News

POST TYPE

INTERVIEW

မင်းသန့်မောင်မောင်နဲ့ တွေ့ဆုံခြင်း
01-Sep-2019
“ပရိသတ်တွေအတွက် အရသာသစ်တစ်ခု ပေးနိုင်တာပေါ့နော်”



မင်းသန့်မောင်မောင်နဲ့ တွေ့ဆုံခိုက် တိမ်တွေပေါ်မှာနေတဲ့ပန်းရုပ်ရှင်ဇာတ်ကားကို လက်ထောက်ဒါရိုက်တာအနေနဲ့ ရိုက်ကူးဖြစ်တဲ့အကြောင်းနဲ့ ရှေ့ဆက်လုပ်သွားမယ့် အနုပညာအကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : တိမ်တွေပေါ်မှာနေတဲ့ပန်း ရုပ်ရှင်ဇာတ်ကားကို ချင်းတောင်မှာ ရိုက်ကူးခဲ့ရတဲ့ အတွေ့အကြုံလေးတွေ ပြောပြပါဦး။
MTMM : ချင်းတောင်မှာ အခက်အခဲတွေတော့ အများကြီးကြုံရတယ်။ အဓိကတော့ ကျွန်တော်တို့ မိုးတွင်းမှာ ရိုက်တယ်။ ဘာလို့ ကျွန်တော်တို့ မိုးတွင်းမှာ ရိုက်ရလဲဆိုတော့ မိုးရွာတဲ့အချိန်မှာ တိမ်တွေက လှတယ်လေ။ ကျွန်တော်တို့က ကြိုးစားပြီးသွားရတယ်။ အခက်အခဲတွေတော့ ရှိတာပေါ့။ တောင်တွေပေါ်မှာ သွားရတာတို့၊ ချိုင့်တွေဘာတွေ ကျော်ဖြတ်ရတာတို့ အများကြီးပဲ။ တစ်နေ့ကျရင်တော့ ကျွန်တော်တို့ ပိုပြီးတော့ ပျော်မှာပါ။ 

Voice : တိမ်တွေပေါ်မှာ နေတဲ့ပန်းက မင်းသန့်အတွက် ဘဝမှတ်တိုင်ကြီးတစ်ခု ဖြစ်နေမလား။ 
MTMM : ဒီဇာတ်ကားအတွက်ကို လုံးဝကို ကြိုးစားခဲ့တယ်။ ပရိသတ်တွေအတွက် အရသာတစ်ခု ပေးနိုင်တာပေါ့နော်။ အဲဒီအတွက်လည်း ကြိုးစားခဲ့တယ်။ ရိုက်ချက်တွေကအစ ဇာတ်ညွှန်းတို့ ဘာတို့ ကာလာစသဖြင့် အကုန်လုံး ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ ရုံတင်မယ့်အချိန်မှာတော့ အကုန်လုံးတွေ့မယ်လို့ ထင်ပါတယ်။ 

Voice : ကိုရီးယားက အနုပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ရတာဆိုတော့ မင်းသန့်အတွက် ဘယ်လိုမျိုး အတွေ့အကြုံရစေလဲ။
MTMM : အဓိကတော့ သူတို့ရဲ့ စိတ်ဓာတ်၊ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို အတော်လေးကို အတုယူလို့ရတယ်။ အတုယူလို့ကောင်းတဲ့ဟာတွေ အများကြီးရှိတာပေါ့။ ကျွန်တော်လည်း လူငယ်ပဲဆိုတော့ အတွေ့အကြုံနည်းတော့ သူတို့ဆီကအရမ်းလေ့လာခဲ့တယ်။ ကိုရီးယားမှာရိုက်တော့ ပရိုဂျူဆာနဲ့ စကား ပြောဖြစ်တယ်။ သူတို့ရဲ့ ရင်ထဲမှာရှိတဲ့ အကြောင်းလေးတွေကို ပြောပြတယ်။ ကိုရီးယားစနစ်တွေက အရမ်းပရော်ဖက်ရှင်နယ်ဖြစ်တယ်။ အတူတူရိုက်ရတော့လည်း ဝမ်းသာပါတယ်။ 

Voice : နောက်ထပ်ဖန်တီးမယ့် အနုပညာတွေရော ရှိဦးမလား။
MTMM : ကျွန်တော် သေချာတော့ ပြောလို့ မရသေးဘူးပေါ့နော်။ အဖေနဲ့လည်း ဆွေးနွေးနေတယ်။ ကျွန်တော်လည်း တချို့ ပရိုဂျူဆာ၊ စပွန်ဆာတွေနဲ့ ဆွေးနွေးနေတယ်။ ဇာတ်လမ်းလည်း ရှာနေတယ်။ ဇာတ်လမ်းကလည်းရေးနေတုန်း။ သုံးခုလောက်တော့ရှိတယ်။ ဇာတ်ညွှန်းပြီးမှပဲ ပြောလို့ရမယ်။ 

Voice : မင်းသန့်အတွက်ဆို ဦးမောင် (စင်ရော်မောင်မောင်) က အမြဲ ပံ့ပိုးပေးတယ်နော်။ အဲဒီအတွက် အဖေ့ကိုရော ဘယ်လိုများ ပြောချင်လဲ။
MTMM : အဖေ ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ကို ဒီလိုမျိုး အခွင့်အရေးတွေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ 

ခင်ညိုညိုသိမ့်