News

POST TYPE

INTERVIEW

ဖွေးဖွေးနဲ့တွေ့ဆုံခြင်း
19-Jul-2019


“ခုနောက်ပိုင်းမှာ ကားရိုက်ရင် ပိုစိစစ်ဖြစ်သွားတယ်။ တဖြည်းဖြည်းနဲ့ ပိုစိစစ်ပြီး ပိုလျှော့သွားဖို့ပဲ ရှိတယ်။ တစ်နှစ်မှာ ကားကောင်း ၃ ကားရှိရင် ကျေနပ်ပြီ”

သရုပ်ဆောင်ဖွေးဖွေးနှင့်တွေ့ဆုံ၍ ဩဂုတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် သူစိမ်းအိမ်ရုပ်ရှင် ဇာတ်ကား ရိုက်ကူးဖြစ်ပုံ၊ ရှေ့ဆက်ရိုက်ကူးဖြစ်မယ့် ဇာတ်ကားတွေအကြောင်းကို တွေ့ဆုံမေးမြန်းထားပါတယ်။ 

Voice : သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖြစ်ပုံလေး ပြောပေးပါဦး။
PP : ဒီကားရိုက်တဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦးနဲ့ ပထမဆုံး ဆုံရတဲ့ကားပါ။ ကိုထူးပိုင်ဇော်ဦးနဲ့ ဘာလို့ရိုက်ဖြစ်တာလဲဆိုတော့ ဖွေးရိုက်ဖူးတဲ့ ရုပ်ရှင်ဒါရိုက်တာတွေက ကိုယ်ကိုယ်တိုင် သူတို့ရဲ့ ပရိသတ်ဖြစ်မှ ရိုက်တာများတယ်။ ကိုထူးပိုင်ဆိုရင်လည်း “ည” ရုပ်ရှင်ကားမှာကတည်းက အရမ်းကြိုက်တယ်။ အဲဒီအချိန်မှာ သူစိမ်းအိမ်ကို လာခေါ်ရိုက်တယ်။ အသင့်ဖြစ်သွားတာပေါ့နော်။

Voice : သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကား မရိုက်ခင် ကြိုတင်ပြင်ဆင်ရတဲ့အပိုင်းမှာ အတွေ့အကြုံလေးတွေ ပြောပေးပါဦး။
PP : ရုပ်ရှင်ကားတိုင်းမှာ ရီဟာဇယ်တွေ လုပ်ကြတယ်။ ဒါပေမဲ့ ရုပ်ရှင်ကားထဲမှာပါတဲ့ သရုပ်ဆောင်တွေ အကုန်လုံးက အချိန်မပေးကြဘူး။ ဖွေးတစ်ယောက်တည်းနဲ့ နောက် တစ်ယောက်လောက်နဲ့ လုပ်ရတာ။ သူစိမ်းအိမ် ဇာတ်ကားမှာတော့ ပါသမျှ သရုပ်ဆောင် အကုန် စုံစုံလင်လင် ရီဟာဇယ်ကို လာပေးကြတယ်။ အကုန်လုံး Team Work လည်း အရမ်းကောင်းတယ်ဆိုတော့ ပရိသတ်ကြည့်ရတာ တန်မယ်လို့ ထင်ပါတယ်။

Voice : သရဲကားတွေ သရုပ်ဆောင်တဲ့အခါ တစ်ကားနဲ့ တစ်ကားမတူအောင် ဘယ်လိုသရုပ်ဆောင်လဲ။
PP : သရဲကားတွေ တော်တော်များများမှာ ဖွေးက ခြောက်ရတာ။ ဒီကားမှာတော့ ဖွေး ပြန်ကြောက်ရတာ။ အဲဒီ အတွက်လည်း ဖွေးအတွက် အသစ်ဖြစ်တယ်။

Voice : သရဲကားတွေရိုက်ပေမယ့် တချို့က အပြင်မှာ သရဲကြောက်ကြတယ်။ ဖွေးကရော အပြင်မှာ သရဲကြောက်တတ်လား။
PP : သရဲကို အမြဲတမ်းကြောက်နေတာတော့ မဟုတ်ဘူး။ ကြောက်စရာရှိရင်တော့ ကြောက်တယ်။ အရင်တုန်းကလည်း သရဲခြောက်တဲ့နေရာတွေသွားပြီးတော့ ရုပ်ရှင်ရိုက်ဖူးတယ်။ အတွေ့အကြုံတွေက ရှိနေတော့ သရဲရှိတယ်ဆိုတာ လက်ခံတယ်။ အမြဲတမ်း မကြောက်ပါဘူး။ သရဲလိုက်ခြောက်တဲ့အထဲမှာတော့ ပါတယ်။ ကြောက်တတ်တဲ့သူတွေ၊ သူငယ်ချင်းတွေ၊ ဖွေးမောင်လေးဆိုရင်လည်း အရမ်း သရဲကြောက်တတ်တာ။ ဖွေးက အရမ်းသရဲခြောက်တယ်။

Voice : သရဲကားစောင့်နေတဲ့ ဖွေးရဲ့ ပရိသတ်တွေကိုရော ဘာပြောချင်လဲ။
PP : ဒီသူစိမ်းအိမ်က ဩဂုတ် ၁ ရက်နေ့ကျရင် ရုံတင်တော့မှာပါ။ မျှော်ရကျိုးနပ်တဲ့ကား ဖြစ်မှာပါ။

Voice : လောလောဆယ်ရော အနုပညာနဲ့ပတ်သက်ပြီး ဘာတွေလုပ်နေလဲ။
PP : ကြော်ငြာနဲ့ ပွဲတက်တွေပဲ အများဆုံးလုပ်ဖြစ်နေတယ်။ ကားရိုက်ကတော့ စက်တင်ဘာလကျမှရှိမှာပါ။

Voice : ဇာတ်ကားတွေရိုက်တဲ့အခါမှာ ဘယ်လိုစိတ်မျိုးနဲ့ လက်ခံရိုက်ကူးဖြစ်လဲ။
PP : အခုနောက်ပိုင်းမှာ ကားရိုက်ရင် ပိုစိစစ်ဖြစ်သွားတယ်။ အရင်တုန်းက ဗီဒီယိုခေတ်မှာဆိုရင် အားလုံးထက် ဖွေးက အရေအတွက်အနည်းဆုံးပဲ။ တဖြည်းဖြည်းနဲ့ ပိုစိစစ်ပြီး ပိုလျှော့သွားဖို့ပဲရှိပါတယ်။ တစ်နှစ်မှာ ကားကောင်း ၃ ကားရှိရင် ကျေနပ်ပြီ။ အဲဒီ ၃ ကားကို ဖွေး အားသွန်ခွန်စိုက်ပဲ။

Voice : ကိုယ်ရိုက်ခဲ့ဖူးတဲ့ကားတွေကိုရော အားရကျေနပ်မှုရှိလား။
PP : များသောအားဖြင့် ကျေနပ်ပါတယ်။ တစ်ခါတလေလည်း ဆုံးဖြတ်ချက်မှားပြီး ရွေးတာမှားသွားတဲ့ ကားမျိုးတွေလည်း ရှိဖူးတာကိုး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လုံးဝမရှိတော့ဘူး။

Voice : ပရိသတ်က ဖွေးကို ဖန်စီအချစ်ကားလေးတွေလည်း ရိုက်စေချင်ကြတယ်။ သူတို့အတွက်ရော ဘယ်လိုပြင်ဆင်ထားလဲ။
PP : အရင်နှစ်က ပရိသတ်တွေဆီက ပြန်ကြားတာပေါ့ ချစ်သူများပွဲတွေ ရိုးနေပြီ မကြည့်ချင်တော့ဘူးဆိုတော့ ဖွေး စုံအောင်လို့ ရိုက်လိုက်တယ်။ ရွှေကြာရိုက်တယ်၊ သမ္မတကြီးထံပေးစာ ရိုက်တယ်၊ မုန်းစွဲရိုက်တယ်၊ အချစ်တစ်ခုတည်း မဟုတ်ဘဲနဲ့ နိုင်ငံရေးနဲ့ပတ်သက်တာ၊ ဘာသာရေးနဲ့ပတ်သက်တာ၊ သရဲနဲ့ပတ်သက်တာ၊ ပြည့်တန်ဆာနဲ့ ပတ်သက်တာ အစုံရိုက်တယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ romantic ဆန်တဲ့ အချစ်ပေါ့ပေါ့ပါးပါးကားလေးတွေ ပြန်ရိုက်ဖို့ စဉ်းစားထားတယ်။

Voice : အချစ်ကားလေးတွေ ပြန်ရိုက်မယ်ဆိုတော့ စိတ်ကိုကော ဘယ်လိုမျိုးပေါ့ပေါ့ပါးပါးထားလဲ။
PP : ကျန်းမာရေးအရ ခဏနားရတယ်ဆိုတဲ့အချိန်မှာ အပြည့်အဝ အနားယူလိုက်တယ်။ အင်အားတွေအပြည့်နဲ့ ပြန်ပြီး အလုပ်လုပ်နေတယ်။

Voice : အားပေးနေတဲ့ ပရိသတ်တွေကို နှုတ်ဆက်စကားပြောပေးပါဦး။
PP : ဖွေးလို ဇီဇာကြောင်တဲ့သူကို အခုအချိန်အထိ စိတ်ရှည်ရှည်နဲ့ အားပေးတဲ့ ပရိသတ်တွေအကုန်လုံးကို ကျေးဇူး အများကြီးတင်ပါတယ်။ ရှေ့ဆက်ပြီး ကြိုးစားသွားပါဦးမယ်။

နွယ်နီ



  • VIA