News

POST TYPE

INTERVIEW

နေခြည်ဦးနဲ့တွေ့ဆုံခြင်း
05-Aug-2019
“ပထမဆုံး ဟာသကားဆိုပေမယ့် ဆံပင်၊ မိတ်ကပ်၊ အဝတ်အစား၊ လက်သည်း၊ ခြေသည်းကအစ မလျှော့ထားဘူး”



Voice : ပုရိသဆိုတဲ့ ဟာသရုပ်ရှင်ဇာတ်ကား လက်ခံရိုက်ကူးဖြစ်ပုံလေး ပြောပေးပါဦး။
NCO : ဒီကားကို လက်ခံဖြစ်တာက ကိုယ်ကိုယ်တိုင်ဟာသကို လုပ်နိုင်လားဆိုတာလည်း Challenge လုပ်ချင်တယ်။ ပရိသတ်ရဲ့ အမြင်ကိုလည်းသိချင်တယ်။ ဒါကြောင့် ဒီကားလေးကို လက်ခံဖြစ်တာပါ။

Voice : မရိုက်ခင်မှာရော ဘယ်လိုတွေ ကြိုပြင်ဆင်ရတာရှိလဲ။
NCO : ရိုက်ကွင်းအစတစ်ရက်၊ နှစ်ရက်မှာတော့ ဖိအားရှိတယ်။ ကိုယ်ပြောလိုက်တာ ရိုင်းသွားမလား၊ မခိုင်လေးအပေါ် တစ်မျိုးမြင်မလားပေါ့နော်။ ဒါပေမဲ့ ဟိုရောက်တော့ အကုန်လုံးက ဒါ အလုပ်ဖြစ်တဲ့အတွက် သရုပ်ဆောင်တွေအားလုံးက နားလည်ပေးနိုင်တယ်။ နှစ်ရက်၊ သုံးရက်လောက်မှာတော့ နေခြည်ဦးကို မေ့ပြီးတော့ ကောင်းကင်ပြာဆိုတဲ့ ကာရိုက်တာဝင်သွားတယ်။ ပြောဆိုလည်း ပြောရဲတယ်။ ရန်ဖြစ်ဆိုလည်း ဖြစ်ရဲတယ်ဆိုတော့ ဒီကားလေးက နေခြည် တော်တော်လေးလည်း Mood ဝင်တယ်။ တော်တော်လေးလည်း အားရတဲ့ ကားလေးပါ။

Voice : မခိုင်လေး (ခိုင်သင်းကြည်) နဲ့ ဆုံတဲ့အခန်းတွေမှာရော ရှိန်နေတာမျိုး၊ ကြောက်နေတာမျိုးရှိလား။
NCO : အစပိုင်းမှာတော့ ရှိတယ်။ နောက်ပိုင်းမှာ မခိုင်လေးက ဘယ်လိုလုပ်ပေးလဲဆိုတော့ နေခြည်နည်းနည်းလျော့ရင် ဆွဲတင်ပေးတယ်။ နေခြည် အရမ်းပြင်းရင် သူက လျှော့ပေးတယ်။ တိုက်ထားစရာမလိုဘူး။ ကိုယ်တိုင်ကလည်း မခိုင်လေးအပေါ်ကို ယုံကြည်မှုအပြည့်အဝရှိတယ်။

Voice : ဟာသကားဖြစ်တဲ့အတွက် ဟာသစကားလုံးတွေ ပြောရတဲ့အခါမှာရော ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ဘယ်လိုခံစားရလဲ။
NCO : တော်တော်လေး လန့်သွားတယ်။ တချို့စကားလုံးတွေကျ ကိုယ်အပြင်မှာ တစ်ခါမှ မပြောဖူးတာတွေပါတယ်။ ကိုယ်ပြောဖူးတာတွေကျတော့ အဆင်ပြေတယ်။ ကိုယ်မပြောဖူးတာကျတော့ သရုပ်ဆောင်ရင် ဒီဟာကို မရိုင်းသွားအောင် ပရိသတ်လည်း နားလည်အောင် ဘယ်လိုသရုပ်ဆောင်ရမှန်း မသိဘူး။ အထူးသဖြင့် ဦးရဲအောင်နဲ့ သရုပ်ဆောင်တဲ့အခန်းတွေမှာဆို ညုတုတု ပြောရတာတွေက နည်းနည်းလေး Attention များတယ်။ ဒါ ငါ နေခြည်ဦးမဟုတ်ဘူး ကောင်းကင်ပြာ၊ ကောင်းကင်ပြာဆိုတဲ့စိတ်နဲ့ပဲ သရုပ်ဆောင်ထားပါတယ်။

Voice : နည်းနည်းအီရတဲ့ အခန်းတွေမှာ ဘယ်လိုသရုပ်ဆောင်ဖြစ်လဲ။
NCO : အီရတဲ့အခန်းတွေကျတော့ ကိုယ့်အရွယ်အချင်းချင်းက အီရဲတယ်လေ။ ကိုယ့်ဟာကိုယ် စကားသွားပြောဆိုလည်း ပြောရဲတယ်။ ကိုယ့်ထက်အကြီးကျတော့ ကိုယ်လည်း တစ်ခါမှ ကိုယ့်ထက်အသက် ကြီးတဲ့သူ မကြိုက်ဖူးတော့ အဲဒါလေးတစ်ခုတော့ အရမ်းရှိန်တယ်။ ပြီးတော့ ဦးရဲအောင်ဖြစ်တဲ့အတွက် ပိုရှိန်တယ်။ ကိုယ်နဲ့ ရွယ်တူဆိုရင်တော့ စကားလည်း သွားပြောရဲတယ်။ အပြင်သွားမလားလည်း မေးရဲတယ်။ ကိုယ့်ထက် အသက်နည်းနည်းကြီးရင်တော့ ယုံကြည်ချက် မရှိဘူး။ ပြီးတော့ ဒီကားမှာ ပရိသတ်တွေလည်း တွေ့ရမှာပါ ခုတင်ပေါ် တွန်းချလိုက်တဲ့အခန်းတွေလည်းပါတယ်ဆိုတော့ အဲဒီမှာ အရမ်းလန့်သွားတယ်။ တကယ်ကြီးဖြစ်သွားသလိုမျိုး အရမ်းကြောက်သွားတာပေါ့နော်။ အဲဒါလေးတွေက အမှတ်တရပါပဲ။

Voice : မှတ်မှတ်ရရ ဇာတ်ဝင်ခန်းတွေ၊ အကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေရှိရင် ပြောပေးပါဦး။
NCO : ဇာတ်သိမ်းလေးလည်း အရမ်းကြိုက်တယ်။ မခိုင်လေးနဲ့ အပြိုင်ပေါ့နော်။ Bar မှာ တစ်ယောက်နဲ့ တစ်ယောက်အစက တည့်သလိုလိုနဲ့ ရန်ဖြစ်ကြတဲ့အခန်းလေးလည်းကြိုက်တယ်။ နေခြည့်အတွက် ပထမဆုံးဟာသကားဆိုပေမယ့် ဆံပင်၊ မိတ်ကပ်၊ အဝတ်အစား၊ လက်သည်း၊ ခြေသည်းကအစ မလျှော့ထားဘူး။ ကိုယ်ကိုယ်တိုင်လည်း တကယ်အားရပါတယ်။ နေခြည်လည်း ကြည့်ပြီးပါပြီ။ ပရိသတ်တွေနဲ့အတူတူ ကြည့်ရမယ့် ဩဂုတ်လ ၈ ရက်နေ့ကိုလည်း အရမ်း မျှော်မှန်းထားပါတယ်။

Voice : ပရိသတ်တွေကို ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဘာကြိုပြောထားချင်လဲ။
NCO : နေခြည်တို့က နေ့တိုင်း ရုန်းကန်လှုပ်ရှားရတယ်။ အလုပ်တွေလည်း သွားရတယ်။ ကျောင်းတက်တဲ့ ကလေးတွေလည်းရှိတယ်။ ရုပ်ရှင်ကြည့်တယ်ဆိုတာ အကုန်လုံးက ပျော်ချင်လို့ကြည့်ကြတယ်။ အဲမှာ နေခြည်ကိုယ်တိုင်ကအစ ဟာသကားဆိုရင် ပိုပြီးကြည့်ဖြစ်တယ်။ အဓိကက စိတ်ကို relax ဖြစ်စေတာပေါ့နော်။ မခိုင်လေးပရိသတ်တွေရော နေခြည့်ပရိသတ်တွေရော တစ်ခါမှမမြင်ဖူးတဲ့ အတွေ့အကြုံ အဆန်းတစ်ခု ဖြစ်မယ်ထင်တယ်။ မင်းသားချောချောလေးတွေလည်း အများကြီးပါတာဖြစ်တဲ့အတွက် ပရိသတ်တွေကြားထဲမှာ သူငယ်ချင်းနဲ့ပဲ ကြည့်ကြည့်၊ မိသားစုနဲ့ပဲ ကြည့်ကြည့် ရယ်ရတယ်ဆိုပြီး အချင်းချင်း ပြန်ဝေမျှမယ့် ကားတစ်ကားလို့လည်း မြင်ပါတယ်။ နေခြည့်ရဲ့ တတိယကားလေးဖြစ်တဲ့အတွက် အားလုံးကိုလည်း လာရောက်ကြည့်ရှုပေးပါလို့ ပြောချင်ပါတယ်။

Voice : အခု Boxing ထိုးနေတာလည်းတွေ့တယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပေးပါဦး။
NCO : Boxing ထိုးတာက အဓိက ဝိတ်ကျဖို့ပါ။ ဦးမီးပွား ရိုက်မယ့် ဇာတ်ကားတစ်ကားအတွက် အဓိက ဝိတ်ချနေတာပါ။ ဒီအထဲက ကာရိုက်တာအတွက် နှာခေါင်းဖောက်ဖို့ ရည်ရွယ်ထားတယ်။ ဒီကားမှာ ဦးပွားက စိန်ခေါ်တယ်လို့လည်း ခံစားရတယ်။ ဖိတ်ခေါ်တယ်လို့လည်း ခံစားရတယ်။ ရန်သူဆိုတာလည်း ဦးပွားရိုက်ခဲ့တဲ့ကား။ နေခြည့်အနေနဲ့ အရမ်းမလုပ်နိုင်ဘူးလို့ ထင်တဲ့ကားကို ဖိတ်ခေါ်ခဲ့တယ်။ ဒီကားက မော်ဒယ်လ် Romance ကို ပိုသွားမှာ။ ဦးပွား အရမ်းရိုက်ချင်တဲ့ပုံစံမျိုး၊ နေခြည် အရမ်းရိုက်ချင်တဲ့ပုံစံမျိုးဆိုတော့ ပရိသတ်ကြားမှာ အမြင်ဆန်းမယ့်ကားတစ်ကားလို့ မြင်ပါတယ်။

Voice : ဒီကားထဲက ကာရိုက်တာကရော ဘယ်လိုပုံစံမျိုးလဲ။
NCO : ဒီကားထဲက ကာရိုက်တာက နေခြည် အရမ်းဖြစ်ချင်တဲ့ ကောင်မလေး၊ ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ လောကကို သိပ်ဂရုမစိုက်ဘူးဆိုတော့ နေခြည်ကိုယ်တိုင်လည်း အဲဒီ ကာရိုက်တာကို ကြိုက်တယ်။ အဲ့အတိုင်းလေးပဲ Mood ထည့်ထားပါတယ်။

Voice : စာရေးဆရာမက ဒီခေတ်စာရေးဆရာမလား။
NCO : ဒီခေတ်စာရေးဆရာမလို့ ပြောလို့ရတယ်။ သူကိုယ်တိုင်လည်း ဇာတ်ညွှန်းရေးပေးထားတဲ့အတွက် သူ့ဇာတ်ညွှန်းကို ဖတ်ပြီးတဲ့အချိန်မှာ သူ့ရဲ့ကာရိုက်တာကို ပိုပြီးတော့ မျောသွားတယ်။ ဒီကားထဲမှာ မလုပ်ရဲဘူးလို့ ထင်တဲ့ကာရိုက်တာတွေ အများကြီးရှိတယ်။ Romance ဖြစ်တဲ့အတွက် တော်တော်လေးကြမ်းတယ်။ ဇာတ်လမ်းလေးက အထူးသဖြင့် လူငယ်တွေရင်ထဲမှာ ပိုထိမယ့်ကားလေးတစ်ကားလို့ မြင်တယ်။ မလုပ်နိုင်ဘူး၊ မလုပ်သင့်ဘူးလို့ ထင်ထားတဲ့အခန်းတွေလည်း အများကြီးပါတယ်။ ဒါပေမဲ့ ဦးပွားခိုင်းစေမှုအောက်မှာ အားလုံးလုပ်မယ်လို့ စဉ်းစားထားတယ်။ ကာရိုက်တာတစ်ခုအနေနဲ့ ပြလို့ရတဲ့အတွက်လည်း ရင်ခုန်နေပါတယ်။

နွယ်နီ