News

POST TYPE

INTERVIEW

ချောရတနာနဲ့ တွေ့ဆုံခြင်း
25-Jul-2019
“ဘာပဲပြောပြော နာမည်တစ်လုံးရဖို့အတွက်ကို အများကြီး ကြိုးစားခဲ့ရတယ်”



သရုပ်ဆောင်ချောရတနာနဲ့ တွေ့ဆုံခိုက် လက်ရှိ အကြောင်းလေးတွေ၊ ညီမဖြစ်သူ သန္တာဗိုနဲ့ အကြောင်းလေးတွေနဲ့ ဇာတ်ကားရိုက်ဖို့ ရှိ မရှိ အကြောင်းလေးတွေကိုလည်း မေးမြန်းထားပါတယ်။ 

Voice : လက်ရှိက ဘာတွေလုပ်ဖြစ်နေသေးလဲ။ 
CYD : ဘာမှတော့ သိပ်ပြီး မလုပ်ဖြစ်ပါဘူး။ အခုက Aroma ရဲ့ Wedding Fair မှာ လျှောက်ဖို့တော့ရှိတယ်။ ဇာတ်ကားရိုက်ကလည်း ကိုယ်နဲ့ လိုက်ဖက်ပြီးတော့ ကမ်းလှမ်းလာခဲ့ရင်တော့ ဆက်လုပ်ဖြစ်ဦးမှာပါ။ ကလေးနဲ့ပဲ အာရုံများနေတာလေ။ 

Voice : သရုပ်ဆောင်တာနဲ့ အလှမ်းဝေးနေတော့ သရုပ်ဆောင်ချင်တာ မျိုးမရှိဘူးလား။
CYD : သရုပ်ဆောင်တယ်ဆိုတာက လာတဲ့အခွင့်အရေးပေါ် ကြိုးစားရတာလေ။ ကိုယ်တွေက ပရိုဂျူဆာမှမဟုတ်တာ။ ပရိုဂျူဆာလုပ်နိုင်ရင်တော့ တစ်မျိုးပေါ့။ ပရိုဂျူဆာမလုပ်နိုင်တဲ့အခါကျတော့ ကိုယ့်အပေါ်ကိုပေးတဲ့ အခွင့်အရေးမှာပဲ ကြိုးစားပိုင်ခွင့်ရှိတာ။ အဲဒါကြောင့်မို့ ရတဲ့အခွင့်အရေးအကောင်းဆုံး ကြိုးစားတယ်။ 

Voice : သရုပ်ဆောင်ချင်သေးတဲ့ ကာရိုက်တာမျိုးတွေ ဘာတွေရှိလား။ 
CYD : ရှိတယ်။ ကိုယ်တွေရုပ်ကလည်း အမာဆိုတော့ အမာ ဇာတ်ရုပ်လေးတွေ သရုပ်ဆောင်ချင်တယ်။ စကားပြောရင်လည်း အမာဘက်သွားတာ။ မိန်းမ အရမ်းဆန်ပြီးတော့လေ ချွဲချွဲနွဲ့နွဲ့ဆို မရဘူး။ အီစီကလီလည်းမရဘူး။ အမှန်ကတယ်ဆို ကိုယ်တွေလိုင်းက ယောကျာ်းဆန်တယ်။ လူကသာ မိန်းမ၊ ယောကျာ်းဆန်ဆန် လုပ်ရမယ့်ဟာဆို ပိုကြိုက်တယ်။ မာမာထန်ထန်ပြောရမယ့်ဟာမျိုးတွေ ကိုယ်တိုင်ကိုက ကြိုက်တာလေ။ အဲလိုမျိုးတွေ သရုပ်ဆောင်ချင်တယ်။ ဗန့်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ရိုက်ရရင် ပြီးရော။ သရုပ်ဆောင်တာ ဝါသနာလည်းပါတယ်။ 

Voice : အနုပညာအလုပ်တွေနဲ့ဝေးနေတော့ ညီမဖြစ်သူ သန္တာဗိုရဲ့ အကူအညီတွေ ယူရသေးလား။
CYD : ညီမလေးကတော့ အနုပညာလောကမှာ သူ့ဟာနဲ့သူတော့ လျှောက်လှမ်းနေပြီပေါ့နော်။ သူ့ကို မော်ဒယ်လ်ပိုင်းနဲ့ဆို အားရနေပါပြီ။ သူ့ဆီ အလုပ်တွေလာရင်တော့ ညီအစ်မတွေ တိုင်ပင်ဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ အကြံဉာဏ်တွေ ပြန်ပေးဖြစ်တယ်။ ကိုယ်လည်း သူ့ကို ပြန်မေးရတယ်။ ကိုယ်က အလှမ်းဝေးသွားပြီလေ။ ဘယ်လိုတွေ လုပ်ရမှာလဲပေါ့နော်။ ဘာလေးတွေ စီစဉ်ပေးပါဦးဆိုပြီး ပြောရတယ်။ သူ့ကိုတောင်ပြန်ပြီး ပံ့ပိုးခိုင်းနေရတယ်။ အလှမ်းဝေးတာကြောင့်လေ။

Voice : ညီမလေး အောင်မြင်မှုပေါ်မှာရော ဘာပြောချင်တာရှိလဲ။
CYD : ဝမ်းသာတာပေါ့။ အောင်မြင်တယ်ဆိုပေမယ့်လည်း အများကြီးကြိုးစားရဦးမှာပေါ့နော်။ ဘာပဲပြောပြော နာမည်တစ်လုံးရဖို့အတွက်ကို အများကြီးကြိုးစားခဲ့ရတယ်။ အဲဒီနာမည်ကို တည်ဆောက်ဖို့အတွက်လည်း အများကြီးကြိုးစားရဦးမယ်လေ။ ရပ်နေလို့ မရဘူး။

Voice : ချောတို့ကို ပရိသတ်ကတော့ မမေ့သေးဘူးနော်။
CYD : ချောတင်မဟုတ်ပါဘူး။ ချောညီမ သန္တာဗို၊ ချောကလေးတွေပါ ချစ်ပေးကြတယ်ပေါ့နော်။ ကျေးဇူးလည်းတင်ပါတယ်။ 

ခင်ညိုညိုသိမ့်