News

POST TYPE

INTERVIEW

ဒေါက်တာသူရဇော်နှင့် တွေ့ဆုံခြင်း
21-Aug-2019

ကလေးများနှင့် သွေးအားနည်းခြင်း

မြန်မာနိုင်ငံတွင် သွေးအားနည်းရောဂါသည် အဖြစ်များသည့် ရောဂါတစ်ခုဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားအာဟာရနှင့် သုတေသနဌာနခွဲက ကောက်ယူထားသည့် အဏုအာဟာရ စစ်တမ်းအရ သိရှိရသည်။ ထို့ကြောင့် သွေးအားနည်းရောဂါဖြစ်ပွားမှု၊ သတိပြုရမည့်အခြေအနေများကို သိရှိနိုင်ရန် ပုသိမ်မြို့မှ ဒေါက်တာသူရဇော် (ကလေးအထူးကုဆရာဝန်) နှင့် The Voice Daily က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : သွေးအားနည်းရောဂါ ဘာကြောင့်ဖြစ်စေတာပါလဲဆရာ။
Dr.TYZ : သွေးအားနည်းတယ်ဆိုတဲ့နေရာမှာ ထုတ်လုပ်မှု အားနည်းတာရယ်၊ သုံးစွဲမှုအားများတာရယ်၊ ခန္ဓာကိုယ်အတွင်း ပျက်စီးဆုံးရှုံးမှု များတာရယ်ဆိုပြီး အချက်သုံးချက်ရှိတယ်။ ကလေးတွေမှာတော့ ဒီအကြောင်းအရာ သုံးခုစလုံးတွေ့ရှိရတယ်။ မြန်မာနိုင်ငံမှာ အသက် ၆ လကနေ ၃ နှစ်အတွင်းမှာ ကလေး တော်တော်များများမှာ သွေးအားနည်းတာကို တွေ့ရှိရတယ်။ နောက်ပြီး မိခင်က ကိုယ်ဝန်ဆောင်တဲ့အချိန်ကတည်းက သွေးအားနည်းရောဂါ ခံစားနေရတာရှိတဲ့အခါမှာ ကလေးငယ်မှာလည်း သွေးအားနည်းတာ ဖြစ်လာနိုင်တယ်။ ကလေးတွေက ပေါင်မပြည့်၊ လမစေ့ဘဲ မွေးတာ၊ နောက်တစ်ခုက မွေးစကနေ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုအားကိုးနေရတဲ့အချိန်မှာ မိခင်က အာဟာရ စုံလင်အောင် မစားတာတွေကြောင့် မိခင်နို့ထဲမှာပါလာတဲ့ အာဟာရတွေ ချို့တဲ့မှုကြောင့် ၆ လအောက် ကလေးငယ်တွေမှာလည်း သွေးအားနည်းရောဂါ ဖြစ်ပွားကြတယ်။ အသက် ၆ လ ကျော်သွားတဲ့အချိန် ဖြည့်စွက်စာ ကျွေးတဲ့အခါမှာလည်း အာဟာရစုံလင်အောင် ကျွေးလေ့ကျွေးထမရှိတာရယ်၊ နောက်ပြီး အာဟာရဆိုတဲ့အထဲမှာ သံဓာတ်၊ ဗီတာမင်- B12, Folic Acid ဓာတ်တွေ ချို့တဲ့တာကလည်း ကလေးငယ်တွေ သွေးအားနည်းရောဂါကို ဖြစ်စေတယ်။ မြန်မာနိုင်ငံမှာ ကလေးကို ဖြည့်စွက်စာ ကျွေးတဲ့အချိန်မှာ ထမင်း၊ ဆီ၊ ဆားလောက်နဲ့ပဲ ကျွေးကြတယ်။ ဆန်တစ်မျိုးတည်းကိုပဲ ကစီတိုက်ကျွေးတဲ့အလေ့အထ ဒီနိုင်ငံမှာ တအားရှိတယ်။ ဖြည့်စွက်စာထဲမှာ ဝါ၊ စိမ်း၊ နီ အကုန်ပါရမယ်။ သံဓာတ်ပြည့်ဝတဲ့ အသား၊ ဟင်းသီးဟင်းရွက်တွေကို ကျွေးတဲ့အလေ့အထမရှိတော့ ပိုခံစားရတယ်။ ကလေးတွေရဲ့ သဘာဝတရားအရ မွေးစကနေ ၃ လအတွင်းမှာ သွေးနီဥ အမျိုးအစားပြောင်းလဲမှုကြောင့်လည်း သွေးအားနည်းရောဂါဖြစ်ကြရတယ်။

အသက် ၃နှစ်အောက် အချိန်ကာလက ကလေးတစ်ယောက်အတွက် ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ခုခံကာကွယ်မှုစနစ် ဖွံ့ဖြိုးမှုစတာတွေ အရှိန်အဟုန် အမြင့်ဆုံး လုပ်ဆောင်ချိန်မှာ ကိုယ်ခန္ဓာအတွင်း သိုမှီးထားတဲ့ အာဟာရတွေကို အများဆုံး အသုံးပြုတာကြောင့်လည်း အာဟာရလုံလောက်အောင် ပြန်လည်ဖြည့်တင်း မကျွေးနိုင်ရင် အာဟာရချို့တဲ့တာသာမကဘူး၊ ဖွံ့ဖြိုးမှုတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ မိခင်က သံဓာတ်ပြည့်ဝတဲ့အစားအစာ၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို မစားတဲ့အတွက် မိခင်ကိုယ်တိုင် သွေးအားနည်းတယ်။ မိခင်က သွေးအားနည်းတဲ့အတွက် မိခင်နို့တစ်မျိုးတည်းကို စို့ရတဲ့ကလေးကလည်း အာဟာရပြည့်ဝအောင်မရဘူး။ နောက်ပြီး ၆ လပြည့်လို့ ဖြည့်စွက်စာကျွေးတဲ့အခါမှာလည်း အာဟာရပြည့်ဝအောင် မကျွေးတဲ့အတွက် သွေးအားနည်းတာကိုဖြစ်တယ်။ နောက်ထပ် သတိထားရမှာက အချို့ဒေသတွေမှာတော့ ခဲအဆိပ်သင့်တာကြောင့် သွေးအားနည်းရောဂါတွေဖြစ်တယ်။ ဘက်ထရီအိုးကျိုတဲ့လုပ်ငန်းတွေမှာ နေတဲ့ကလေးငယ်တွေနဲ့ အထူးသဖြင့် ရေလုပ်ငန်းလုပ်တဲ့ဒေသတွေမှာ ငါးပိုက်တွေကို ခဲသီးနဲ့တွဲပြီး ငါးဖမ်းပိုက်တွေထည့်တဲ့အခါ ခဲသီးတွေ ကျိုရတယ်၊ အဲဒါတွေနဲ့ ကလေးတွေ ထိတွေ့ပြီး ဖြစ်တတ်တယ်။

Voice :  ဒီလိုသွေးအားနည်းတာတွေကြောင့် ကလေးကြီးလာတဲ့အခါ ဘယ်လိုကျန်းမာရေး ပြဿနာ တွေ့ကြုံတွေ့ရနိုင်ပါသလဲ။
Dr.TYZ : သွေးအားနည်းပြီဆိုရင် ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားမှု၊ ဦးနှောက်နှင့် ဉာဏ်ရည် ဉာဏ်သွေးတွေက ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘူး။ ကြီးထွားသင့်သလောက်လည်း မကြီးထွားဘူး။ ရောဂါဘယတွေ ကာကွယ်နိုင်စွမ်းအား၊ ခုခံနိုင်စွမ်းအားတွေ ကျဆင်းလာမယ်။ ဒီတော့ ကလေးတွေက ပိန်လှီနေတာတွေ၊ ပုညှက်နေတာတွေဖြစ်နိုင်တယ်။ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျပြီးတော့ စာမှာ အာရုံမစိုက်နိုင်တာ၊ စာကောင်းကောင်း မဖတ်နိုင်တာ၊ အလုပ်တစ်ခုကို တစိုက်မတ်မတ် အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့စွမ်းရည်တွေ လျော့ပါးနေတာကို တွေ့ရမယ်။ အလွန်အမင်း သွေးအားနည်းလာမယ်ဆိုရင် နှလုံးကိုပါ ထိခိုက်ပြီးတော့ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တယ်။

Voice :  သွေးအားနည်းတာရဲ့ ရောဂါလက္ခဏာတွေကရော။ 
Dr.TYZ : သွေးအားနည်းတာများမယ်ဆိုရင် ကလေးက သာမန်ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်၊ အရပ်၊ အလုံးအထည်တွေ မရှိတာဖြစ်နိုင်တယ်။ လူက ဖြူဖတ်ဖြူရော်ဖြစ်တတ်တယ်။ သူ့ရဲ့လက်သည်းခွံတွေက ခြောက်ကပ်ပြီး အစင်းကြောင်း ပေါ်နေတာတွေ ဖြစ်နိုင်တယ်။ ဒါက နာတာရှည်သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတဲ့ရောဂါတွေမှာ ဇွန်းလေးလိုခွက်နေတာ တွေ့ရတတ်တယ်။ သွေးအားနည်းရင် ခဏခဏ ဖျားတယ်၊ အဖျားတာရှည်တာ၊ အနာမကျက်တာတွေလည်း ဖြစ်နိုင်တယ်။

နောက်ပြီး မိခင်နို့မတိုက်ဘဲ နို့ဆီတွေ ဖျော်တိုက်တာ၊ မွေးကင်းစကလေးတွေသောက်ဖို့ ဖော်ထားတဲ့ နို့မဟုတ်ဘဲ လက်ဖက်ရည်၊ ကော်ဖီဖျော်ဖို့ ထုတ်ထားတဲ့နို့မှုန့်တွေကို တိုက်ခြင်းကလည်း ကလေးတွေ သွေးအားနည်းရောဂါဖြစ်ရတဲ့အကြောင်းရင်းထဲမှာပါတယ်။

Voice :  ဘယ်လိုကုသမှုမျိုးတွေ လုပ်ပေးလို့ရနိုင် ပါသလဲ။ ကြိုတင်ကာကွယ်မှုအနေနဲ့ကရောဆရာ။
Dr.TYZ : ကုသမှုက ပင်မရောဂါကိုပဲ ပြန်ကုရမယ်။ အကယ်၍ သံဓာတ်ချို့တဲ့တယ်ဆိုရင် သံဓာတ်ဖြည့်ပေးရမယ်။ ရောဂါတစ်ခုခုကြောင့် ပျက်စီးဆုံးရှုံးတာတွေရှိရင် အဲ့ဒီရောဂါကို ပျောက်ကင်းအောင် ကုသရမယ်။ နောက်တစ်ခုက သန်ကောင်ကြောင့် သွေးအား နည်းရောဂါဖြစ်တယ်ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ သန်ချတဲ့အလေ့အထရှိအောင် လုပ်ပေးရမယ်။ မွေးရာပါရောဂါတွေကြောင့် ပြင်းထန်စွာ သွေးအား နည်းတယ်ဆိုရင် လိုအပ်သလို သွေးသွင်းကုခြင်းအားဖြင့် ရောဂါကိုကုပေးရမယ်။

ကြိုတင်ကာကွယ်မှုအနေနဲ့ကတော့ အာဟာရ ပြည့်ဝအောင် စားသောက်ဖို့ပါ။ ကိုယ်ဝန်ဆောင်မိခင် ဘဝကနေစပြီးတော့ အာဟာရစုံလင်အောင် စားဖို့၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ဖို့၊ မိခင်တွေလည်း သန်ချဖို့လိုတယ်။ သန်ချတာကို ၄ လကနေ ၆ လ တစ်ကြိမ် ချပေးရမယ်။ အဓိကကတော့ အစားအသောက်ပဲ၊ အစားအသောက်မှာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ စုံလင်အောင် နေ့စဉ် စားသောက်ရမယ်။ ကလေးငယ်တွေမှာ လက်ဖက်စားတာကို လျှော့ချရှောင်ကြဉ်ပေးရမယ်။ လက်ဖက်က ကိုယ်ခန္ဓာမှာ သံဓာတ်စုပ်ယူဖို့အတွက် ရန်သူဖြစ်တယ်။

Voice :  ဆရာ့အနေနဲ့ ဖြည့်စွက်စကားလေး ပြောပေးပါဦး။
Dr.TYZ : ကိုယ်ဝန်မယူခင်အချိန်ကနေစပြီးတော့ ကလေးအသက် ၂ နှစ်အထိ (ရက်တစ်ထောင်) မိခင်က အာဟာရပြည့်ဝအောင်စားရမယ်။ ကျန်းမာစွာ နေထိုင်ရမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဦးစားပေးရမယ်။ ကိုယ်ဝန်ဆောင်နဲ့ မီးဖွားချိန်တွေမှာ မလိုအပ်ဘဲ ရိုးရာအစွဲတွေနဲ့ အာဟာရရှိတဲ့ အစားအသောက်တွေကို မှားယွင်းစွာ ရှောင်ကြဉ်ခြင်း (အသားစားရင် ကလေးသန်ထမှာစိုးတာ စတဲ့အချက်တွေ)ကို မပြုလုပ်ရပါဘူး။ မိခင်နို့ကိုတိုက်ကျွေးရမယ်။ အသက်တစ်နှစ်ကျော်တဲ့အချိန် ပုံမှန်သန်ချပေးရမယ်။ နောက်ပြီးကလေးက ဖြူဖျော့နေတယ်ဆိုရင် နီးစပ်ရာဆရာဝန်နဲ့ပြရမယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ