News

POST TYPE

INTERVIEW

နီနီခင်ဇော်နဲ့ တွေ့ဆုံခြင်း
28-Aug-2019
“နီနီတို့ လုပ်မယ့်အလုပ်က ဒရာမာဇာတ်လည်းမဟုတ်ဘူး။ ပုံမှန်ရိုက်တဲ့ ဇာတ်လည်းမဟုတ်ဘူး”



အဆိုတော်နီနီခင်ဇော်နဲ့ တွေ့ဆုံခိုက် ဇာတ်လမ်းရေးပြီး ရုပ်ရှင်ရိုက်တော့မယ့် အကြောင်းနဲ့ မန္တလေးမှာပြုလုပ်မယ့် Revaluation ဖျော်ဖြေပွဲနဲ့ပတ်သက်တဲ့ အကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : လက်ရှိမှာ အနုပညာနဲ့ ပတ်သက်ပြီး ဘာတွေများ လုပ်ဖြစ်နေလဲ။ 
NNKZ : စက်တင်ဘာလမှာထွက်မယ့် တစ်ကိုယ်တော်အခွေအတွက် အသံသွင်းနေပါတယ်။ ဆယ်လပိုင်းကျရင်တော့ နီနီရဲ့ Revaluation ဖျော်ဖြေပွဲ ရှိတယ်။ သုံးခါမြောက်တင်ဆက်မယ့် ပွဲလေးလာပါတော့မယ်။ အဲဒီအတွက်လည်း ပြင်ဆင်နေပါတယ်။ နီနီအပါအဝင် နီနီအဖွဲ့သားတွေ အကုန်လုံးက ဆန်းသစ်မယ့်အရာတွေကို ပရိသတ်ကို ဘယ်လိုပေးမလဲဆိုတာကို စဉ်းစားနေကြပါတယ်။ ဒီတစ်ခါ ထူးခြားတာက မန္တလေးမှာလုပ်မှာဖြစ်တဲ့အတွက် နယ်မြေအသစ်၊ ပရိသတ်အသစ်တွေနဲ့ တွေ့ရမှာပါ။ မန္တလေးက ပရိသတ်တွေကြိုက်မယ့် ဒီဇိုင်းမျိုး၊ အနေအထားအမျိုးမျိုးကို နီနီတို့ ဖန်တီးနေရပါတယ်။ 

Voice : ရုပ်ရှင်ရိုက်ဖို့ ဇာတ်လမ်းရေးနေတယ်ဆိုတော့ ဘယ်လိုမျိုးများဖြစ်မလဲ။
NNKZ : နီနီလုပ်တယ်ဆိုတာက အနုပညာဆိုတာ အကုန်လုံးပူးပေါင်းပြီးမှ လုပ်ကြတာ။ တစ်ယောက်တည်း လုပ်တာလည်းမဟုတ်ဘူး။ ဒီထဲမှာ ဇာတ်ညွှန်းရေးတဲ့သူတွေရော၊ သီချင်းတွေ ပုံဖော်တဲ့သူတွေရော အကုန်လုံး ပူးပေါင်းပြီးတော့ လုပ်ကြတဲ့အလုပ်ပါ။ ဒါကြောင့်မို့ တစ်ယောက်တည်း လုပ်တယ်လို့ မပြောချင်ပါဘူး။ 

Voice : ဒါဆို ကိုယ်ပိုင်အကြံဉာဏ်တွေရော ပါသေးလား။
NNKZ : နောင်နှစ်မှ ပရော့ဂျက်ဖြစ်တဲ့အတွက် လောလောဆယ်တော့ အခွေထွက်ဖို့၊ ရှိုးလုပ်ဖို့ အတွက်ကိုပဲ ခုတော့ အာရုံစိုက်နေတယ်ပေါ့နော်။ ဒါပေမဲ့ နီနီတို့အဖွဲ့က ပြောတဲ့ဇာတ်လမ်းတွေက အကုန်လုပ်နေပြီ။ ပြီးသလောက်လည်းရှိနေပြီ။ ကြိုတင်ပြင်ဆင်မှုတွေက ပြီးသလောက်ရှိနေပြီ။ ပြီးသွားပြီဆိုရင်တော့ အားလုံးနဲ့ အစည်းအဝေးပြန်ထိုင်ပြီးတော့ ပြင်ဆင်ရမယ့်အပိုင်းတွေကို ကဏ္ဍတွေ အသီးသီးခွဲပေးတော့မှာပါ။

Voice : ဒါဆိုဇာတ်ကားတွေမှာ တွေ့ရတော့မှာလား။ မင်းသမီးလုပ်မှာလား။ 
NNKZ : ဒါကတော့ အရမ်းသိပ်အများကြီးတော့ စိုးရိမ်မှုမရှိဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းက စလုံးရေစခဲ့ရတဲ့အရာဆိုတော့ အစအဆုံးတော့ နောကျေနေပါပြီ။ နီနီတို့လုပ်မယ့် အလုပ်က ဒရာမာဇာတ်လည်း မဟုတ်ဘူး။ ပုံမှန်ရိုက်တဲ့ဇာတ်လည်းမဟုတ်ဘူး။ မင်းသမီးအလုပ်လည်း မဟုတ်ဘူးပေါ့နော်။ မင်းသမီးအလုပ် အဓိကမဟုတ်တဲ့အခါကျတော့ နီနီတို့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပရီသတ်တွေလည်း မကြာခင်သိရမယ်။ မြင်ရမှာပါ။ 

Voice : ကိုနေတိုးနဲ့ တွဲရိုက်မှာဆိုတော့ နီနီနဲ့ ဘယ်လိုများတွေ့ရမလဲ။
NNKZ : အတွေ့အကြုံအများကြီးရမှာပါ။ ဒါက ဂီတဘက်နဲ့ သရုပ်ဆောင်ဘက်နဲ့ပေါ့။ နှစ်ဖက်ဆိုတော့ အတွေ့အကြုံတွေ ဖလှယ်ကြရင်းနဲ့ အတွေ့အကြုံ အများကြီးရမယ်လို့ ထင်ပါတယ်။

ခင်ညိုညိုသိမ့်