News

POST TYPE

INTERVIEW

ညီနန္ဒနဲ့ တွေ့ဆုံခြင်း
01-Aug-2019

“ဘယ်သူ့မှ မထိခိုက်ဘူးဆိုရင် ဘယ်ဆင်ဆာမှလည်း မပိတ်သင့်ဘူးလို့ ယူဆတယ်”



သရုပ်ဆောင် ညီနန္ဒနဲ့တွေ့ဆုံခိုက် မာဖီးယားရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဆင်ဆာအကြောင်း၊ အနုပညာပေါ် တန်ဖိုးထားရှိမှုအကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : လက်ရှိရိုက်ထားတဲ့ဇာတ်ကားတွေ ရှိရင်လည်း ပြောပါဦး။
NND : ကျွန်တော် မာဖီးယားစီးတီးဆိုတဲ့ကားလေးရိုက်နေတယ်။ ဒါရိုက်တာကတော့ ယုန်လေးပေါ့။ မြင့်မြတ်၊ ဦးဇင်ဝိုင်း၊ သားညီရယ်၊ မင်းခန့်ကျော် ၊ အောင်လေးပါတယ်။ ကာရိုက်တာကတော့ ကိုယ်တို့က ဦးဇင်ဝိုင်းရဲ့ တပည့်လေးယောက်ရှိတယ်။ ဦးဇင်ဝိုင်းကတော့ ဂိုဏ်းစတားပေါ့။ ကိုယ်ရယ်၊ သားညီ၊ မင်းခန့်ကျော်၊ စိုးကြီး လေးယောက်ပေါ့။ တစ်ယောက်ချင်းစီ ကာရိုက်တာက မတူဘူး။ ကိုယ်ကတော့ ဘောလုံးအသင်းပိုင်ရှင် သူဌေးနေရာပါ။ မာဖီးယားဆိုတော့ ကောင်းတဲ့သူ တစ်ယောက်မှမပါဘူး။ ယုန်လေးကလည်း ဇာတ်ကို သိပ်မဖော်ချင်ဘူး။ သူ မြှုပ်ထားတာလေးတွေက များတယ်။ ထူးခြားတာက အဓိက မင်းသမီးမပါဘူး။ သရုပ်ဆောင် ယောကျာ်းလေးတွေနဲ့ပဲ ရိုက်ထားတယ်။ ထူးခြားမှာပါ။ 

Voice : ကိုယုန်လေးရိုက်တဲ့ ကားလေးတွေကလည်း ထူးခြားတယ်။ အစ်ကိုရော သူ့အနုပညာနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
NND : သူ့ကို အရမ်းလေးစားတယ်။ အနုပညာသမားတစ်ယောက်က အဆိုတော်၊ သရုပ်ဆောင် ခေါင်းစဉ်နှစ်ခုလုံးမှာဖြစ်ဖို့က တော်တော်ခက်တယ်။ ဖြစ်ခဲ့တဲ့သူတွေလည်း လက်ချိုးရေလို့ရတယ်။ ယောကျာ်းလေးထဲကဆိုရင် အားလုံးထင်ထင်ရှားရှားဖြစ်တဲ့ ဦးကျော်ဟိန်း၊ ကိုရန်လေး၊ အမျိုးသမီးထဲမှာဆိုရင် မဆွေပေါ့နော်။ မထွန်းအိန္ဒြာဗိုရှိတယ်။ ဒါတွေက ခေါင်းစဉ်နှစ်ခုပေါ့နော်။ အဲလို နှစ်ခုဖြစ်အောင် မနည်းလုပ်နေရတယ်။ အခုယုန်လေးက တေးရေးရော၊ သီချင်းဆိုတာ၊ ပွဲစီစဉ်တာ၊ သရုပ်ဆောင်၊ ဒါရိုက်တာရောဆိုတော့လေ။ ပြီးတော့လည်း သူက ဟိုစပ်စပ် ဒီစပ်စပ် လုပ်တာလည်း မဟုတ်ဘူး။ လုံးဝကို ပရိသတ်လက်ခံအောင်လို့ အောင်မြင်တဲ့ အတိုင်းအတာဖြစ်နေပြီဆိုတော့ ကိုယ် အရမ်းလေးစားတယ်။ ကိုယ်တိုင်ဝင်ပြီးတော့ ခံစားကြည့်တယ်။ မလုပ်နိုင်ဘူး။ သေချာပါတယ်။ 

Voice : မာဖီးယားစီးတီးကားက နာမည်နဲ့တင် ဆင်ဆာထိတယ်ကြားတယ်။ ဇာတ်လမ်းထဲမှာ ဘယ်လိုဆင်ဆာထိနိုင်မယ့်အရာတွေပါဦးမလဲ။
NND : ကိုယ်ကတော့ အဲလိုမျိုးတော့ မတွေးထားဘူးလေ။ သူ (ယုန်လေး) အရမ်းပင်ပန်းပြီးတော့ အကြီးတွေလုပ်ထားတာဆိုတော့ မထိနိုင်လောက်ပါဘူး။ မထိပါစေနဲ့ပေါ့နော်။ အဓိက,ကတော့ အနုပညာတစ်ခုချပြတယ်။ ဘယ်သူ့ကိုမှ ထိခိုက်မယ့် အကြောင်းအရာမျိုးတွေ မပါဘူး။ အဓိက ရုပ်ရှင်ကြည့် ပရိသတ်တွေကိုအကောင်းဆုံးရသပေးမယ်။ သူတို့တွေ ပိုက်ဆံပေးကြည့်ရတာနဲ့တန်အောင် ရသရသွားမယ်။ ဆိုရင် အဆင်ပြေပြီပဲ။ ဘယ်သူ့မှ မထိခိုက်ဘူးဆိုရင် ဘယ်ဆင်ဆာမှလည်း မပိတ်သင့်ဘူးလို့ ယူဆတယ်။ 

Voice : နောက်ထပ်ရိုက်မယ့် ဇာတ်ကားတွေရှိရင်လည်း ပြောထားပေးပါဦး။
NND : နောက်ထပ်ကတော့ ဩဂုတ်လဆန်းမှာ ဗီဒီယိုကားလေတွေ ရိုက်ဖို့ရှိတယ်။ ဇာတ်လမ်းတွဲလည်း ရိုက်ဖို့ရှိတယ်။ အောက်တိုဘာလမှာတော့ ယုန်လေးနဲ့ပဲ ရုပ်ရှင်ကားကြီးတစ်ကားထပ်ရိုက်ဖို့ရှိပါတယ်။ 

Voice : အခုချိန်မှာ အနုပညာအလုပ်တွေလည်း အဆက်မပြတ်ပြန်လုပ်လာရတော့ အစ်ကိုရဲ့ စိတ်ခံစားမှုအပြောင်းအလဲလေးလည်း ပြောပါဦး။
NND : နဂိုထက်ကို သာပါတယ်။ နဂိုထက်ကို သာပါတယ်ဆိုတာက ပိုပြီးတော့ အနုပညာကို တန်ဖိုးထားတာကို ပြောတာလေ။ အရင်တုန်းကဆိုရင် ငယ်လည်းငယ်တော့ မရင့်ကျက်သေးတော့ အလုပ်ကို သိပ်တန်ဖိုးမထားတတ်သေးဘူး။ အခု အရမ်းကို တန်ဖိုးထားတယ်။ ရလာတဲ့အလုပ်ကို အစွမ်းကုန်ပဲ လုပ်မယ်လို့ ဆုံးဖြတ်ထားတယ။် ကြိုးစားပြီးလုပ်နေပါတယ်။

ခင်ညိုညိုသိမ့်