News

POST TYPE

INTERVIEW

ရေနံချောင်း အဓိကရုဏ်း
26-Jul-2019

ရေနံချောင်း အဓိကရုဏ်း

ရေနံချောင်းမြို့နယ်၊ ဖရဲကျွန်းရွာနှင့် ကန်သာရွာတို့ ရွာမြေပိုင်ဆိုင်မှုအငြင်းပွားရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ရာ ဇူလိုင် ၂၅ ရက်၊ ညနေ ၅ နာရီခန့်အထိ အလောင်း ၁၁ လောင်း ထပ်မံတွေ့ရှိခဲ့ပြီး ၁၆ ဦးပျောက်ဆုံးနေဆဲဖြစ်သည်။ ယမန်နေ့က သေဆုံးလျက်ဖြင့် ကျား ၈ ဦး၊ မ ၂ ဦး စုစုပေါင်း ၁၀ ဦးနှင့် အသက်ရှင်လျက် ၂ ဦး ပြန်တွေ့ခဲ့သဖြင့် စုစုပေါင်း ၁၆ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။ အဓိကရုဏ်းဖြစ်ပွားမှုအကြောင်း အသက်ရှင်လွတ်မြောက်လာသည့် ဖရဲကျွန်းရွာသား ကိုသက်နိုင်ဦးနှင့် ကိုသန်းဦးတို့ကို တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။



“သူတို့မသတ်ရင် သေစရာအကြောင်းမရှိဘူး”

ကိုသက်နိုင်ဦးနှင့် တွေ့ ဆုံခြင်း

Voice : ဖရဲကျွန်းရွာအဖွဲ့က အဲဒီဘက်ခြမ်းကို ဘာလုပ်သွားတာပါလဲ။
KTNO : ကျွန်တော်တို့က အိမ်ဆောက်တယ်ဆိုတဲ့ အသံကြားလို့ ဒီကနေ မော်တော်တစ်စီးနဲ့ သွားပါတယ်။ ကျွန်တော်တို့ ကွင်းထဲမှာ ဆောက်နေတဲ့ အိမ်နှစ်လုံးကို အကာတွေဖျက်ပြီး တစ်စုတည်း ပုံထားပေးခဲ့တယ်။ တိုင်တွေ၊ အမိုးတွေမဖျက်ပါဘူး။ ဟိုရောက်တော့ အဲဒီက အိမ်ရှင်တွေနဲ့ ပြေလည်မှုရလို့ ငြိမ်းငြိမ်းချမ်းချမ်း ပြန်ကြမယ်ပေါ့။ အဲဒီအချိန်မှာ ကျွန်တော်တို့ရွာက အဘဦးချစ်ရဲ့သား ကိုသန်းဇော်ကို အဲဒီဘက်က လူတွေက ဝိုင်းသတ်နေတော့ ကျွန်တော်တို့ရွာဘက်က မိန်းမသားတွေက ကြောက်တော့ ပြေးကြတာပေါ့။ အဲဒီအချိန်မှာ ကန်သာရွာက လူဦးရေ ၄၀၀ လောက်က သူတို့ရွာက ကျမ်းကိုင်ကျွန်း အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဘက်ပေါင်းစုံကနေ လူတွေ အဆမတန် ကျွန်တော်တို့ကို လေးခွတွေနဲ့လည်း ပစ်တယ်။ ဝါးလုံးတွေနဲ့လည်း ပစ်တယ်။ လှံတွေနဲ့လည်း ပစ်တယ်။ 

Voice : အဲဒီနောက် ဘာဆက်ဖြစ်တာပါလဲ။ 
KTNO : ကျွန်တော်တို့မှာ ရှေ့ကလည်း ရန်သူ၊ နောက်ကလည်း မြစ်ပြင်ဆိုတော့ ရန်သူပဲပေါ့ဗျာ။ ကျွန်တော်တို့မှာ ကြောက်ကြတော့ သူတို့ အသတ်တော့မခံဘူး။ တို့ဘာတို့ ထွက်ပြေးမယ်ပေါ့လေ။ မရဘူး။ အကုန်လုံးမှန်တဲ့သူတွေချည်းပဲ။ ပြောရရင် မြစ်ထဲ ခုန်ပြေးတဲ့သူတိုင်း အလုပ်ခံရတဲ့လူတွေပဲ။ မော်တော်ပျက်လေး အကာအကွယ်ယူနေတာ။ အဲဒီမှာ မော်တော်ပျက်ကို ခေါင်းမြင်ရင် ခေါင်းကိုပစ်။ လက်ကိုမြင်ရင် လက်ကိုပစ်။ အဲလို သူတို့ ပစ်ခတ်မှုကြောင့် မော်တော်က နစ်မြုပ်ခဲ့တာ။ မော်တော်နစ် သွားတာပြောရရင် ကျွန်တော်တို့က သူတို့လုပ်လို့၊ ဒီကိစ္စကြီးက ကျွန်တော်တို့အကုန် သူတို့သတ်လို့ သူတို့ မသတ်ရင် သေစရာအကြောင်းမရှိဘူး။ ကျွန်တော် ခုကျန်နေခဲ့တယ်ဆိုတာ ရှားတပင်ဘက်က မိတ်ဆွေသိကျွမ်းတဲ့သူက ကျွန်တော်တို့ကို ကူညီပေးလို့။ ကျွန်တော်တို့ အသက်ရှင်ရတာ။ ဒီ့ပြင်ဆို အကုန်သေပဲ။ အဲဒီမှာ ကြောက်စရာကြီးပါ အဲဒီ အချိန်ကြည့်ရတာ။ ကျွန်တော့်ဒဏ်ရာထက် အများကြီး များတဲ့သူတွေချည်းပဲ။ 




“ကျွန်တော့်မျက်စိအောက်တင် သတ်တာ”

ကိုသန်းဦးနှင့် တွေ့ဆုံခြင်း

Voice : ပဋိပက္ခ ဘယ်ကနေ စတင်ဖြစ်တာလဲ။ 
KTO: အိမ်ရှင်တွေနဲ့ အဆင်ပြေရဲ့နဲ့ အုပ်ချုပ်ရေးမှူးဟောင်း သန်းဦးကနေ ရွာထဲကိုလူစုပြီးတော့ ကျွန်တော်တို့ဆီကပါလာတဲ့ သန်းဇော်ဆိုတဲ့ကောင်က သူတို့ နယ်ဘက်ပါသွားတဲ့အခါမှာ ဝိုင်းခုတ်သတ်တာ။ ကျွန်တော်တို့ မျက်စိအောက်တင်။ အဲဒီခုတ်တဲ့၊ သတ်တဲ့လူကလည်း ဝင်းဦးနဲ့ အုပ်ချုပ်ရေးမှူးဟောင်း မောင်ဝင်း၊ ကျွန်တော် ကိုယ်တိုင်မြင်တာ။

Voice : အဲဒီနောက် ဘာတွေဆက်ဖြစ်တာလဲ။ 
KTO: မြင်တော့ သန်းဇော်သေတာ သေပစေတော့ မင်းတို့ရှေ့မတိုးကြနဲ့တော့။ တစုတစည်းတည်း ကမ်းနားကိုနေကြတော့။ အဲဒီအချိန်မှာ အုပ်ချုပ်ရေးမှူး သန်းဦး (ဟောင်း) က တစ်ခါတည်း ဘယ်တက်၊ ညာတက် အလယ်ကဆိုပြီး သုံးဖက်ညှပ်ပြီး ကျွန်တော်တို့ကို တိုက်တာ။ ဓားတွေနဲ့ ပစ်၊ လှံတွေနဲ့ပစ်တိုက်တာ။ နောက်ဆုတ်ပြီးတော့ ရေပဲရှိတော့ အနားမှာရှိတဲ့ လှေခွံတွေ၊ ဘာတွေကို အကာအကွယ် ယူပြီးတော့ နေကြတယ်။ နေကြတော့ သူတို့က ထိုးစစ်တင်တာ။ စက်လှေကို အကာအကွယ်ယူကြတာ၊ စက်လှေကို အကာအကွယ်ယူတော့ သူတို့ ပစ်လို့ စက်လှေနစ်သွားတာ။ နစ်သွားတာကလည်း ကမ်းနားတင်။ ကမ်းနားမှာ ထောက်မိတယ်။ အဲဒီမှာ ပြဿနာမရှိဘူး။ ကမ်းကပ်လာတဲ့ လူမှန်သမျှကို ဝါးလုံးတွေနဲ့ ရိုက်၊ တုတ်တွေနဲ့ ရိုက်၊ လှံတွေနဲ့ထိုး၊ အဲဒီမှာတင် လူတွေကို ထိုးမျှောတာ။ ကမ်းရောက်တဲ့သူမှန်သမျှကို လိုက်သတ်တာ။ ခုဖြစ်တာ စက်လှေမှောက်လို့ သေတာ မဟုတ်ဘူး။ သူတို့ သတ်လို့သေတာ။

Voice : အဲဒီနောက် ဘာတွေ ဆက်ဖြစ်ကြသေးလဲ။
KTO: အဲဒီအချိန်မှာ ရဲမော်တော်လာတယ်။ ရဲမော်တော်က ဒီမျှောနေတဲ့ လူတွေကို မဆယ်ဘူး။ မဆယ်ဘဲ သူတို့က ပတ်ကြည့်ပြီးတော့ ကျွန်တော်က အဲဒီအချိန်မှာ ရေလယ်ကောင်ရောက်နေပြီး ကျွန်တော်လည်း ကူးခတ်နေရတာ အသက်လုပြီး မင်းတို့သတ်တော့ မခံဘူး ရေထဲဆင်းပြေးတာ။ ကျန်တဲ့ကောင်တွေက ကမ်းမှာတင် ကျွန်တော့် မျက်စိအောက်တင် သတ်တာ။ မြင်လို့လည်း သွားမကယ်နိုင်ဘူး။ ကျွန်တော် ရေထဲမှာ ဆယ်လိုက်တဲ့ ကလေးသုံးယောက် အသက်ရှင်တယ်။

Voice : ကိုသန်းဇော်ကို သတ်တာ ဘယ်လိုမြင်တာလဲ။ 
KTO: မောင်ဝင်းတို့ ခေါင်းရင်းမှာ သန်းဇော်က နယ်ကျွံသွားတဲ့အခါ ဝင်းဦးက အုပ်ချုပ်ရေးမှူး သန်းဦး (ဟောင်း) ဦးစီးပြီးတော့ သန်းဇော်က ပထမတစ်ချက် ဓားနဲ့ အထိုးခံလိုက်ရတာ၊ ဓားနဲ့ထိုးပြီး နောက်တစ်ခါ ရဲတင်းနဲ့ ခေါင်းပေါက်သတ်တာ။ အဲလိုဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့က သန်းဇော်ကို သွားပြီး မကယ်နိုင်ဘူး။ သေနေတဲ့သန်းဇော်က ရေထဲ ဆင်းပြေးတာလည်း မပါဘူး။ ရေမျှောတဲ့ အထဲလည်း မပါဘူး။ သန်းဇော်အလောင်းကို တွေ့ရမှာ။ သန်းဇော်အလောင်း ရှာမတွေ့ဘူး ခုအချိန်အထိ။

နေနိုင်