News

POST TYPE

INTERVIEW

နေတိုးနဲ့ တွေ့ဆုံခြင်း
18-Aug-2019
“ဆိုးခြင်းကောင်းခြင်းဆိုတာ မိမိလုပ်တဲ့ စိတ်ထားအပေါ်၊ လုပ်ရပ်ပေါ်မှာ မူတည်တယ်”



နာမည်ကျော်သရုပ်ဆောင်နေတိုးနဲ့တွေ့ဆုံခိုက် အထက်တန်းစားရုပ်ရှင် ဇာတ်ကားအကြောင်း ကနားစီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပုံနဲ့ နတ်ရိုးရာ ကိုးကွယ်ယုံကြည်မှု အကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : အထက်တန်းစားရုပ်ရှင်မှာ အောင်စည်ဆိုတဲ့ကာရိုက်တာက စိန်ခေါ်မှုရှိတယ်ဆိုတော့ ဘာကြောင့် လက်ခံဖြစ်တာလဲ။
NT : ဒီဇာတ်ရုပ်က ကျွန်တော့်ပရိသတ်တွေ ကြည့်ချင်တဲ့ ဇာတ်ရုပ်လို့လည်းမြင်တယ်။ နောက်တစ်ခုကျတော့ နောက်တစ်နည်းပေါ့။ ကြိုးစားခွင့်ရတဲ့ ဇာတ်ရုပ်လည်းဖြစ်တယ်။ ဇာတ်ရုပ်အပါအဝင် ဇာတ်ကားရဲ့တင်ပြမှုပုံစံ ကားရဲ့ရည်ရွယ်ချက်လေးက ရုပ်ရှင်သမိုင်းမှာရော ရုပ်ရှင်ကြည့်ပရိသတ်တွေအနေနဲ့ လာကြည့်တဲ့အချိန်၊ ပေးလိုက်ရတဲ့အချိန် တန်မယ့် ပေးဆပ်မှုမျိုးကို ဒီကားက ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် ဒီကားလေးကိုရိုက်ဖြစ်တာပါ။ ကာရိုက်တာကတော့ ကနားစီးပါ။ ကျွန်တော် တစ်ခါမှ မလုပ်ဖူးပါဘူး။ 

Voice : ကနားစီးတစ်ယောက်ဖြစ်ဖို့ ဘာတွေ လေ့လာခဲ့ရလဲ။ 
NT : လေ့လာမှုအပိုင်းကတော့ ဝတ္ထုကို ဖတ်ကတည်းက တော်တော်များများ လေ့လာ ဆည်းပူးရမယ်။ အချိန်ပေးရမယ်ဆိုတာလည်း သိတယ်။ ကျွန်တော် Preproduction မှာလည်း ပြင်ဆင်ခဲ့တယ်။ အပြင်မှာရှိတဲ့ ကနားစီးတွေ၊ ဆရာကြီးတွေနဲ့ မိတ်ဆက်တယ်။ ရှုတင်ကိုလာပြီးတော့လည်း ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးတယ်။ ကျွန်တော် ရိုက်ချင်တဲ့ဇာတ်ကားဖြစ်တဲ့အခါကျတော့ တကယ်ထွက်လာတဲ့ရလဒ်ကလည်း တော်တော်လေး အားရကျေနပ်မှုရှိပါတယ်။ 

Voice : ဒီကားရိုက်ရင်းနဲ့ ထူးခြားတာမျိုးတွေရှိခဲ့လား။
NT : ကျွန်တော်တို့ မြန်မာပြည်မှာ နတ်ကိုးကွယ်မှုတွေရှိတယ်။ အထက်လမ်း၊ အောက်လမ်း ပုံစံမျိုးတွေ ဒီထဲမှာ အရိပ်အငွေ့လေးတွေ ပါတယ်။ ကိုးကွယ်ယုံကြည်မှုဆိုတာကလည်း ငြင်းလို့မရတဲ့ ကိုးကွယ်ယုံကြည်မှုတစ်ခုပေါ့နော်။ မြန်မာပြည်မှာ နတ်ရိုးရာကိုးကွယ်ယုံကြည်မှုက ရှိနေတုန်းပဲပေါ့။ ဘယ်လိုပဲ ကိုးကွယ်ယုံကြည်ယုံကြည်၊ ဘယ်လိုအလုပ်ပဲလုပ်လုပ် လူတစ်ယောက်က သီလသမာဓိရှိပြီး စိတ်ထားဖြူစင်တယ်ဆိုရင် အထက်တန်းစားဆိုတဲ့ စိတ်ဓာတ်ကိုပိုင်ဆိုင်နိုင်တဲ့ဟာမျိုးလေးတွေ၊ လူနေမှုစနစ်၊ အဆင့်အတန်းကို သတ်မှတ်ထားတဲ့ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ စိတ်အဆင့်အတန်းနဲ့ အထက်တန်းကျတဲ့စိတ်၊ အောက်တန်းကျတဲ့စိတ်ဓာတ်မျိုးဆိုတာ ဘယ်လိုမျိုးလဲဆိုတာ မီးမောင်းထိုးပြထားတယ်။ ကနားစီးတစ်ယောက်ရဲ့ ကာရိုက်တာမှာ စိတ်ထားဖြူစင်တယ်။ သမာသမတ်ရှိတယ်။ သီလသမာဓိရှိတဲ့ လူတစ်ယောက်ရဲ့ ကာရိုက်တာမျိုးကို ထည့်ပေးထားတဲ့ ဒီကားက တော်တော်လေးကို ကြည့်ရှုတဲ့ပရိသတ် ကြိုက်နှစ်သက်မယ့် ခံစားမှုမျိုးနဲ့ ကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်မျိုးလို့ ကျွန်တော်ယူဆပါတယ်။ 

Voice : ကိုးကွယ်ယုံကြည်မှုတွေနဲ့ ပတ်သက်ပြီးတော့ ကိုနေတိုးအနေနဲ့ ဘယ်လိုယူဆထားပါသလဲ။ 
NT : ကိုးကွယ်ယုံကြည်မှုဆိုတာကတော့ တစ်ယောက်တစ်မျိုးစီရှိကြတယ်။ ကိုယ့်ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ယုံခြင်းမယုံခြင်းဆိုတာကလည်း မျိုးစုံကွဲပြားကြတယ်။ အဓိကကျတာကတော့ လူတစ်ယောက်ရဲ့ ဖြတ်သန်းမှုမှာ ကိုးကွယ်ယုံကြည်မှုကတော့ သက်သက်ရှိတယ်။ မိမိရဲ့ တန်ပြန်သက်ရောက်မှုက မိမိအကျိုးအတွက် မိမိသာ လုပ်မှရမယ်ဆိုတဲ့သဘော။ ဥပမာ - ဆိုးခြင်း ကောင်းခြင်းဆိုတာ မိမိလုပ်တဲ့ စိတ်ထားအပေါ်၊ လုပ်ရပ်ပေါ်မှာ မူတည်တယ်။ ကိုးကွယ်ယုံကြည်မှုဆိုတာ ကာရိုက်တာတစ်ခုပေါ်မှာယူလိုက်တာပါ။ ဒီကားရဲ့ ရည်ရွယ်ချက်က အထက်တန်းကျတဲ့စိတ်ကို ထားနိုင်ဖို့အတွက်ပါပဲ။ 

ခင်ညိုညိုသိမ့်