News

POST TYPE

INTERVIEW

ဒေါက်တာညီညီကျော်နှင့် တွေ့ဆုံခြင်း
30-Jul-2019
အသင့်စားအစားအစာများနှင့် အဝလွန်ခြင်း

“အခုနောက်ပိုင်းတော့ အဝလွန်တာကို ရောဂါတစ်ခုအဖြစ်သတ်မှတ်လာပြီ”



အဝလွန်ခြင်းသည် အသက်ငယ်ရွယ်သည့်အချိန်မှစ၍ အသက်ကြီးသည်အထိ ဖြစ်ပွားတတ်သည်။ အဝလွန်ခြင်းဖြစ်ပေါ်ရခြင်းမှာ Junk Food ဟုခေါ်သော အာဟာရတန်ဖိုးနည်းသည့် အစားအသောက်များကို လွယ်လင့်တကူစားသုံးမိခြင်းများကြောင့်ဖြစ်ပြီး အဆိုပါကိစ္စများနှင့် ပတ်သက်၍ အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် The Voice Daily က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : Fast Food နဲ့ Junk Food ဆိုတာကို ရှင်းပြပေးပါဦး ဆရာ။
Dr.NNK : အလွယ်ဝယ်လို့ရတဲ့ အစားအစာမှန်သမျှကို Fast Food (အသင့်စားအစာ) လို့ခေါ်တယ်။ အဲဒီမှာ Healthy (ကျန်းမာရေးအတွက်ကောင်းတာ) ဖြစ်တာရှိသလို Unhealthy (ကျန်းမာရေးအတွက်မကောင်းတာ) ဖြစ်တာလည်းရှိတယ်။ ဥပမာ- ကြက်ကြော်၊ ဟမ်ဘာဂါ၊ ပီဇာ၊ တိုရှည်၊ နံပြား စတာတွေက အလွယ်တကူဝယ်လို့ရတော့ Fast Food လို့ခေါ်တာပေါ့။ Junk Food ဆိုတာကတော့ အာဟာရတန်ဖိုးနည်းတယ်။ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရတွေမပါဘဲ အဆီတွေချည်းပဲ အဓိက များနေတာကို ပြောတာပါ။ Junk Food ထဲမှာ ကြက်ကြော်၊ ဟမ်ဘာဂါ၊ ပီဇာတွေပါတယ်။

Voice : Fast Food တွေစားတဲ့အခါ ဘယ်လိုမျိုး ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိနိုင်ပါသလဲ။
Dr.NNK : Fast Food လို့ပြောတဲ့နေရာမှာ Junk Food ကတော့ ကျန်းမာရေးအတွက် မကောင်းဘူး။ တချို့သော Fast Food တွေက ကျန်းမာရေးနဲ့ ညီညွတ်တာလည်း ရှိတယ်။ ဥပမာ - ကြက်ဥပူတင်းစားတာက ကျန်းမာရေးနဲ့ ညီညွတ်တယ်။ နောက်ပြီး တိုရှည်ဆိုရင် ပဲဟင်းလည်းပါတဲ့အတွက် ပရိုတင်းဓာတ်တွေရတယ်။ ဒါဆို ကျန်းမာရေးနဲ့ ညီညွတ်တယ်။ Fast Food လို့ဆိုလိုက်ရင် ကြက်ကြော်တို့၊ ဟမ်ဘာဂါတို့ကိုပဲ မြင်ကြတယ်။ အမှန်က အလွယ်တကူဝယ်လို့ရတာတွေကို Fast Food လို့ခေါ်တယ်။ Fast Food ထဲမှာမှ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရှိသလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ Junk Food တွေလည်းရှိတယ်။ Junk Food ကတော့ ဆိုးကျိုးပဲပေးတာ။ အဝလွန်တာတွေက Junk Food ရဲ့ ဆိုးကျိုးပဲ။ Healthy Fast Food တွေက ဆိုးကျိုးသိပ်မရှိဘူးလေ။ အာဟာရလည်း ပြည့်ဝတယ်။ အဆီလည်း သိပ်မများဘူး။ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အဝလွန်လာမယ်။ ပြီးရင် အဝလွန်လာတဲ့ နောက်ဆက်တွဲက သွေးတိုးရောဂါအပြင် နောက်ပိုင်းမှာ ကင်ဆာရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။

Voice : ဒါနဲ့ ပတ်သက်ပြီး လူထုအနေနဲ့ အသိပညာပိုင်း အားနည်းတယ်လို့ထင်သလား ဆရာ။
Dr.NNK : မြန်မာအစားအစာတွေက အဓိက ဆီပေါ်မှာအခြေခံတာ နည်းနည်းများတယ်။ ဆီသုံးတဲ့အခါ ထပ်ခါထပ်ခါ သုံးလို့ရတယ်ဆိုတဲ့ ဗဟုသုတက ခေါင်းထဲမှာဝင်နေတယ်။ တကယ်က သုံးလို့မရဘူးဆိုတာ ခေါင်းထဲမှာရှိနေရမယ်။ ဆီထဲမှာမှ ပြည့်ဝဆီက ကျန်းမာရေးအတွက်မကောင်းဘူး။ မပြည့်ဝဆီက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာကို ခွဲခြားပြီး မသိကြဘူး။ ဒါတွေကြောင့် နောက်ဆက်တွဲ ပြဿနာတွေဖြစ်ရတာ။

Voice : ကလေးငယ်တွေ အခုနောက်ပိုင်း အဝလွန်လာတာက အပေါ်ကပြောခဲ့တဲ့ Junk Food တွေနဲ့ ဆိုင်ပါသလား။
Dr.NNK : ကလေးငယ်တွေမှာ အဝလွန်တာတွေ တွေ့လာရတယ်။ ဟမ်ဘာဂါတို့၊ ပီဇာတို့၊ ကြက်ကြော်တို့ စားတာများလာတဲ့အခါမှာ ဒီလိုဖြစ်လာတာတွေ့ရတယ်။ ကလေးတွေက အိမ်ကလုပ်ကျွေးတာနဲ့ Junk Food နဲ့ ယှဉ်လိုက်ရင် Junk Food ကိုပဲ ပိုစားချင်ကြတယ်။ အချိုမှုန့်တွေ၊ ဆားတွေပိုပြီးပါတဲ့အတွက် သူက ပိုအရသာရှိတယ်လေ။ ဒါတွေကိုစားမိတဲ့ နောက်ဆက်တွဲမှာပဲ ကလေးတွေမှာ အဝလွန်တာတွေ ဖြစ်လာတယ်။ ကလေးက ဝသာဝနေတာ၊ အဆီတွေများနေပြီး ကြွက်သားတွေမရှိဘူး။

Voice : အသင့်စားခေါက်ဆွဲခြောက်တွေ အစားများရင်ရော ဘာတွေဖြစ်နိုင်ပါသလဲ။
Dr.NNK : အသင့်စားခေါက်ဆွဲခြောက်တွေမှာ အဓိက ဆီပါဝင်မှုများတာမဟုတ်ဘဲ ဆိုဒီယမ်လို့ခေါ်တဲ့ ဆားပါဝင်မှုများတယ်။ အာဟာရတန်ဖိုးကလည်း သိပ်မရှိဘူး။ ကယ်လ်လိုရီတော့ များကောင်းများမယ်။ တကယ်တမ်း ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးစေတဲ့ အာဟာရဓာတ်တွေ သိပ်မရှိဘူး။ ဒါတွေစားတာများရင် သွေးတိုးတာ၊ ဗိုက်မှာ အဆီစုတာတွေက အဓိကဖြစ်တယ်။

Voice : အဝလွန်တာက ရောဂါတစ်ခုပဲလား၊ အဝ လွန်တာရဲ့ လက္ခဏာတွေကို ပြောပြပေးပါဦးဆရာ။
Dr.NNK : အခုနောက်ပိုင်းတော့ အဝလွန်တာကို ရောဂါတစ်ခုအဖြစ်သတ်မှတ်လာပြီ။ အဝလွန်တာရဲ့ လက္ခဏာက ကြည့်လိုက်တာနဲ့ သိတယ်။ တချို့က ဝိတ်သာများတာ၊ ခန္ဓာကိုယ်က ကြွက်သားတွေ အများကြီးတွေရှိတယ်။ ဒါဆို ဝသာဝတယ်။ ကျန်းမာရေးနဲ့ ညီညွတ်နေသေးတယ်လို့ ယူဆလို့ရတယ်။ တချို့က ဗိုက်ကြီးတစ်ခုတည်း ကွက်ပြီးပူ နေတာတွေ၊ ဝပြီး ဗိုက်ကြီးက အရမ်းပူနေပြီး အဆီတွေ များနေတာတွေ တွေ့ရတတ်တယ်။ ခန္ဓာကိုယ်က ဖွံ့ဖွံ့ထွားထွား ဖြစ်နေပေမယ့် ကြည့်လိုက်ရင် ပုံကျပန်းကျဝတာမျိုးမဟုတ်ဘဲ အဆီတွေ စုနေတာတွေ တွေ့ရတယ်။ နောက်ဆက်တွဲကတော့ အများကြီးရှိတယ်။ ညအိပ်နေရင်း အသက်ရှူရပ်သွားတာတွေလည်း ရှိနိုင်တယ်။

Voice : ဟုတ်ကဲ့။ အဝမလွန်အောင် ဘာတွေဂရုစိုက်သင့်ပါသလဲ ဆရာ။
Dr.NNK : အဓိကတော့ တစ်နေ့ကို နာရီဝက်ကနေ လေးဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ပေးရမယ်။ နောက်ပြီး အသီးကို တစ်နေ့ တစ်မျိုး၊ နှစ်မျိုးလောက်တော့ အနည်းဆုံးစားသင့်တယ်။ အရွက်များများ စားပေးရမယ်။ အသားစားတဲ့နေရာမှာ ဝက်အဆီတို့၊ သုံးထပ်သားတို့ ရှောင်ရမယ်။ ထမင်းဆိုလည်း ဇလုံလိုက်ကြီးစားတာထက် ပုံမှန်လောက်ပဲ စားသင့်ပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ