News

POST TYPE

INTERVIEW

ပြေတီဦးနဲ့ တွေ့ဆုံခြင်း
03-Sep-2019
“လွန်ခဲ့တဲ့ ဆယ်နှစ် အခုလိုချိန်ပေါ့နော်။ ပြန်ကြည့်လိုက်မယ်ဆိုရင် ကြောက်စရာကြီးပဲ”



နာမည်ကျော် သရုပ်ဆောင်ပြေတီဦးနဲ့ တွေ့ဆုံခိုက် ပြေတီဦးဖောင်ဒေးရှင်း ဆယ်နှစ်ပြည့်အကြောင်း၊ ရန်ပုံငွေ ထပ်ရှာပြီး ပညာရေးတက္ကသိုလ်ကျောင်းသားတွေကို ထပ်ပြီးကူညီပေးဖို့ အကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : ပြေတီဦးဖောင်ဒေးရှင်း ဆယ်နှစ်ပြည့်သွားပြီဆိုတော့ စိတ်ထဲဘယ်လိုမျိုး ပီတိဖြစ်မိလဲ။
PTO : လွန်ခဲ့တဲ့ ဆယ်နှစ် အခုလိုချိန်ပေါ့နော်။ ပြန်ကြည့်လိုက်မယ်ဆိုရင် ကြောက်စရာကြီးပဲ။ အားလုံးပေါင်းမှ သိန်းတစ်ရာပဲ ရှိတာလေ။ သိန်းတစ်ရာလေးနဲ့ ဒီဖောင်ဒေးရှင်းကိုစပြီးတော့ လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြန်တွေးလို့ရှိရင်တော့ ဖြစ်နိုင်ပါ့မလားပေါ့နော်။ စဉ်းစားချင်စရာ အချိန်ပေါ့နော်။ ကြားထဲမှာရှိတဲ့နှစ်က တော်တော်လေးကြိုးစားပြီး ရုန်းကန်ခဲ့ရတယ်။ ပြန်တွေးရင်တော့ ကြက်သီးထတယ်။ ဒီအချိန်မှာတော့ ပျော်နိုင်တာပေါ့နော်။ 

Voice : ပြေတီဦးဖောင်ဒေးရှင်းက ကလေးတွေကိုရော ဘယ်လို စိတ်ဓာတ်ခွန်အားတွေ ပေးဖြစ်လဲ။
PTO : လူတစ်ယောက်ရဲ့ ခံယူချက်တွေ လူတစ်ယောက်ရဲ့ စဉ်းစားပုံတွေ အဲဒါတွေကို သူတို့နဲ့ ဆွေးနွေးဖြစ်တယ်။ သူတို့စိတ်ထဲမှာ ဘယ်လိုထင်နေတာလဲ။ ဘယ်လိုယူဆထားလဲ။ အဲဒါလေးတွေ သိရအောင် သူတို့ကို မေးတယ်။ မေးပြီးတဲ့ အခါမှာ ကိုယ်က ပြင်ပေးစရာရှိရင်တော့ ဒီလိုမဟုတ်ဘူး။ လူဆိုတာ အခက်အခဲကတော့ လူတိုင်းမှာ ရှိတာပဲ။ အခု ပြေတီဦးလုပ်နိုင်တယ် ကိုင်နိုင်တယ်၊ အောင်မြင်တယ် စသည်ဖြင့် မြင်ကောင်းမြင်မယ်။ အဲဒါက မွေးကတည်းက သူ့အလိုလို အလကား ရတာမဟုတ်ဘူး။ အစ်ကိုတို့မှာ အောက်ခြေသိမ်းလုပ်ခဲ့ရတဲ့အချိန်တွေ အများကြီး ရှိတယ်။ ရှုတင်တံမြက်စည်းလှည်းခဲ့ရတယ်။ မှန်ထိုးခဲ့ရတယ်။ ကိုယ့်ဆရာတွေ ခိုင်းတာမှန်သမျှ အကုန်လုံးလုပ်ခဲ့ရတယ်။ လူဆိုတာ မွေးကတည်းက အစစအရာရာ ပြီးပြည့်စုံနေတာမျိုး မဟုတ်ဘူး။ ကိုယ့်ကို ဖြစ်အောင်လုပ်နိုင်မယ့် စိတ်ဓာတ်ကို မွေးမြူရမယ်လို့ ယုံကြည်သွားအောင် ပြောပြပေးရတယ်။ အဲဒါလည်း ကျွန်တော်လိုချင်တဲ့ အခြေအနေလေးပါ။ 

Voice : ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ ထပ်တိုးချဲ့ဖို့ ရှိသေးလဲ။ 
PTO : ကျွန်တော် ရန်ပုံငွေလေးတွေ ထပ်ရှာဖို့ အစီအစဉ်လေးတွေ ရှိပါတယ်။ ထပ်ပြီးတော့များ ရှာဖွေလို့ရနိုင်မယ်ဆိုရင် ပညာရေးတက္ကသိုလ်ကျောင်းသားတွေကို ကျွန်တော်ဆက်ပြီးတော့ နိုင်သလောက်လေး တာဝန်ယူချင်ပါတယ်။ အခု ကျွန်တော့်ဆီမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဥပဒေ၊ စီးပွားရေးတက္ကသိုလ် ကျောင်းသားတွေ ရှိတယ်။ စီးပွားရေးကတော့ နှစ်စဉ်နှစ်တိုင်း ခေါ်တာမျိုးတော့ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ပါဆင်နယ်ပေါ့၊ ကျွန်တော်ကိုယ်တိုင် တာဝန်ယူပြီးတော့ ကျောင်းထားပေးတဲ့ ကျောင်းသား နှစ်ယောက် သုံးယောက် ရှိတယ်။ 

Voice : ကလေးတွေကို ပညာတတ်ကြီးဖြစ်ဖို့ ကူညီပေးနေတဲ့ ကိုပြေတီဦးကရော ပညာရေးရည်မှန်းချက် ဘယ်လောက်ထိ ထားခဲ့တာမျိုးရှိလဲ။ 
PTO : ကျွန်တော်တို့မှာ ကျောင်းတက်ဖို့တော့ ကျွန်တော်တို့မှာ အရမ်းကြီးခက်ခက်ခဲခဲတော့မရှိခဲ့ပါဘူး။ သူ့ဟာနဲ့သူတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ စာကျက်နေရတာက ကျွန်တော့်အတွက် ခက်ခဲနေတာ။ ကျွန်တော် စာကြိုးစားပါတယ်။ ဘဝမှာ ပညာတတ်ဖို့လိုတယ်။ မလုပ်မဖြစ် လုပ်ကိုလုပ်ရမယ့်အရာတစ်ခု၊ အသိစိတ်ဓာတ်နဲ့ ကျွန်တော်ကြိုးစားတာပေါ့နော်။ ရင်ထဲအသည်းထဲကနေ စာကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ ဝါသနာပါလို့ လုပ်ခဲ့တာမျိုးတော့ မဟုတ်ဘူး။ ပညာရေးအတွက် ရည်မှန်းချက်ကြီးတဲ့သူတွေကို ဖောင်ဒေးရှင်းကနေ ကူညီပေးသွားမှာပါ။

ခင်ညိုညိုသိမ့်