News

POST TYPE

INTERVIEW

ဒေါက်တာသူရဇော် (ကလေးအထူးကုဆရာဝန်) နှင့် တွေ့ဆုံခြင်း
24-Jul-2019
ကလေးနှင့် တုပ်ကွေးရောဂါများ

“အဖျားကျဆေးဆိုတဲ့နေရာမှာ ပါရာစီတမော ရိုးရိုးကိုပဲ သုံးစေချင်တယ်”



မိုးတွင်းကာလသည် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များသည့် ကာလဖြစ်သော်လည်း ရာသီအကူးအပြောင်းကာလလည်း ဖြစ်သည့်အတွက် ရာသီတုပ်ကွေးနှင့် ပြင်းထန်သည့်အတွက်ကြောင့် တင်စားခေါ်ဝေါ်လာသည့် ဆင်တုပ်ကွေး စသည့် ရောဂါများပါ ဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့် ကလေးငယ်များတွင် အဆိုပါ တုပ်ကွေးရောဂါ တစ်ခုခုခံစားရပါက သတိပြုနိုင်မည့်အချက်များ၊ သတိပြုဖွယ်ရာများနှင့် ပတ်သက်၍ ပုသိမ်မြို့မှ ဒေါက်တာသူရဇော် (ကလေးအထူးကုဆရာဝန်) နှင့် The Voice Daily က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : အခုရာသီမှာ တုပ်ကွေးရောဂါတွေက အစုံဖြစ်နေတာဆိုတော့ ဒါနဲ့ပတ်သက်တာတွေကို ပြောပြပေးပါဦး။
Dr.TYZ : တုပ်ကွေးမျိုးစုံဖြစ်နေကြတယ်။ အဖြစ်အများဆုံးကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဖျားနာမှုတွေက အများဆုံးဖြစ်တယ်။ ဗိုင်းရပ်စ်ထဲမှာ ရာသီတုပ်ကွေးကြောင့် ဖျားနာတဲ့ ကလေးတွေရှိသလို Dengue Virus ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးလည်းရှိတယ်။ ဒီရက်ပိုင်းမှာ ပြင်းပြင်းထန်ထန်နဲ့ အဖြစ်များတာက ဆင်တုပ်ကွေး  (Chikungunya Virus) က အဖြစ်များပါတယ်။

Voice : ဒါတွေက ဘယ်လိုကူးစက်နိုင်ပါသလဲ။ နောက်ပြီး အသက်အရွယ်အစုံ ဖြစ်နိုင်တာလား ဆရာ။
Dr.TYZ : ဒါက လေထုထဲကနေ ကူးစက်နိုင်တယ်။ အသက်ရှူလမ်းကြောင်းထဲကနေ ကူးစက်နိုင်တယ်။ ရောဂါပိုးပါတဲ့ လူ့ခန္ဓာကိုယ်က ထွက်တဲ့ သလိပ်၊ အရည် စတာတွေကို တစ်နည်းနည်းနဲ့ထိတွေ့မိ၊ ကိုင်တွယ်မိရာကနေလည်း ကူးစက်နိုင်တယ်။ သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေးကတော့ ခြင်ကိုက်ရာကနေ ကူးစက်နိုင်တယ်။ ဒါတွေက ကလေးလူကြီးမရွေး ဖြစ်ပွားနိုင်တယ်။

Voice : တုပ်ကွေးရောဂါရဲ့ လက္ခဏာရပ်တွေကို ပြောပြပေးပါဦး။
Dr.TYZ : ဒီရာသီမှာ အဖြစ်များဆုံးက ဖျားနာကြမယ်။ နှာရည်ယို၊ ချောင်းဆိုးတာတွေက ကနဦး ဖြစ်ပွားကြတာပါပဲ။ ဘာဗိုင်းရပ်စ်ဝင်တယ်ဆိုတဲ့အပေါ်မှာ မူတည်တယ်။ တချို့ဗိုင်းရပ်စ်တွေက နှာရည်ယိုတာ အဖြစ်များသလို တချို့ကျတော့လည်း တစ်ခါတလေ ဝမ်းပျက်ဝမ်းလျှောတာတွေ၊ ပျို့အန်တာတွေ အဖြစ်များတာရှိတယ်။ တချို့က ကြွက်သားတွေ အလွန်တရာမှ ကိုက်ခဲနာကျင်တာလည်း ရှိတယ်။ ဗိုင်းရပ်စ်တစ်ခုချင်းစီရဲ့ ထူးခြားတာက သွေးလွန်တုပ်ကွေးကြောင့် ဖြစ်တဲ့ ရောဂါလက္ခဏာဆိုရင်တော့ နောက်ပိုင်းမှာ အရေးကြီးတဲ့ လက္ခဏာတွေဖြစ်တဲ့ သွေးယိုစီးတဲ့ လက္ခဏာတွေ ဖြစ်နိုင်တယ်။ ဆင်တုပ်ကွေးမှာကတော့ အဆစ်အမြစ်တွေ နာကျင်တာ၊ ကိုယ်လက်မအီမသာ ဖြစ်တာ၊ အနီဖုတွေ ပေါက်တာတွေ ဖြစ်နိုင်ပါတယ်။

Voice : ဘယ်ဗိုင်းရပ်စ်က ပိုပြီးပြင်းထန်ပါသလဲဆရာ။
Dr.TYZ : ဒါကတော့ လူတစ်ဦးရဲ့ခံနိုင်ရည်အားရယ်၊ နောက်ပြီးဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ရဲ့ ပြင်းထန်မှုရယ်နဲ့ ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်သလဲဆိုတာ ပေါ်မူတည်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပြင်းထန်မှုက ကွာခြားပါတယ်။ ရာသီတုပ်ကွေးက အမြဲတမ်းဖြစ်လေ့ဖြစ်ထရှိတယ်။ ဖျားနာတယ်၊ ချောင်းဆိုးတယ်၊ ကိုက်ခဲတာလောက်နဲ့ပြီးသွားနိုင်သလို ရံဖန်ရံခါ ဒီထက်ပိုဆိုးပြီး အဆုတ်ရောင်တာတွေ၊ အဆုတ်ထဲ ပိုးဝင်တာ၊ ဦးနှောက်ရောင်ရမ်းတာတွေထိ ဖြစ်ပွားပြီးတော့ အသက်အန္တရာယ်ဒုက္ခပေးနိုင်တာလည်း ရှိပါတယ်။ သွေးလွန်တုပ်ကွေးကတော့ ကလေးသူငယ်တွေ အသက်အန္တရာယ်ကို အခြိမ်းခြောက်ဆုံးဖြစ်တယ်။ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးက ပထမ ၁ ရက်၊ ၂ ရက်မှာတော့ လက္ခဏာတွေ ခွဲခြားလို့မရအောင် တစ်ခါတလေ ဆင်တူနေတတ်တယ်။ သွေးလွန်တုပ်ကွေးကို လက်မောင်းမှာ သွေးပေါင်ချိန်တဲ့ ကိရိယာနဲ့ပတ်ပြီး စစ်ဆေးခြင်းအားဖြင့် အနီစက်တွေ ထွက်၊ မထွက်ကို ကနဦးအကြမ်းဖျင်း စစ်ဆေးနိုင်ပါတယ်။ ဒီ့ပြင် သွေးလွန်တုပ်ကွေးဖြစ်တဲ့ကလေးက ၃ ရက်၊ ၄ရက်မြောက် လောက်မှာ ဆက်တိုက်အန်တာ၊ အစာမဝင်တာ၊ နှာခေါင်းသွေးလျှံတာတွေ၊ သွားဖုံးသွေးယိုတာတွေ၊ ဝမ်းမည်းမည်းသွားတာ၊ ကော်ဖီအနှစ်ရောင်လို မည်းမည်းအဖတ်တွေအန်တာ၊ ဗိုက်ထဲ အောင့်အောင့်လာတာတွေ၊ အဖျားကျပြီး မလန်းတာတွေ အဖျားကျပြီး ခြေလက်အေးစက်လာတာတွေ ဖြစ်ပြီဆိုရင် ဒါတွေက သွေးလန့်တဲ့ လက္ခဏာတွေဖြစ်တယ်ဆိုတဲ့အတွက် အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်လို့ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရမယ်။
ဆင်တုပ်ကွေးမှာတော့ အစားအသောက် မစားနိုင်တာ၊ ခြေလက်ကိုက်ခဲနာကျင်တာ၊ အဆစ်အမြစ်တွေ တအားကိုက်တာ၊ ခေါင်းကိုက်တာတွေ ပြင်းထန်စွာဖြစ်နိုင်တယ်။ ဆင်တုပ်ကွေးလို နာကျင် ကိုက်ခဲတာတွေကို ကလေးတွေမှာ ဘယ်လိုသိနိုင်မလဲဆိုတော့ အားလုံးထဲမှာ ထူးခြားတာက သူက ကိုက်ခဲနာကျင်မှုများတယ်။ သူက ပါရာစီတမောလို အဖျားကျဆေးသောက်ရုံနဲ့တောင် အဖျားက မကျဘဲ တင်းခံနေတတ်တယ်။ အဲ့ဒါကြောင့် ကလေးတွေ စဖျားတဲ့နေ့ကစပြီး အလွန်တရာမှ မအီမသာဖြစ်ပြီး ဂျီကျတတ်တာတွေ့ရတယ်။ ကလေးက ပါးစပ်က မပြောတတ်တဲ့အတွက် အလွန်တရာမှ ဂျီကျနေမယ်။ နို့စို့ အရွယ်ကလေးတွေဆိုရင်လည်း နို့မစို့နိုင်တာ၊ နို့စို့နည်းတာတွေ ဖြစ်နိုင်တာတွေ့ရတယ်။

Voice : ဟုတ်ကဲ့။ ဖျားနာတဲ့အခါမှာ ပါရာစီတမောတွေ၊ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးတဲ့အခါ ဖြစ်လာနိုင်မှာတွေကို ပြောပြပေးပါဦး ဆရာ။
Dr.TYZ : ဘယ်ရောဂါပဲဖြစ်ဖြစ် ဖျားနာပြီဆိုရင် အဖျားကျဆေးတွေ သောက်ကြတယ်။ တချို့ကလည်း ဆေးရုံဆေးခန်းတွေ သွားပြပြီး သောက်ကြတာ ရှိသလို တချို့ကလည်း အိမ်မှာရှိတဲ့ အိမ်သုံးဆေးနဲ့ ကုကြတယ်။ ဒီလိုပဲ ဆေးဆိုင်မှာ ဆေးစပ်ပြီးလည်း သောက်ကြတယ်။ အဖျားကျဆေးဆိုတဲ့နေရာမှာ ပါရာစီတမော ရိုးရိုးကိုပဲ သုံးစေချင်တယ်။ ဒီကိစ္စက အရမ်းကို အရေးကြီးတယ်။ သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေး ရောက အဖျားပြင်းထန်တယ်။ ကိုက်ခဲညောင်းညာမှု ပြင်းထန်တဲ့အတွက် ပါရာစီတမောသောက်ရုံ လောက်နဲ့ အဖျားမကျဘူး။ ကိုက်ခဲတာတွေ မသက်သာဘူး ဆိုတဲ့အခါမှာ တချို့က ပါရာစီတမောထက် ပိုစွမ်း အားထက်ပြီး ပြင်းအားများတဲ့ Nsaids လို့ဆိုတဲ့ ဆေးတွေကို အသုံးပြုလာတယ်။ ဥပမာအားဖြင့် Diclo၊ Ibuprofen စတဲ့ဆေးတွေက ပါရာစီတမောထက် ပြင်းအားပိုများပြီးတော့ အကိုက်အခဲကို ပိုသက်သာစေတာမှန်ပေမယ့် နောက်ဆက်တွဲအနေနဲ့ အစာအိမ်သွေးကြောပေါက်တာ၊ သွေးယိုစီးမှုပြဿနာတွေ ဖြစ်နိုင်တဲ့အတွက် သွေးလွန်တုပ်ကွေးမှာ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့အထိ ဖြစ်စေနိုင်လို့ လုံးဝ မသုံးစေချင်ပါဘူး။
တချို့တောရွာတွေမှာ ကလေးသူငယ်တွေကို အသားဆေး၊ တင်ပါးဆေး Diclo ထိုးနှံခြင်း၊ Analgesin ထိုးနှံခြင်းဖြင့် အဖျားကျကိုက်ခဲ သက်သာအောင် လုပ်ပေးတာတွေ့ရတတ်တယ်။ ဒါတွေက သွေးလွန်တုပ်ကွေးမှာ မလိုလားအပ်တဲ့ သွေးယိုစီးမှုကို ဖြစ်ပွားစေနိုင်တယ်ဆိုတဲ့ အထောက်အထားများစွာရှိတဲ့အတွက် မသုံးစေချင်ဘူး။ လုံးဝ မလုပ်သင့်ဘူး။

Voice : တုပ်ကွေးရောဂါ ခံစားရတဲ့ကလေးက အဖျားမကျဘူးဆိုရင် ဘာလုပ်မလဲ။
Dr.TYZ : ပါရာစီတမောကို ၆ နာရီခြားတစ်ခါ တိုက်ပါမယ်။ ကလေးတစ်ကိုယ်လုံးကို ရေကြက်သီးနွေးနဲ့ ခဏခဏရေပတ်တိုက်ခြင်းနဲ့ ကိုယ်ပူကျအောင် ချပေးရပါမယ်။ အနည်းဆုံးအစာမစားချင်ရင်တောင် အရည်ဝင်အောင် တိုက်ရမယ်။ ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်တွေကို အနည်းဆုံး ၁၀ မိနစ်တစ်ဇွန်း ဝင်အောင်တိုက်ခြင်းနဲ့ အဖျားကြီးလို့ ရေဓာတ်ဆုံးရှုံးတာ၊ ကိုယ်ခံအားကျဆင်းတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Voice : ဘယ်လိုမျိုးကာကွယ်မှုတွေ လုပ်သင့်ပါသလဲ။
Dr.TYZ : အခြေခံအားဖြင့် တစ်ကိုယ်ရေသန့်ရှင်းဖို့ပဲ။ ရောဂါရှိတဲ့သူတွေနဲ့ တတ်နိုင်သမျှ ရှောင်ဖို့လိုတယ်။ ကိုယ်တိုင်က တုပ်ကွေးဖြစ်နေတယ်ဆိုရင် ကိုယ်က ရောဂါပိုးဖြန့်တဲ့သူမဖြစ်အောင် ရှောင်ရမယ်။ ကလေးက တုပ်ကွေးဖြစ်တယ်ဆိုရင် ကလေးကို ကျောင်းမလွှတ်သင့်ဘူး။ အလုံပိတ်အခန်းထဲ ကလေးတစ်ယောက်က တုပ်တွေးဖြစ်တယ်ဆိုရင် တစ်ခန်းလုံးကို ကူးစက်သွားနိုင်တယ်။ နှာရည်ယို၊ နှာချေတဲ့အချိန် လက်ကိုင်ပဝါကို သုံးသင့်ပါတယ်။ အရေးကြီးတာကတော့ မကြာခဏ လက်ဆေးခြင်းပါပဲ။ မမြင်နိုင်တဲ့ပိုးတွေက ကိုယ်ထိတွေ့ကိုင်တွယ်တဲ့လက်တွေကနေ တစ်ဆင့် နှာခေါင်းထဲဝင်နိုင်တဲ့အတွက် တစ်စုံတစ်ရာကို ကိုင်ပြီး တိုင်းလက်ဆေးခြင်းနဲ့ ရောဂါကူးစက်တာကို ကာကွယ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေးမှာတော့ ခြင်မကိုက်အောင် ကာကွယ်ဖို့နဲ့ လောက်လန်း နှိမ်နင်းတာတွေ လုပ်ပြီး ခြင်ပေါက်ပွားမှု လျော့နည်းအောင် လုပ်ရမယ်။

Voice : တုပ်ကွေးဖြစ်တဲ့ကလေးကို ဘယ်လိုအစားအသောက်တွေ ကျွေးသင့်ပါသလဲ။
Dr.TYZ : ဖျားရင် ကလေးကလည်း အစာမဝင်ဘူး။ လူကြီးတွေကလည်း အစာဝင်ရင် ပိုဖျားမယ်လို့ လွဲမှားစွာ ကောက်ယူတတ်တယ်။ တကယ်တော့ ဖျားနာတဲ့အချိန်မှာ အစာအာဟာရက လိုအပ်သလို အရည်ဓာတ်ကလည်း လိုအပ်တယ်။ ကလေးတွေကဖျားရင် ပျို့အန်တာတွေရှိတတ်တဲ့အတွက် နူးညံ့ပြီးပျော့တဲ့ အစာကြေလွယ်တာတွေကို ကျွေးသင့်ပါတယ်။ မိခင်နို့ကိုလည်း တိုက်ကျွေးဖို့လိုအပ်တယ်။ ခံတွင်းပျက်ပြီး အစာကို လက်မခံနိုင်တဲ့အတွက် ပုံမှန်အရင်က ကျွေးတာမျိုးတွေ မဟုတ်ဘဲ နည်းနည်းစီကျွေးသင့်ပါတယ်။ အူရောင်ငန်းဖျားရောဂါဖြစ်တယ်လို့ ဆရာဝန်က ညွှန်ကြားမှပဲ အစားကျွေးတာကို ရှောင်ရှားသင့်ပါတယ်။

Voice : ဆရာ့အနေနဲ့ ကလေးမိဘတွေအတွက် သတင်းစကားပါးပေးပါဦး။
Dr.TYZ : ကလေးစဖျားပြီဆိုရင် နီးစပ်ရာ ဆရာဝန်နဲ့ပြပါ။ သင့်လျော်တဲ့ဆေးဝါးတွေကိုသာ တိုက်ကျွေးပါ။ မသင့်လျော်တဲ့ ပြင်းထန်တဲ့ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေကို မသုံးပါနဲ့။ ကလေးကို အစာဝင်၊ ရေဝင်အောင်ကြိုးစားပါ။ သွေးလွန်တုပ်ကွေးသံသယရှိမယ်ဆိုရင်တော့ သတိထားရမယ့် အရေးကြီးအချက်တွေကို အချိန်နဲ့အမျှ စောင့်ကြည့်ပေးပါ။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ