News

POST TYPE

INTERVIEW

Ar-T နဲ့ တွေ့ဆုံခြင်း
18-Jul-2019
“ဘာမှ သုံးစရာ စွဲစရာမရှိ အနေအထားမှာတောင် ချေးငှားပြီး ကိုယ်တိုင်ပရိုဂျူဆာလုပ်ပြီး ထုတ်ခဲ့တာပါ”



အဆိုတော် Ar-T နဲ့ တွေ့ဆုံခိုက် အလန်းစား အကြမ်းစား MTV တွေနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ဖန်တီးဖြစ်ခဲ့လဲ ဆိုတာတွေကို မေးမြန်းထားပါတယ်။ 

Voice : အခု MTV တွေ ရိုက်တာ အကြမ်းစား အလန်းစားတွေချည်းပဲနော်။ နောက်ထပ်တစ်ပုဒ်အတွက် ရော ပြင်နေပြီလား။ 
Ar-T : အသစ်တစ်ပုဒ်ထပ်ရိုက်ဖို့အတွက် ဘယ်သူနဲ့ ရိုက်မလဲဆိုတာ မပြောသေးဘူး။ Surprise ပေါ့နော်။ အဲဒါကတော့ ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ အဲဒါလေးလုပ်ဖို့အတွက် လုံးပန်းနေရတယ်။ ခရီးထွက်ရိုက်မှာဆိုတော့ ဒီထိတ်ထိတ်ကြဲနှစ်ယောက်ကို ခရီးခေါ်သွားဖို့ဆိုတာ အရမ်းကို ခက်ခဲတယ်။ အဲဒီအတွက်ကို လုံးပန်းနေပါတယ်။ ကြိုးစားနေပါတယ်။ 

Voice : သီချင်းက ဘယ်လိုမျိုးဖြစ်မှာလဲ။
Ar-T : သီချင်းကတော့ အချစ်သီချင်းလေးပါပဲ။ အရမ်းကိုမှ ဖီးလ်ပြီးတော့ ရိုရမယ့် သီချင်းလေးပေါ့နော်။ ကိုဝေကြီးရေးတဲ့ သီချင်းလေးပါ။ 

Voice : အခုနောက်ပိုင်း ရိုက်လာတဲ့ MTV တွေက အရင်တုန်းကရိုက်တဲ့ဟာတွေနဲ့ ယှဉ်ရင် ပရိသတ်တွေဆီ ပိုထိသလိုပဲနော်။ 
Ar-T : ကျွန်တော်က ဟိုး ၂၀၁၃ ကတည်းက ကြိုးစားခဲ့ရတာ။ ချိုချဉ်မြူးဇစ်ဗီဒီယိုတွေကတည်းကပေါ့။ ဘာမှသုံးစရာ စွဲစရာမရှိအနေအထားမှာတောင် ချေးငှားပြီး ကိုယ်တိုင်ပရိုဂျူဆာလုပ်ပြီးထုတ်ခဲ့တာပါ။ Ar-T လို့ မသိတာမမြင်တာပဲရှိတာ ကျွန်တော် ပထမဆုံး လုပ်ခဲ့တဲ့အရာတွေကနေ အခုချိန်ထိ တစ်စက်မှ အားမလျှော့သေးဘူး။ 

Voice : အမှန်ဆို ပိုက်ဆံကိုချိန်ပြီးတော့ ရိုက်လို့ ရရဲ့သားနဲ့ ဘာလို့ပိုက်ဆံတွေပိုသုံးပြီး ရိုက်ရတာလဲဆိုတာ ပြောပြပါဦး။
Ar-T : အခုပရိသတ်တွေကလည်း မြင့်လာပြီလေ။ ကောင်းတဲ့အဆင့်ပဲရှိတယ်။ အရမ်းကြိုက်တဲ့ အဆင့် မရောက်သေးဘူးဆိုတော့ ကျွန်တော့်ဘက်ကနေ ဆက်ပြီးတော့ ကြိုးစားရဦးမယ်။ ကျွန်တော့်အနုပညာကို ပရိသတ်ဆီကို တစ်ခါတည်းရောက်သွားဖို့အတွက်လည်း ကျွန်တော် ကြိုးစားရဦးမယ်ဆိုတော့ အခုထွက်မယ့် အခွေကိုတော့ ၃၅ လို့ ပေးထားတယ်။ ကျွန်တော့် အသက် ၃၅ ထဲဝင်နေပြီ။ အသက် ၃၅ နှစ်မှာ ခံစားရတဲ့ ဖီလင်လေးကိုထည့်ထားတာပေါ့နော်။ ကျွန်တော်တို့ငယ်ငယ်တုန်းကဆို မကြီးစိုးစာအုပ်ထုတ်ဖူးတယ်လေ။ ဖီလင် ၃၅ ဆိုပြီးတော့အခုလည်း အခွေက ၃၅ နှစ်မှာ ကွက်တိဖြစ်နေတော့ မြန်မာလိုပဲ ၃၅ လို့ ပေးဖြစ်တာပါ။ 

Voice : ဒါဆို ၃၅ ဖီလင်က . . . ။
Ar-T : အသက် ၃၅ နှစ်က အရမ်းကို တည်ငြိမ်အေးချမ်းတဲ့အကြောင်းလေးပေါ့။ သီချင်းလေးကတော့ တေးရေးဆရာရဲ့ ခံစားချက်ပါ။ 

Voice : MTV တွေ ရိုက်တာချည်း ငွေကြေးကို မတိုင်းတာဘဲ သုံးထားနော်။ အကျိုးအမြတ်အတွက်ရော။
Ar-T : စပြီးတည်ကတည်းက အနုပညာအမြတ်ပဲ လိုချင်တာ ငွေရေးကြေးရေးကို လုံးဝမတွေးထားဘူး။ Ar-T က အနုပညာရှင်တစ်ယောက် သူ့အလုပ်ကိုသူ တာဝန်ကျေအောင်လုပ်တယ်။ ကိုယ်လုပ်တာ အကုန်လုံး သေသေသပ်သပ်လေးတွေ လုပ်ထားတယ်။ အမှားအယွင်းပါခဲ့ရင်လည်း ခွင့်လွှတ်ပေးပါလို့ပြောချင်ပါတယ်။ 

ခင်ညိုညိုသိမ့်