News

POST TYPE

INTERVIEW

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် တွေ့ဆုံခြင်း
15-Aug-2019


ဓာတ်ပုံ - U Kyaw Win (FB)

“နှုတ်ကတိနဲ့ ရောင်းတဲ့ကိစ္စလေးတွေ သိပ်မလုပ်ဘဲနဲ့ တကယ်အမှန်အကန် အရောင်းအဝယ်လုပ်ပါဆိုပြီး ဆုံးဖြတ်ချက်ချထားတယ်”

လက်ရှိ ပြည်တွင်းအကယ်ဒမီရွှေဈေးနှုန်းများမှာ စံချိန်တင်ဈေးဖြစ်သည့် ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၁၂ သိန်းကျော်ကို ရောက်ရှိနေသည်။ ကမ္ဘာ့ရွှေဈေးနှင့် တိုက်ရိုက်ချိတ်ဆက်နေသည့်အတွက် ဈေးကွက် အပြောင်းအလဲမှာလည်း နေ့စဉ်ကဲ့သို့ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ရွှေဈေးတည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်က လုပ်ဆောင်နေသည့် အကြောင်းအရာများကို မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် The Voice Daily တို့ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကမ္ဘာ့ရွှေဈေးက ဒီနေ့မှာ ပြန်ပြီးထိုးကျသွားတယ်ဆိုတော့ လက်ရှိပြည်တွင်းရွှေဈေးကွက် အခြေအနေလေး သိပါရစေ။
UKW : ရွှေဈေးကွက်ကတော့ မနေ့က ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၅၃၀ ကျော်၊ ၄၀ လောက်အထိ ဖြစ်တယ်လေ။ ၁၅၃၈ လောက်အထိဖြစ်တယ်။ ဒီနေ့ (ဩဂုတ်လ ၁၄ ရက်) မှာ ပြန်ဆင်းသွားတာ ၁၅၀၀ ပတ်ချာလည်လောက် ပြန်ဖြစ်သွားတယ်။ ဖြစ်သွားရတဲ့ အကြောင်းအရင်းကတော့ မနေ့က တရုတ်နဲ့ အမေရိကန်နှစ်ဦးက ကုန်သွယ်ရေးပဋိပက္ခကို လူကြီးပိုင်းတွေက တယ်လီဖုန်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ကြတယ်။ ဒီအခွန်တိုးကောက်တဲ့ကိစ္စတွေကို ရက်ရွှေ့ပေးမယ်။ နောက် တချို့ကို မကောက်တော့ဘူးဆိုတဲ့သတင်းကြောင့် ကမ္ဘာ့ရွှေဈေးပြုတ် (ကျ)သွားတာ။ ကမ္ဘာ့ရွှေဈေးပြုတ်တော့ ဒီမှာလည်း လိုက်ပြုတ်တယ်။ ဒါပဲ။

Voice : ဆက်ကျမယ့်အခြေအနေကို မြင်လားခင်ဗျ။ ဘယ်လိုအခြေအနေ မြင်ပါသလဲခင်ဗျ။
UKW : ကျွန်တော်ထင်တာတော့ ကျပြီးတော့ ပြန်တက်မှာပေါ့။ ဘာလို့ဆို ဆိုလိုတဲ့သဘောက ဒီပဋိပက္ခက ပြေလည်သွားတယ်မဟုတ်ဘဲနဲ့ ယာယီအားဖြင့်သာ သူတို့နည်းနည်းလေး အရမ်းအကျပ်အတည်းဖြစ်တာကနေ ခဏတစ်ဖြုတ် ချောင်လည်သွားတယ်ဆိုတဲ့ သဘောလောက်ပဲရှိတယ်။ အဓိပ္ပာယ်က ရွှေဈေးလည်း ခဏတစ်ဖြုတ် ချောင်လည်သွားမယ်။ နောက်ပြီးရင် ပြန်တက်မယ်။ 

Voice : ဒါဆို ပြန်တက်မယ့်အခြေအနေရှိနေတာပေါ့နော်။
UKW : တက်မတက်တော့ အန်ကယ်ပြောဖို့ခက်တယ်။ မကျတာတော့ သေချာတာပေါ့။

Voice : ဒီ့ထက် ဆက်မကျတာတော့ သေချာတာပေါ့။
UKW : ဟုတ်တယ်။

Voice : လက်ရှိကမ္ဘာ့ရွှေဈေးတက်တာက အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့်ပဲလား။ တခြားအကြောင်းအရာရော ရှိဦးမလား။ ဘာကြောင့်ရော ဖြစ်နိုင်မလဲ။
UKW : Main ကတော့ ဒီအကြောင်းပဲ။ ဒါပေမဲ့ ဒုတိယအချက်ကျတော့ အီရန်ရဲ့ စစ်ရေးပဋိပက္ခပြဿနာကြောင့်လည်း ပါတယ်။ အဲဒီမှာ ရေနံဝယ်တဲ့ကုမ္ပဏီတွေက ရေနံတွေမဝယ်ပဲနဲ့ ရွှေဝယ်တယ်ပေါ့။ နောက်နိုင်ငံတွေက ဗဟိုဘဏ်တွေကလည်း ရွှေဝယ်ကြတယ်။ နိုင်ငံတော်တော်များများက ဗဟိုဘဏ်တွေက ရွှေဝယ်နေကြတယ်။ အဲဒီအချက်လည်းပါတယ်။ ဒါပေမဲ့ အဓိကကတော့ ဒီကုန်သွယ်ရေးပဋိပက္ခရဲ့ ဆွေးနွေးပွဲက အဓိကပဲ။

Voice : ကမ္ဘာမှာရော မြန်မာမှာရော ရွှေကုန်ကြမ်း အခြေအနေက နည်းလား၊ များလား။ လုံလောက်ရဲ့လား။ ဘယ်လိုအခြေအနေရှိပါသလဲ။
UKW : ဒီမှာကတော့ ရွှေကုန်ကြမ်းက ရှိပါတယ်။ ပြဿနာမရှိပါဘူး။ ခုနက ရွှေမရှိတာတို့၊ ရောင်းစရာ မရှိတာတို့ ဘာတို့က အန်ကယ်ထင်တာ ခဏတစ်ဖြုတ် ဈေးကို ကိုယ်ကြိုက်ဈေးမရလို့ ခဏကိုင်ထားတဲ့သဘောပဲ။ ကုန်ကြမ်းရှားသွားတယ်ဆိုတာ မရှိဘူး။ အရောင်းအဝယ်မရှိဘူးဆိုတာ မရှိဘူး။ အချိန်တိုင်းမှာ သူ့ဟာနဲ့ သူ အရောင်းအဝယ်က ရှိနေတယ်။ အချိန်တိုင်းလည်း ဝယ်လို့ရတယ်။ တစ်ယောက်မရောင်း၊ တစ်ယောက်ရောင်းမှာပဲ။ ရောင်းမယ့်လူတစ်ဦးဦးကို ရှိနေတာပဲ။

Voice : ၁၂ သိန်း စကျော်တုန်းက ရွှေဈေးက ရပ်သွားခဲ့သေးတာဆိုတော့ အခုလက်ရှိကရော အခြေအနေဘယ်လိုရှိပါသလဲ။
UKW : အန်ကယ် စိတ်ထင်တော့ မရပ်ဘူးထင်တယ်။ သူ့ဘာသူတော့ ရောင်းဝယ်နေကြတယ်။ ဈေးကွက်ရပ်သွားတာတော့ မရှိဘူး။ ဒါပေမဲ့ တချို့ကုန်သည်တွေကတော့ ဒီထက်မြတ်မလားဆိုပြီးတော့ ခဏထိန်းထားတဲ့ သဘောမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ထိန်းတဲ့ ကုန်သည် ရှိသလို ရောင်းတဲ့ကုန်သည်လည်းရှိတယ်။ ရောင်းနေကြတာပဲ။ မရပ်ပါဘူး။ 

Voice : ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ရွှေအသင်းကနေ ရွှေဈေးနှုန်းတည်ငြိမ်ရေး လုပ်ဆောင်မယ်ဆိုပြီးတော့ ပြောထားတာရှိတယ်။ အဲဒါကရော ဘယ်လိုတွေ လုပ်နေပြီး ဘယ်လိုအခြေအနေရှိပါသလဲ။
UKW : ဒါက ဒီလိုရှိပါတယ်။ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်ကနေပြီးတော့ (ဩဂုတ်လ) ၉ ရက်နေ့မှာလုပ်ခဲ့တဲ့ အစည်းအဝေး။ အဲဒါက တရားဝင်လုပ်တာ။ ၉ ရက်နေ့မှာတိုင်းနဲ့ ပြည်နယ်တွေမှာ အားလုံးလုပ်တဲ့ အစည်းအဝေးမှာ အန်ကယ်တို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်ကနေပြီး တော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ အဲဒီဆုံးဖြတ်ချက်က ရွှေကို လက်ငင်းရောင်းမယ်၊ လက်ငင်းဝယ်မယ်။ ငွေပေးပြီး လက်ငင်းရောင်း၊ လက်ငင်းဝယ်စနစ်ပဲ သုံးကြပါ။ အဲဒါဆုံးဖြတ်ချက်ချတာ။ ဆိုလိုတဲ့သဘောက ကြိုရောင်းကြိုဝယ်တွေ မလုပ်ဖို့။ နှုတ်ကတိနဲ့ရောင်း တဲ့ကိစ္စလေးတွေ သိပ်မလုပ်ဘဲနဲ့ တကယ်အမှန်အကန် အရောင်းအဝယ်လုပ်ပါဆိုပြီး ဆုံးဖြတ်ချက်ချထားတယ်။ ဒါဆိုရင် ရွှေရှားတဲ့ပြဿနာမရှိဘူး။ ရောင်းရင်ဝယ်တဲ့လူ အဆင်သင့်ရှိမယ်။ ဝယ်ချင်လည်း ရောင်းတဲ့လူ အဆင်သင့်ရှိမယ်။ ဈေးကွက်လည်း ရပ်စရာမလိုဘူး။ ပစ္စည်းပြတ်စရာလည်း ဘာမှမလိုဘူး။ သူ့ဘာသာသူ Flow ကောင်းသွားလိမ့်မယ်။ အဲဒီ ဆုံးဖြတ်ချက်ကို တိုင်းနဲ့ပြည်နယ်တွေအကုန်လုံးကို ပို့ပေးထားပြီး ဖြစ်ပါတယ်။ အဲဒီနေ့ အစည်းအဝေးမှာလည်း တိုင်းနဲ့ ပြည်နယ်က (ကိုယ်စားလှယ်တွေ) အားလုံးတက်ကြတယ်။

Voice : ဒီဆုံးဖြတ်ချက်က ထိရောက်မှုရှိပါသလား။ ဘယ်လိုအခြေအနေရှိပါသလဲ။
UKW : အဲဒီဟာကြောင့် အခု ဈေးနည်းနည်းငြိမ်ပြီး ကောင်းသွားတာပေါ့။ 

Voice : ဒီလိုထုတ်ပြန်မှုမျိုး အရင်က ရွှေဈေး ၁၀ သိန်းတွေ၊ ၁၁ သိန်းတွေဖြစ်တုန်းကရော လုပ်ဖူးလား။
UKW : သိပ်ပြီး ဒီလိုအသည်းအသန်ဖြစ်သွားရင် လုပ်လေ့ရှိပါတယ်။ ရှိခဲ့ဖူးပါတယ်။ သုံး၊ လေး၊ ငါးကြိမ်လောက် ဒီလိုလုပ်ဖူးပါတယ်။ ဒီလိုလုပ်လို့လည်း ဈေးက နည်းနည်းလေး တည်တည်ငြိမ်ငြိမ်လေး ပြန်ဖြစ်သွားတာကိုတော့ အန်ကယ်တို့ ကြုံဖူးတယ်။

Voice : အခု ရွှေဈေး မငြိမ်မသက်ဖြစ်နေတာကို အစိုးရကို အကူအညီတောင်းတာမျိုးတွေ လုပ်ထားတာရှိလား။
UKW : အစိုးရကို အကူအညီတောင်းဖို့ဆိုတာက ဥပမာ ဈေးကွက်ထဲမှာ ကမောက်ကမဖြစ်အောင်လုပ်တာတို့ ဘာတို့ ညာတို့ရှိရင်တစ်မျိုးလေ။ အခုဟာက ပြည်တွင်းကြောင့် ဖြစ်တာမဟုတ်ဘူး။ ကမ္ဘာ့ရွှေဈေးကြောင့် ဖြစ်တာဆိုတော့ ဘယ်သူ့ကို အကူအညီတောင်း တောင်းလေ။ ဟိုက (ကမ္ဘာ့ရွှေဈေး) ဈေးတက်နေမှတော့ ဒီမှာလည်း လိုက်တက်ရမှာပဲလေ။ ဒါပေမဲ့ ဟိုကတက်နေလို့ ဒီမှာတက်နေပေမယ့် ယုတ္တိတန်ဖို့တော့လိုတယ်။ ယုတ္တိရှိရှိ ဖြစ်ဖို့လိုတယ်။ အရောင်းအဝယ်က ပုံမှန်ရှိဖို့လိုတယ်။ တက်သော်လည်းပဲ နိုင်ငံတကာရွှေဈေးနဲ့ တန်းတူ တည်တည်ငြိမ်ငြိမ်လေး သွားဖို့လိုတယ်။ တည်တည်ငြိမ်ငြိမ်သွားမှ သူများတက်လည်း တက်လိုက်၊ ကျလိုက်၊ တက်လိုက်၊ ကျလိုက် အဲလိုပုံစံမဟုတ်ဘဲနဲ့ တည်တည်ငြိမ်ငြိမ်လေး ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်း တက်၊ တက်ရင်လည်း ဖြည်းဖြည်းချင်းတက်မယ်။ ကျရင်လည်း ဖြည်းဖြည်းချင်း ပြန်လိုက်ဆင်းမယ်။ Flow လေး မှန်သွားအောင်ပေါ့။ အဲလိုသဘောလေးတော့ လုပ်လို့ရတယ်။ ဈေးကို ဖိလို့တော့ မရဘူး။

Voice : အခုက ကမ္ဘာ့ရွှေဈေးက အရမ်းတက်လိုက်၊ ကျလိုက်ဖြစ်နေတာဆိုတော့ ဒီအခြေအနေမှာ ဘယ်သူတွေကို အထိနာစေလဲ။
UKW : ထိတာတော့ ရွှေဆိုင်တွေ ထိတယ်ပေါ့။ ရွှေဆိုင်တွေ အလုပ်လုပ်ရတာ ခက်ခဲသွားတာပေါ့။ ဘယ်လိုမှန်းပြီး ဘယ်လိုလုပ်ရမှန်းမသိအောင် ခက်ခဲသွားတာပေါ့။ ဘာလို့ဆို အန်ကယ်တို့က ဈေးအတိအကျ အရောင်းအဝယ်လုပ်တဲ့ဆိုင်တွေဆိုတော့ ဈေးကျလည်း အန်ကယ်တို့က ဈေးတက်မှန်းသိပါရဲ့နဲ့ မရောင်းလို့မရဘူး။ ရောင်းရတာပဲ။ ကျတဲ့အချိန် ကိုယ်က ရောင်းပြီးသား ဒါပေမဲ့ ပစ္စည်းပြန်ဝယ်တဲ့အခါ ဈေးတက်တဲ့ အခါလည်း ဆိုင်သမားက ရွှေလိုရင် ဝယ်ရတာပဲ။ ရှုံးလည်း ဝယ်ရတာပဲ။ ဆိုင်သမား ပထမဦးဆုံး ထိခိုက်တယ်။ ဒုတိယထိခိုက်တာက ဒီလိုအတက်အကျဖြစ်လို့ အရောင်းအဝယ်တွေအေးတော့ ရွှေပန်းထိမ်လုပ်တဲ့ သူတွေ ထိခိုက်တယ်။ နောက်ဆုံး ဝယ်သူလည်း ထိခိုက်တာပဲ။ ဝယ်သူလည်း ဈေးတွေ ကမောက်ကမဖြစ်ရတယ်။ ဝယ်ရင်ကောင်းမလား၊ မဝယ်ရင်ကောင်းမလား၊ သူတို့မှာလည်း ဆုံးဖြတ်ရခက်တယ်။ သူလည်း ထိခိုက်တာပဲ။ အားလုံးထိခိုက်တယ်။ ပြည်သူလူထု တစ်ယောက်တည်း ခံစားရတာမဟုတ်ဘဲနဲ့ ရွှေသမားတွေ အကုန်လုံးလည်း ခံစားရတာပဲ။ အဲဒီလိုဖြစ်နေတယ်။

Voice : အခုလက်ရှိ ရွှေပြည်ပတင်ပို့မှုက ဘယ်လို အခြေအနေရှိလဲ။ ပြည်ပကရော ရွှေနဲ့ပတ်သက်ပြီး ဘာတွေသွင်းလဲ။
UKW : ပြည်ပက ရွှေကို တရားဝင် အများကြီးပို့တာတော့မရှိဘဲနဲ့ လက်ဝတ်ရတနာ အသေးလေးတွေတော့ လုပ်ပြီးသား လက်ဝတ်ရတနာ အသေးလေးတွေတော့ ပို့တာရှိတယ်။ အခုလောလောဆယ်တော့ ပို့တာများတာတော့ ဂျပန်ပဲများပါတယ်။

Voice : နှစ်စဉ် ပမာဏပျမ်းမျှဘယ်လောက်ရှိပါသလဲ။
UKW : တအား Amount သေးပါတယ်။ နည်းတယ်။ တော်တော်လေး နည်းတယ်။ နည်းတယ်ဆိုတာက တစ်နိုင်တစ်ပိုင်နဲ့ပဲ ပို့ကြတာများတယ်။ Heavy ပို့တာတွေ သိပ်မတွေ့ဘူး။

Voice : အခုလက်ရှိက ရွှေဘုံသာရွှေဈေးကွက်က နှစ်ပေါင်း ၁၀၀ လည်းကျော်ရှိပြီ မြန်မာနိုင်ငံရဲ့ အဓိက ရွှေဈေးကွက်လို့လည်း ပြောလို့ရတာဆိုတော့လေ။ အခုလက်ရှိ အဲဒီဈေးကွက်အခြေအနေကို ဘယ်လိုများ အန်ကယ့်အနေနဲ့ သုံးသပ်ချင်ပါသလဲ။
UKW : ဈေးကွက်အခြေအနေကတော့ ကမ္ဘာ့ရွှေဈေးပေါ် မူတည်ပြီးတော့ပဲ လိုက်ဖြစ်နေဦးမှာပဲ။ ဒါတစ်ချက်။ ဒုတိယတစ်ချက်က အန်ကယ်တို့နိုင်ငံမှာ ဈေးကွက်က ရံဖန်ရံခါ မတည်မငြိမ်ဖြစ်တာလည်း အန်ကယ်တို့ နိုင်ငံမှ မဟုတ်ဘူး။ တခြားနိုင်ငံတွေလည်း ဖြစ်တယ်။ ဥပမာ အခုဆို လန်ဒန်ဈေးကွက်လည်းဖြစ်တယ်။ နယူးယောက်ဈေးကွက်ဆိုလည်း ဖြစ်နေတာပဲ။ မနေ့က (ဩဂုတ်လ ၁၃ ရက်) ဆိုလည်း နယူးယောက်ရွှေဈေးကွက်မှာ အရောင်းအဝယ်တွေ နည်းနည်းရှုပ်သွားတဲ့ အပိုင်းမှာတောင် ရှိတယ်။ သူတို့နိုင်ငံမှာလည်း ဖြစ်နေတာ။ အန်ကယ်တို့နိုင်ငံမှာတင် ဖြစ်နေတာမဟုတ်ဘူး။

ဟိန်းမြတ်စိုး