News

POST TYPE

INTERVIEW

အိန္ဒြာကျော်ဇင်နဲ့ တွေ့ဆုံခြင်း
21-Jul-2019
“ဝေဖန်မှုတိုင်းကို လက်ခံရမှာပဲပေါ့နော်။ Bad Comment လည်း လာမှာပဲ။ good Comment လည်း လာမှာပဲ”



နာမည်ကျော်သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ တွေ့ဆုံခိုက် “ကြိမ်နှုန်း” ရုပ်ရှင်အကြောင်း၊ ဝေဖန်မှုအကြောင်းလေးတွေနဲ့ ပါဝင်တဲ့ ဇာတ်ဝင်ခန်းနည်းခြင်းနဲ့ မျိုးဆက်သစ်သရုပ်ဆောင်တွေအကြောင်း စတဲ့ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : ကြိမ်နှုန်းကား ရုံတင်ကတည်းက ပရိသတ်တွေက အားပေးကြတယ်နော်။ ကောမန့်တွေလည်း တော်တော်ပြောထားတာ တွေ့ရတယ်။ 
EDKZ : ဒါကတော့ ဝေဖန်မှုတိုင်းကို လက်ခံရမှာပဲပေါ့နော်။ Bad Comment လည်း လာမှာပဲ။ Good Comment လည်း လာမှာပဲ။ အဲဒါတွေအပေါ်မှာ ကိုယ်က ဒါဘာလုပ်သင့်လဲ၊ လုပ်သင့်တဲ့ဟာကို လုပ်ပေါ့နော်။ ယူသင့်တဲ့ဟာကို ယူပေါ့။ ဘယ်ဟာကိုမဆို အဆိုးအကောင်းကို လက်ခံနိုင်ရမယ်။ လူငယ်တွေ ကြိုးစားမှုအပေါ် သူတို့ဖန်တီးမယ့် အပေါ်မှာ လာကြည့်ပြီးတော့ ဝေဖန်ကြတာကို ကျေးဇူးတင်ရမှာပါ။ 

Voice : တချို့ပရိသတ်တွေက ဇာတ်ကို နားမလည်ဘူး ပြောကြတဲ့အပေါ်ရော။
EDKZ : ပြောရမယ်ဆိုရင် သူတို့ ဖန်တီးထားတဲ့ပုံစံကလည်း အလယ်ကနေ ဖြတ်ပြီးတော့ ထုတ်လိုက်တဲ့ သဘောမျိုးပေါ့နော်။ ဘာလို့လဲ ဆိုတော့ရှေ့မှာ Before Frequency ဆိုတာ လာဦးမှာ။ No Beginning No End ဆိုတာလည်း ပြထားတယ်။ အစလည်း မရှိသေးဘူး၊ အဆုံးလည်း မရှိဘူးဆိုတော့ အဲဒီအပေါ်မှာ တချို့က နားမလည်တာလည်းပါတယ်။ အဲဒီ ဇာတ်ကားရဲ့ ရှေ့မှာ ဒီဇာတ်ကြောင်းရဲ့ အဓိက ဖြစ်စဉ်ကိုပေါ့နော်။ စာတန်းထိုးတယ်ပေါ့။ တချို့က အဲဟာကို မမီလိုက်ဘူး။ အဲစာကို မဖတ်လိုက်ရဘူးဆိုရင် နားမလည်နိုင်ဘူး။ အဲဒီတစ်ခုတော့ရှိတယ်။ 

Voice : ကြိမ်နှုန်း ၂ ကိုလည်း ရိုက်မယ်လို့ ပြောတယ်။ ဘယ်လို ထပ်မျှော်လင့်ထားလဲ။
EDKZ : နောက်ရိုက်မယ့်ကားမှာလည်း ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့ကြိုးစားကြဦးမှာပဲပေါ့နော်။ အခုလိုမျိုး ပြောတဲ့အပေါ်တွေမှာလည်း ဘယ်လိုလေးတွေ ရှောင်သင့်တယ်၊ ဘာတွေလုပ်သင့်တယ်ဆိုတာမျိုးကို ဒါရိုက်တာ အပိုင်းကရော၊ ပရိုဂျူဆာအပိုင်းတွေပါ အကုန်လုံးကလည်း သိသွားတဲ့အခါ နောက်ထပ်ဖန်တီးမယ့်ဟာက ပိုကောင်းလာနိုင်တယ်လို့ အစ်မ ထင်ပါတယ်။ 

Voice : သရုပ်ဆောင်အသစ်တွေအတွက် အခွင့်အလမ်းနောက်တစ်ခုရလာနိုင်မယ်လို့ မအူဝဲအနေနဲ့ရော ထင်မိလား။
EDKZ : အဓိကသရုပ်ဆောင်တွေက ရှားတယ်လေ။ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ သူ့နယ်ပယ်အစုံမှာ ဘယ်လိုပဲဖြစ်ဖြစ် အရည်အချင်းရှိတဲ့လူတွေ၊ တချို့ကလည်း ရွက်ပုန်းသီးတွေရှိတယ်။ ဘယ်လိုနည်းနဲ့ လာရမလဲဆိုတာကိုမသိတဲ့သူတွေလည်း အများကြီးရှိတယ်ပေါ့နော်။ အဲလိုလူတွေ ပေါ်ထွက်လာမယ်ဆိုရင် လောကတိုင်း လောကတိုင်း မှာတော့အကောင်းဆုံးပဲပေါ့။ သရုပ်ဆောင်မှ မဟုတ်ပါဘူး။ ဘယ်နယ်ပယ်မဆို အဆိုလည်း အဆိုအလျောက်ပေါ့။ အသစ်တွေကတော့ Welcome ကတော့ လုပ်ကိုလုပ်ရမှာပဲ။ 

Voice : မအူဝဲရဲ့ ဇာတ်ဝင်ခန်းနည်းတယ်ဆိုပြီး ပြောနေကြတယ်လေ အဲဒီအတွက်ရော ဘာပြောချင်သေးလဲ။
EDKZ : Red carpet မှာကတည်းကတော့ ပြောတယ်လေ။ ပြောခဲ့ပါတယ်။ အစ်မအခန်းတော့ နည်းတယ်။ တစ်ကားလုံးမပါဘူး။ တစ်ကားလုံး အစ အဆုံး သရုပ်ဆောင်ထားတာတွေသည် အသစ်တွေကပဲ သရုပ်ဆောင်ထားတာပါ။ အစ်မရော၊ မခိုင်ကြီးရော ပါဝင်ရတာနည်းတယ်။ အခန်းကတော့ အရေးကြီးတဲ့ အစိတ်အပိုင်းကနေ ပါဝင်ရတယ်။ အစကတည်းကပြောခဲ့တယ်။ တချို့က အဲဒါလေးကို မသိလို့။ ပုံကလည်းအစ်မပုံနဲ့ကြော်ငြာထားတယ်။ မသိလို့ရှိရင် အစ်မက အစအဆုံး ပါထားတယ်ထင်ပြီးတော့ ကြည့်တဲ့အခါမှာ အထင်နဲ့ အမြင်နဲ့ နည်းနည်းလေး လွဲသွားတာပါ။

ခင်ညိုညိုသိမ့်