News

POST TYPE

INTERVIEW

ခင်သဇင်နဲ့ တွေ့ဆုံခြင်း
05-Sep-2019
“ဇင်ကတော့ မကစ်ရဲ့ နေရေးစားရေးကိုပဲ တာဝန်ယူထားတာပါ”



သရုပ်ဆောင်ခင်သဇင်နဲ့ တွေ့ဆုံခိုက် ခရီးသွားကောက်ကြောင်းအကြောင်း၊ ကာရိုက်တာရွေးချယ်မှုနဲ့ သရုပ်ဆောင်ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေများကို မေးမြန်းထားပါတယ်။ 

Voice : ကယားပြည်နယ်ကသွားမယ့် ခရီးသွားကောက်ကြောင်းအကြောင်းလေး ပြောပြပေးပါဦး။ 
KTZ : ဇင်တို့သုံးယောက်လုံးက ဆရာမတွေပေါ့နော်။ ကယားပြည်နယ်ဘက်ကို ဇာတ်လမ်းလေးဖွဲ့ပြီးတော့ သူငယ်ချင်းသုံးယောက် ခရီးသွားတဲ့ပုံစံလေးမျိုးပေါ့။ ဇာတ်လမ်းလေးကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကယားပြည်ဘက်တော့ မရောက်ဖူးဘူး။ ကယားပြည်နယ်ဘက်ကို သွားရမယ့် အခါကျတော့ ပျော်တာပေါ့နော်။ တစ်ခါမှလည်း မရောက်ဖူးဘူး။ ကိုယ်လည်း သွားချင်တဲ့နေရာဆိုတော့ အရမ်းကို ရင်ခုန်နေတယ်။ 

Voice : ဒဏ္ဍာရီဆန်တဲ့ နေရာလေးလည်းဖြစ်တော့ အရင်က ကြားဖူးနားဝတွေများရှိသေးလား။
KTZ : ကယားပြည်နယ် အကြောင်းကတော့ ငယ်ငယ်က စာတွေအများကြီး သင်ဖူးတယ်ပေါ့နော်။ ကယားပြည်နယ်အရမ်းလှတယ်လို့လည်း ကြားဖူးတယ်။ သွားဖို့အတွက် အခွင့်အခါမကြုံတော့ မသွားဖြစ်သေးဘူး။ အဓိကတော့ ဂူတွေသွားမယ်လို့ ပြောတယ်။ ဇင်က ဂူတွေဆို အရမ်းသဘောကျတယ်။ ဟိုးအရင်ကတည်းက ရှိနေတဲ့နေရာတွေ အရမ်းစိတ်ဝင်စားတယ်။ 

Voice : ခရီးတစ်ခုသွားရခြင်းမှာ ရလာတဲ့ပျော်ရွှင်မှုမျိုးကို ဘယ်လိုခံစားရလဲ။ 
KTZ : ခရီးသွားရတာ ဇင်ရဲ့ အကြိုက်ဆုံး ဝါသနာတွေထဲက တစ်ခုပေါ့နော်။ ကယားပြည်နယ်က ကိုယ်လည်း အရမ်းသွားချင်နေတာဆိုတော့ ကိုယ်ဘာတွေများ တွေ့ရမလဲ၊ ဘာတွေများ လုပ်ရမလဲဆိုတာကို အရမ်းကို ရင်ခုန်နေတယ်။ ဇင်တို့ ၄ ရက်နေ့ကစပြီးသွားရပြီ။ ခရီးအတွက်လည်း သေချာလေးကို ပြင်ဆင်ထားပါတယ်။ 

Voice : အနုပညာလှုပ်ရှားတွေ လုပ်ဖို့ရှိရင်လည်း ပြောပြပေးပါဦး။
KTZ : ဇင်ရိုက်ဖို့ ရုပ်ရှင်ကားကြီးတွေရှိတယ်။ စကိုင်းနက်နဲ့ ရိုက်မယ့်ကားတွေလည်း ထပ်ပြီးတော့ ပြောထားတာလေးတွေရှိပါတယ်။ ဒါပေမဲ့ ဇင်က ကာရိုက်တာ ထပ်တယ်ဆိုရင်တော့ ဇင်မရိုက်ဘူးပေါ့နော်။ ဇင် ဇာတ်လမ်းတစ်ခုကို ကိုယ်တိုင်ကြိုက်မှပဲ ကာရိုက်တာကို ရွေးချယ်ပြီးရိုက်မယ်။ လက်ရှိရုံတင်မယ့် ကားတွေလည်းရှိတော့ ပရိသတ်ရဲ့ အသံကို နားထောင်ချင်တယ်။ 

Voice : သရုပ်ဆောင်ကစ်ကစ် ကျန်းမာရေးအတွက် ဘာတွေများ ထပ်လုပ်ပေးထားသေးလဲ။
KTZ : မကစ်ရောဂါက ကုရင်ပျောက်တာမျိုးတော့ မဟုတ်ဘူး။ ကျောက်ကပ်က လုံးဝ အစားထိုးလိုက်မှပဲ ပျောက်သွားမယ်။ ကျောက်ကပ်ဆေးတယ်ဆိုတာကတော့ အားလုံးသိတဲ့အတိုင်း မသေမချင်း ဆေးရတာလေ။ အဲတော့ မသေမချင်း တာဝန်ယူပြီး ကုပေးရမယ်။ ဒါတစ်ခုတော့ရှိတယ်။ လုံးဝ ပျောက်သွားချင်ရင်တော့ အစားထိုး ကုမှရမှာပါ။ ကျောက်ကပ်အလှူရှင်လည်း ပေါ်တယ်။ ဘတ်ဂျက်အနေနဲ့ လုပ်နိုင်တယ်ဆိုရင် ကျောက်ကပ်အစားထိုးသွားမယ်။ ဒါကတော့ သူနဲ့ ဇင်နဲ့ မျှော်လင့်ချက်ပေါ့။ ဇင်ကတော့ မကစ်ရဲ့ နေရေးစားရေးကိုပဲ တာဝန်ယူထားတာပါ။

ခင်ညိုညိုသိမ့်