News

POST TYPE

INTERVIEW

ဇင်ဇင်ဇော်မြင့်နဲ့ တွေ့ဆုံခြင်း
24-Jul-2019
“ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်ကောင်ရဲ့ ကာရိုက်တာက မေလေးရဲ့ အသက်ပါ” 



သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်နဲ့ တွေ့ဆုံခိုက် ကိုယ်ပိုင် ထုတ်လုပ်ရေးကနေ ဇာတ်ကားတွေ ပြန်ရိုက်တော့မယ့်အကြောင်း၊ ရတနာဆိုင်အတွက် ကိုယ်ပိုင်ဒီဇိုင်းတွေ ဖန်တီးနေတဲ့အကြောင်းနဲ့ လက်ရှိအခြေအနေအကြောင်းအရာအချို့ကို မေးမြန်းထားပါတယ်။ 

Voice : လက်ရှိမှာ ဘာတွေ လုပ်ဖြစ်နေတာ ရှိလဲ။
ZZZM : လက်ရှိ ကတော့ ညီမရဲ့ ယောက္ခမ ဆုံးထားတာလည်း မကြာသေးတော့ အနုပညာနဲ့ ပတ်သက်တာ မလုပ်ဖြစ်သေးဘူး။ နောက်ထပ်ဖွင့်မယ့် ရတနာဆိုင်အတွက် ကိုယ်ပိုင် ဒီဇိုင်းလေးတွေ ထွင်နေတဲ့အတွက် မလုပ်ဖြစ်သေးဘူး။ ညီမကို ရုပ်ရှင်ကားအနေနဲ့ တွေ့ရတာ နည်းနည်းလေး နည်းမယ်။ ညီမတို့ရဲ့ ထုတ်လုပ်ရေးကနေပြီးတော့လည်း နောက်ထပ် ရုပ်ရှင်ကားတွေလည်း ထပ်ပြီးတော့ ရိုက်သွားဖို့လည်း ရှိပါတယ်။ လောလောဆယ်တော့ ခဏနားထားတဲ့ သဘောပေါ့နော်။ 

Voice : ရတနာဆိုင်အတွက် ကိုယ်ပိုင်ဒီဇိုင်းတွေ ထုတ်မှာလား။ 
ZZZM : ညီမရဲ့ ကိုယ်ပိုင်ဒီဇိုင်းတွေ ထုတ်ဖို့လည်း ရှိပါတယ်။ အဲဒါကြောင့်မို့ ရုပ်ရှင်ဘက်ကို ခဏနားထားတယ်။ ဒါပေမဲ့ ညီမတို့ ထုတ်လုပ်ရေးကနေ ရုပ်ရှင်တွေ ရိုက်သွားဖို့တော့ ရှိနေပါတယ်။ 

Voice : ကိုယ့်ရဲ့ ထုတ်လုပ်ရေးကနေ ဘယ်လိုမျိုးကားတွေ ရိုက်ချင်တာလဲ။
ZZZM : အခုက Horror တွေလည်း များတယ်လေ။ ညီမအနေနဲ့ ဒရာမာ ဇာတ်လမ်းကို ကိုယ်ကရိုက်ပြီးသွားပြီဆိုတော့ ဟာသလိုမျိုးလေးပေါ့။ အပျော်လေးတွေကို ရိုက်ကူးချင်ပါတယ်။ ညီမတို့ဘုတ်အဖွဲ့တွေက အတည်ပြုပြီးဆိုရင်တော့ နှစ်ကုန်လောက်ဖြစ်ဖြစ်ပေါ့နော်။ ပြန်စမယ်လို့တော့ စီစဉ်ထားပါတယ်။ 

Voice : ကိုယ့်အတွက် အနုပညာအားကောင်းကောင်းဖြစ်စေမယ့် ဇာတ်ကို ရွေးဖို့ရှိလား။
ZZZM : အဲလိုမျိုးလည်းရှိပါတယ်။ အဲဒါကျတော့ နောက်ပိုင်းမှာလာမှာပါ။ အရင်ဦးဆုံးတော့ ပရိုဂျူဆာပိုင်းအနေနဲ့ ဆိုတော့ကိုယ့်လုပ်ကွက်ကို အဓိကထားပြီးတော့ လုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဇာတ်လမ်းရဲ့ အဓိကကာရိုက်တာဇာတ်ဆောင် ဘယ်နေရာမှာ ကိုယ်ပါမလဲ ပါတဲ့နေရာမှာ အခန်းနည်းချင်လည်း နည်းမယ်။ များချင်လည်း များမယ်။ အဲဒီပေါ်မှာပဲ သရုပ်ဆောင်သွားမယ်။ ကိုယ့်ရဲ့ ကာရိုက်တာပေါ်မှာ စည်းကမ်းရှိတယ်၊ လို့ပြောလို့ရတယ်။ သစ္စာရှိတယ်လို့လည်း ပြောလို့ရတာပေါ့။ နောက်ပိုင်းကျရင်တော့ ကိုယ်နဲ့လိုက်မယ့် ဇာတ်ကောင်မျိုးရှိလို့ရှိရင် ပီပီပြင်ပြင်နဲ့ ကိုယ့်ရဲ့သရုပ်ဆောင်မှုတွေကို အပြည့်အဝလည်း ဇာတ်ကားထဲမှာ တွေ့ရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ ဇာတ်လမ်းပေါ် မူတည်တယ်။ ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်ကောင်ရဲ့ ကာရိုက်တာက မေလေးရဲ့ အသက်ပါ။ 

Voice : တခြားထုတ်လုပ်ရေးတွေနဲ့ရော ရိုက်ဖြစ်မလား။
ZZZM : တခြားတိုက်တွေက လာကမ်းလှမ်းရင်တော့ အချိန်ညှိလို့ အဆင်ပြေလို့ရှိရင် လုပ်ဖြစ်မှာပါ။ 

ခင်ညိုညိုသိမ့်