News

POST TYPE

INTERVIEW

ထက်ထက်မိုးဦးနဲ့ တွေ့ဆုံခြင်း
30-Jul-2019
“အတိတ်ကိုတော့ ပြန်သတိရတာပေါ့နော်။ အရာရာအားလုံးက ပြီးခဲ့ပြီဆိုတော့”



ထပ်ဆင့်အကယ်ဒမီထက်ထက်မိုးဦးနဲ့ တွေ့ဆုံခိုက် လက်ရှိအနုပညာလှုပ်ရှားမှု အကြောင်းတွေ၊ ဇာတ်ကားတွေ ပြန်ရိုက်တော့မယ့်အကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : အနုပညာအလုပ်တွေ ပြန်လုပ်ရတော့ ဘယ်လိုစိတ်ခံစားချက်ဖြစ်မိလဲ။
HHMO : ပျော်တာပေါ့နော်။ ထက်တို့အတွက်က အမြဲတမ်း ဘယ်နေရာပဲရောက်ရောက် အမြဲကြိုးစားနေရတာပေါ့နော်။ တစ်ဖက်ပိုင်ရှင်လည်း ကျေနပ်အောင်၊ ပရိသတ်လည်း ကြည့်လို့ကောင်းအောင် ကိုယ့်ကိုယ်ကိုယ်လည်း အဆင်ပြေအောင် အမြဲတမ်းကြိုးစားနေရတာပေါ့။ 

Voice : ဇာတ်ကားတွေရော ရိုက်ကူးဖို့ရှိသေးလား။
HHMO : ဇာတ်ကားတွေကတော့ ရိုက်ဖို့ရှိတယ်။ MRTV နဲ့ရော အခြားအပြင်က ရုပ်ရှင်တွေရော ရိုက်ဖို့ရှိပါတယ်။

Voice : လက်ရှိ အသက်အရွယ်နဲ့ လိုက်ဖက်မယ့်ကားမျိုးတွေပဲ ရိုက်ဖြစ်မှာလား။
HHMO : ဟုတ်တယ်။ အသက်အရွယ်နဲ့ လိုက်ဖက်တာမျိုးပေါ့နော်။ အမေခန်းလာငှားရင်လည်း အမေခန်းပေါ့။ အစ်မအခန်းလာငှားရင်လည်း အစ်မပေါ့နော်။ အခုရိုက်ဖို့ကတော့ ရွှေထူးနဲ့ရိုက်ဖို့ရှိတယ်။ ရွှေထူး အစ်မ နေရာက ရိုက်ဖို့ရှိတယ်။ အခု ဇာတ်ကိုတော့ ဖတ်နေတယ်။ 

Voice : ရွှေထူးနဲ့ ရိုက်မယ့်ကားက ဘယ်တော့လောက်ဖြစ်မလဲ။ ဇာတ်လမ်းလေးကရော ဘယ်လိုပုံစံဖြစ်မလဲ။
HHMO : အဲဒီကားကတော့ ဒီဇင်ဘာလောက်မှာ ရိုက်မယ်ပြောတယ်။ အခု ညှိနှိုင်းနေကြတယ်။ ဇာတ်ကတော့ရိုးရိုးပါပဲ။ ဒါပေမဲ့ အခုခေတ် အမြင်ဆိုရင်တော့ ရိုက်ချက်တွေပြောင်းသွားမယ်။ စကားတွေပြောင်းသွားမယ်။ ဇာတ်လမ်းကတော့ အချစ်ဒရာမာပေါ့။

Voice : မထက်တို့ခေတ်တုန်းက ကြော်ငြာတွေက အခုချိန်ထိ ရင်ထဲစွဲကျန်တယ်။ အခုခေတ်ကျတော့ သိပ်ပြီးတော့ မစွဲသလို ခံစားရတယ်။ မထက်ရဲ့ အမြင်လေးကရော။
HHMO : ဘယ်လိုကွာသွားလဲဆိုတော့ ခေတ်ကလည်း ပြောင်းလဲနေပြီ။ သီချင်းတွေကလည်း ပြောင်းလဲနေတယ်။ ရိုက်တဲ့ဥစ္စာကလည်း အပြင်မှာနဲ့ အထဲမှာ ဆော့ဝဲလ်သုံးတာ ကွာသလိုမျိုးပေါ့။ မြန်မာပြည်မှာလည်း အရင်ကရိုက်ခဲ့တာနဲ့ အခုခေတ်စားလာတာနဲ့ သီချင်းတွေလည်း ကွာသွားတယ်။ ရိုက်ပုံရိုက်နည်းရော၊ တည်းဖြတ်တာတွေရော အစစအရာရာ ကာလာတွေ၊ လူငယ်တွေတက်လာတဲ့ စိတ်ဓာတ်တွေကအစ အပြောင်းအလဲတွေက အများကြီး ဖြစ်သွားပြီ။ 

Voice : အခုချိန်ထိ မထက်ကိုကျတော့ ပရိသတ်တွေက ရိုးမသွားဘူး ချစ်ဆဲပဲနော်။
HHMO : အစ်မတို့ရိုက်တုန်းက TV ဆိုတဲ့ဥစ္စာက ပထမဦးဆုံးစပြီးပေါ်တယ်။ အစ်မတို့လည်း TV ကြီးကိုလည်း အစ်မတို့ ကြီးလာတဲ့အခါကျမှ ပထမဆုံးစပြီး မြင်ဖူးတယ်။ ဒီမှာ ဖျော်ဖြေပေး တဲ့သဘောလေးနဲ့ လူတိုင်းရဲ့စိတ်ကို အပျင်းပြေစေတဲ့အရာလည်းဖြစ်တယ်။ ဒါလေးတွေက လူတွေရဲ့ စိတ်ထဲမှာ ကျန်နေတဲ့သဘောပါ။

Voice : မထက်လိုတော့ ပုံစံတူမျိုးလေးတော့ ထပ်မပေါ်လာတော့ဘူးနော်။ ပြန်တွေးမိရင် ဘယ်လိုစိတ်မျိုးဖြစ်မိလဲ။
HHMO : အတိတ်ကိုတော့ ပြန်သတိရတာပေါ့နော်။ အရာရာအားလုံးက ပြီးခဲ့ပြီဆိုတော့ ဒီလိုပဲ ပြီးသွားတာပဲပေါ့။ 

Voice : မထက်ရဲ့ Fan လေးတွေရော ဘာတွေ လုပ်ပေးချင်သေးလဲ။
HHMO : အစ်မရဲ့ We Love တွေဆိုရင် မနက်ကတည်းက လာစောင့်ကြည့်နေကြတယ်။ သနားပါတယ်။ ဗိုက်ဆာနေပြီလား၊ ဘာကျွေးရမလဲလို့ မေးတယ်။ အားနာတယ် သူတို့တွေကလည်း ချစ်တော့ ဘေးကနေ မျိုးစုံ အကြံဉာဏ်လေးတွေပေးတယ်။ လိုက်ပြီးအားပေးတယ်။ 

ခင်ညိုညိုသိမ့်