News

POST TYPE

INTERVIEW

သဘာဝဘေးအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာ
14-Aug-2019


“ကိုယ်တိုင်ပါဝင်တဲ့သူတွေအနေနဲ့ ကြုံရတာကတော့ စိတ်ပိုင်းဆိုင်ရာခံစားမှုကြောင့် ရှော့ခ်ရသွားတာမျိုး၊ သတိလစ်သွားတာမျိုးတွေ ရှိနိုင်တယ်”

ဒေါက်တာသက်ဇော်နှင့် တွေ့ဆုံခြင်း

ဘေးအန္တရာယ်ဟုဆိုရာတွင် ရုပ်ဝတ္ထုပစ္စည်းများ ထိခိုက်ဆုံးရှုံးနိုင်ခြင်းသာမက ကျန်းမာရေးဆိုင်ရာပြဿနာများလည်း ဖြစ်ပွားနိုင်ပါသည်။ အဆိုပါကျန်းမာရေးပြဿနာများတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အခြေအနေများလည်း ဖြစ်ပွားနိုင်သည့်အတွက် ယင်းနှင့် ပတ်သက်သည့် သတိပြုဖွယ်ရာများကို စိတ်ကျန်းမာရေး အထူးကုဆရာဝန် ဒေါက်တာသက်ဇော်နှင့် The Voice Daily က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : သဘာဝဘေးအန္တရာယ် ကြုံတွေ့ရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ဘယ်လိုလူတွေကို ထိခိုက်စေနိုင်ပါသလဲ။
Dr.TZ : ပထမဦးဆုံး တိုက်ရိုက်ထိတဲ့သူတွေကတော့ ကိုယ်တိုင်ပါဝင်ထိခိုက်တဲ့သူတွေ၊ ဒုတိယက သူတို့ရဲ့ မိသားစုဝင်တွေ၊ တတိယက သွားပြီးကယ်ဆယ်ရေး လုပ်တဲ့သူတွေမှာ ထိခိုက်တယ်။ ကိုယ်တိုင်ပါဝင်တဲ့သူတွေအနေနဲ့ ကြုံရတာကတော့ စိတ်ပိုင်းဆိုင်ရာခံစားမှုကြောင့် ရှော့ခ်ရသွားတာမျိုး၊ သတိလစ်သွားတာမျိုးတွေ ရှိနိုင်တယ်။ တစ်ခါတလေကျရင် မယုံကြည်နိုင်ဘူး၊ တချို့ဆို ထုံပေပေနဲ့ လှုပ်ရှားလို့ မရတာတွေ ဖြစ်တယ်။ ကြောက်လန့်နေတယ်။ ဝမ်းနည်းပူဆွေးပြီးတော့ ဆောက်တည်ရာမရ ဖြစ်နေတာတွေရှိတယ်။ နောက်ပြီး သိမှုပိုင်းဆိုင်ရာ မှတ်ဉာဏ်မှာလည်း မယုံကြည်နိုင်ဘဲ စိတ်ရှုပ်ထွေးနေမယ်။ ဆုံးဖြတ်ချက်တွေ မချနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ရှိသလို ဖြစ်တတ်တယ်။ တချို့ကျတော့ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ခြေကုန် လက်ပန်းကျတာ၊ အိပ်မပျော်တာတွေဖြစ်တတ်တယ်။ တချို့ကျတော့ ယောက်ယက်ခတ်နေတာမျိုးတွေရှိ တယ်။ ခေါင်းကိုက်တာ၊ အစားစားလို့မရတာ၊ ပျို့တာတွေရှိတယ်။ နောက်ပိုင်း ကြာလာတဲ့အခါမှာ လူတွေနဲ့ စကားမပြောချင်တာတို့၊ အလုပ်မလုပ်နိုင်တာ တွေတော့ရှိတယ်။ နောက်ပြီး ကယ်ဆယ်ရေးပိုင်းက လူတွေကိုလည်း ပစ်မထားသင့်ဘူး။ သူတို့က သွားပြီး လူတွေကို ကယ်ဆယ်တဲ့အခါမှာ သူတို့ကိုယ်တိုင်လည်း အဲဒါနဲ့ ပတ်သက်ပြီးတော့ စိတ်ဒဏ်ရာတွေ ရတတ်တယ်။ နောက်ပိုင်းမှာပြန်ပြီး မြင်ယောင်တာမျိုးပေါ့။

Voice : ဒီလိုခံစားချက်တွေက ချက်ချင်းတုံ့ပြန်တာလား၊ အချိန်အပိုင်းအခြားတစ်ခု ကြာမှလားဆရာ။
Dr.TZ : တချို့ခံစားချက်တွေက ချက်ချင်းဖြစ်ပြီး အများစုကတော့ ချက်ချင်းမခံစားရဘူး။ ဘာလို့လဲဆိုတော့ အခုချိန်မှာက ကယ်ဆယ်ရေးတွေ သွားကြတော့ တစ်ယောက်တည်းလို့ မခံစားရဘူး။ ထောက်ပံ့တာတွေကလည်း ဒီအချိန်မှာ လာကြတယ်။ စကားပြော ပေးမယ့်သူတွေလည်း ရှိတယ်ဆိုတော့ ဒီအချိန်မှာ သိပ်ပြီးတော့ မသိသာသေးဘူး။ နောက်ပိုင်း ကယ်ဆယ်ရေးတွေ တဖြည်းဖြည်းနဲ့ ပါးသွားမယ်။ သူတို့တွေက အလုပ်အကိုင်မရှိတာတွေရှိလာတော့ တချို့က ချက်ချင်းတော့ မဖြစ်ဘူး။ နောက်ပိုင်းကျမှ စိတ်ဓာတ်ကျတာတွေ၊ စိုးရိမ်စိတ်များတာတွေ ဖြစ်လာနိုင်တယ်။

Voice : နောက်ပိုင်းမှာ စိတ်ခံစားမှုတွေ ကြုံလာရနိုင်တဲ့အတွက် ဘယ်လိုစိတ်ရောဂါတွေက အဖြစ်များနိုင်ပါသလဲ။
Dr.TZ : စိတ်ဒဏ်ရာရပြီးနောက်ပိုင်း ဖြစ်လာနိုင်တဲ့ စိတ်ဖိစီးမှုဆိုင်ရာရောဂါတွေ ဖြစ်နိုင်တယ်။ ဒါက အရင်အဖြစ်အပျက်တွေကို မျက်စိထဲကဖျောက်မရဘဲ ပြန်မြင်ယောင်တာမျိုး၊ အဲဒီလိုဖြစ်ခဲ့တဲ့နေရာနား မသွားရဲ၊ မလာရဲ၊ ရင်မဆိုင်ရဲဘဲနဲ့ ဒါနဲ့ပတ်သက်ရင် ပြောတာတောင် မကြားချင်ဘူး စတာတွေကတော့ အဖြစ်များဆုံးပေါ့။ နောက်တစ်ခုက စိတ်ဓာတ်ကျရောဂါ၊ စိုးရိမ်စိတ်လွန်ရောဂါ စတာတွေကတော့ နောက်ပိုင်းဖြစ်လာနိုင်တာတွေပေါ့။ ဒီလိုဖြစ်တဲ့အချိန်မှာ ပြဿနာက ဘာဖြစ်တတ်သလဲဆိုတော့ အရက်စွဲတဲ့သူတွေက အရက်ပြတ်ပြီး အရက်ကြောင် တာမျိုးတွေ ဖြစ်တတ်တယ်။ တချို့ကျတော့လည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရပြီးတော့မှ အရက်စွဲ၊ မူးယစ်ဆေးစွဲတဲ့ ပြဿနာတွေလည်းရှိတယ်။ 

Voice : အသက်အရွယ်အနေနဲ့ကရော ဘယ်အရွယ်တွေက ပိုပြီးထိခိုက်နိုင်ပါသလဲ။
Dr.TZ : ထိခိုက်လွယ်တဲ့သူတွေကတော့ ကလေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးမိခင်တွေ၊ ကိုယ်အင်္ဂါမသန်စွမ်းတဲ့သူတွေကတော့ သူတို့ကိုယ်သူတို့ တုံ့ပြန်မှုအားနည်းတဲ့အတွက် ပိုပြီးထိခိုက်နိုင်တယ်။

Voice : ဒီလိုစိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဖြစ်လာခဲ့ရင် ဘယ်လိုမျိုးနည်းလမ်းနဲ့ လျှော့ချလို့ရနိုင်ပါသလဲ။
Dr.TZ : တစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့လည်း ဆိုင်တာပေါ့။ စိုးရိမ်တတ်တဲ့သူ၊ ကြောက်တတ်တဲ့သူ၊ သူများကို အရမ်းမှီခိုတတ်တဲ့သူတွေရှိတယ်။ ဒါမျိုး လူတွေက ပိုပြီးတော့ ဆောက်တည်ရာမရ ဖြစ်တတ်တာပေါ့။ တချို့က နဂိုတည်းက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးက အကောင်းမမြင်တတ်ဘူး။ အပြစ်နဲ့ မကောင်းတာဘဲ တွေးတတ်တယ်၊ ဒီလိုအခြေအနေ နဲ့ကြုံလာတော့ အကောင်းဘက်က မတွေးနိုင်တော့ဘူးပေါ့။ ဒီလူတွေကတော့ ကုသရခက်တဲ့အထဲမှာ ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေတွေကြုံရရင် ကိုယ့်စိတ်ထဲခံစားရတာတွေကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆွေးနွေးပါ၊ တိုင်ပင်တာတွေ လုပ်လို့ရတယ်။ နောက်တစ်ခုက ဘာသာရေးလုပ်တာမျိုးတွေပါ။ 

Voice : ဆရာ့အနေနဲ့ လူထုကို ဖြည့်စွက်စကားလေး ပြောပေးပါဦး။
Dr.TZ : ဒါတွေက ဘယ်သူမှ မျှော်လင့်မထားဘဲ ရုတ်တရက်ဖြစ်တာမျိုးလေ။ ကြုံရတဲ့သူတိုင်းကတော့ အနည်းနဲ့အများ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရတာပဲ။ ဒီလိုဖြစ်နေတဲ့သူတွေကို ဘာကူညီပေးစေချင်သလဲ ဆိုတော့ တစ်ယောက်တည်း မပစ်ထားဘဲ နှစ်သိမ့် ပေးဖို့လိုတယ်။ နောက်ပြီး ချစ်ခင်တဲ့သူတွေနဲ့ ပြန်လည် ပေါင်းစည်းရရင် စိတ်သက်သာရာရတယ်။ သူတို့ရဲ့ အတွေ့အကြုံ၊ စိတ်ထဲခံစားနေရတာတွေကို ဖွင့်ဟပြောဆိုဖို့ တွန်းအားပေးပြီး ပြောလိုက်ရင် အနည်းနဲ့အများတော့ စိတ်ထဲမှာရှိတဲ့ ခံစားချက်တွေက ပြေလျော့သွားတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို နီးစပ်ရာ ဆရာဝန်၊ ဆရာမတွေဆီကို ကိုယ်ခံစားရတာတွေ ဖွင့်ပြောပါ၊ အကူအညီတောင်းပါ။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

သီတာဆွေ