုပ်သိုးလွယ်တဲ့ပစ္စည်းတွေ၊ ပျက်စီးလွယ်တဲ့ပစ္စည်း တွေလည်းရှိပါတယ်။ သူတို့ဆိုရင်လည်း ထိခိုက်နစ်နာ လွယ်ပါတယ်။ ဘယ်ရွေ့ဘယ်မျှထိ ပျက်စီးလဲဆိုတာတော့ ပြောရခက်ပါတယ်။

Voice : အစ်ကို အသင်းကို ပမာဏတက်တာတွေ ဘာတွေ မရှိဘူးလား။
UWAK : မရှိပါဘူး။ ကြားတဲ့သတင်းတွေပဲ ရှိတယ်။ အတိအကျ အဲဒီလိုမျိုး သတင်းမတက်ပါဘူး။

Voice : အခု လက်ရှိ တိုက်ပွဲတွေဖြစ်နေတာ အရင်ကနဲ့ ယှဉ်ရင် ဘယ်လိုလဲ။
UWAK : အရင်က ဒီလိုမဖြစ်ဖူးပါဘူး။ ဒီတစ်ခါကတော့ အဆိုးရွားဆုံးပဲ။

Voice : ဘယ်လောက်လောက်အထိ ဆိုးလဲ။
UWAK : ဘယ်လောက်ထိ ဆိုးလဲဆိုတော့ အားလုံးလည်း ကြားသိနေရမှာပါ။

Voice : အခုဖြစ်နေတာက အစ်ကို့တစ်သက်မှာ အဆိုးရွားဆုံးလား။
UWAK : လက်ရှိအခြေအနေအထိတော့ ကျွန်တော် မူဆယ်ရောက်တာ နှစ်ပေါင်း ၂၀ ကျော်ဖြတ်သန်းလာတဲ့ အချိန်အထိတော့ လက်ရှိဖြစ်တဲ့ အဖြစ်အပျက်က အဆိုးဆုံးပဲ။ 

Voice : ဒီလိုတိုက်ပွဲတွေဖြစ်နေတဲ့အပေါ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအပေါ်ကိုရော ဘယ်လိုမြင်ပါသလဲ။
UWAK : ကျွန်တော်တို့ကတော့ မြောက်ပိုင်းမှာ လုပ်ကိုင်စားသောက်နေကြသူတွေဖြစ်တဲ့အတွက် ဒီလို တိုက်ပွဲမျိုးတွေ မဖြစ်စေချင်ဘူး။ ဒီလိုတိုက်ပွဲတွေဖြစ်တာကြောင့် အားလုံးထိခိုက်နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်။ ဒီလိုမျိုး ဖြစ်တာမျိုးတွေ နောက်လည်း မဖြစ်စေချင်ဘူး။ ဒီလိုကားတွေ မီးရှို့တာ၊ ပစ္စည်းတွေ မီးရှို့တာ၊ ကားတွေကို ဘီးတွေ ပစ်ခွဲပြီး လမ်းတွေမှာ ကန့်လန့်ခံတာ၊ အဲဒီလိုမျိုး လုပ်ရပ်တွေကို မလုပ်စေချင်ဘူး။ မဖြစ်စေချင်ဘူး။ အမြန်ဆုံးငြိမ်းချမ်းရေး ရစေချင်တယ်။ ပြီးတော့ ပြည်ထောင်စု လမ်းမကြီးလည်း အမြဲတမ်းငြိမ်းချမ်းစေချင်ပါတယ်။ စိတ်ချနေချင်တယ်။

Voice : မူဆယ်ကုန်သွယ်မှုအခြေအနေကရော ဘယ်လိုလဲ။
UWAK : မူဆယ်ကုန်သွယ်မှု အခြေအနေက ပုံမှန်ပါပဲ။ ပုံမှန်ပဲ သွားနေပါတယ်။ ကျွန်တော်တို့ တံတားလည်းပွင့်ပြီ၊ လမ်းလည်း ပွင့်ပြီဆိုတဲ့အခါကျတော့ ပုံမှန်ပဲ သွားနေပါတယ်။

Voice : ဟိုတစ်လောကတော့ မူဆယ်မှာ ကုန်စည် ပြတ်တောက်မှုတွေ ဖြစ်ခဲ့သေးတယ်ဆိုတော့ အခုက ပြန်ကောင်းနေတာလား။
UWAK : ဖြစ်တယ်ဆိုတာက တိုက်ပွဲတွေဖြစ်တယ်။ လမ်းကြောင်း ပြတ်တောက်မှုတွေ ရှိတယ်။ ခဏတော့ ရပ်သွားတာပေါ့။ ဒါပေမဲ့ အဲဒါက လမ်းရှင်းပြီးသွားပြီ၊ တိုက်ပွဲတွေရပ်သွားပြီဆိုရင်တော့ ပြန်ဖြတ်ကြတာပေါ့။

Voice : အခက်အခဲတွေဖြစ်တုန်းက အစ်ကိုတို့ အသင်းတွေကို အကူအညီတောင်းတာမျိုးတွေရှိလား။
UWAK : ပြောရတာတော့ ခက်တယ်။ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြောလို့ဆိုလို့လည်း မရဘူး။ ကျွန်တော်တို့ ဒီဘက်ကနေပဲ အဖွဲ့တွေကိုပဲ သတင်းနားစွင့်ပြီး သွားရတာပေါ့ဗျာ။

Voice : ကုန်သည်တွေနဲ့ ကုန်ကားပိုင်ရှင်တွေက ကားမီးရှို့ခံရမှာကို ကြောက်နေပေမယ့် သက်ဆိုင်ရာတွေကို မပြောရဲတာမျိုးတွေရှိနေတယ်။ အဲဒီအခြေအနေလေးကို ပြောပြပါလား။
UWAK : မြောက်ပိုင်းမှာ နေတဲ့သူတွေက မြို့ (ရန်ကုန်မြို့ကဲ့သို့) မှာနေတဲ့သူတွေထက် သတိပိုရှိရတယ်။ အပြောအဆို မှားလို့ မရဘူး။ အဲဒီအခါကျတော့ တချို့လည်း မပြောချင်ကြဘူး။ ရန်ကုန်မှာနေတဲ့သူထက် နယ်ဘက်မှာနေတဲ့သူတွေက ပိုပြီး သတိထားရပါတယ်။

Voice : အစ်ကိုလည်း ကုန်ကားပိုင်တာတွေ ရှိနေတော့ အစ်ကို့ကားတစ်စီးထွက်သွားပြီဆိုရင် ဘယ်လိုခံစားနေရလဲ။
UWAK : ကျီးလန့်စာ စားနေရတာပေါ့ဗျာ။ ကိုယ့်ကားကို ဒီလမ်းကို ဒရိုင်ဘာနဲ့ လွှတ်လိုက်ရပြီ၊ လမ်းထဲကနေ ထွက်သွားပြီဆိုတာနဲ့ စိုးရိမ်စိတ်တွေနဲ့ စတော့တာပဲ။ ယာဉ်မောင်းရော၊ စပယ်ယာရော စိုးရိမ်စိတ်နဲ့ သတိနဲ့ မောင်းနေရတာပေါ့။ မူဆယ်ကို အေးအေးချမ်းချမ်းရောက်သွားပြီဆိုမှ သက်ပြင်းချနိုင်တယ်။ ဒါပေမဲ့ မူဆယ်ကနေ တစ်ခေါက်ပြန်ထွက်လာပြီဆိုရင်လည်း ဒီလိုပဲ။ မူဆယ်နဲ့ ကွတ်ခိုင်ကြားမှာ ဒီလိုပဲ စိုးရိမ်စိတ်တွေနဲ့ပေါ့။ ဒီလိုပဲ ယာဉ်မောင်းတွေလည်း စိုးရိမ်စိတ်တွေနဲ့ မောင်းနေရတာပေါ့။

Voice : ကုန်သည်တွေဘက်က ကြည့်မယ်ဆိုရင်ရော။
UWAK : သူတို့လည်း ဒီလိုပဲ ခံစားရမှာပဲ။ သူ့ပစ္စည်း ချောချောမွေ့မွေ့မရောက်မချင်း၊ သူ့ပစ္စည်းသူ့လက်ထဲ မရောက်မချင်း သူလည်း စိတ်ပူနေတာပဲ။

Voice : အခုလက်ရှိဖြစ်စဉ်မှာ ကုန်သည်နဲ့ ကုန်ကားပိုင်ရှင်တွေ ညှိနှိုင်းလုပ်ဆောင်တာမျိုးတွေရှိလား။
UWAK : ကျွန်တော်တို့ ကုန်သည်ရယ်၊ ကားပိုင်ရှင်ရယ်၊ ယာဉ်မောင်းရယ်၊ ကားဂိတ်တွေရယ်ကတော့ အခြေအနေပေါ်မူတည်ပြီးတော့ပဲ လုပ်ကြကိုင်ကြတာပါ။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဟိန်းမြတ်စိုး


  • VIA