News

POST TYPE

INTERVIEW

ရဲရင့်အောင်နဲ့ တွေ့ဆုံခြင်း
16-Jul-2019
“ကျွန်တော် အခြေအနေ အချိန်အခါ အခွင့်အလမ်းသင့်ပြီး ကျွန်တော်နဲ့ ကိုက်ညီရင်တော့ မင်းသားလုပ်ဖြစ်မှာပါ”


အဆိုတော် ရဲရင့်အောင်နဲ့ တွေ့ဆုံခိုက် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး လေ့လာဖြစ်ပုံတွေ၊ သီချင်းအသစ်တွေအကြောင်းနဲ့ မင်းသားဆက်လုပ်ရေး၊ မလုပ်ရေး အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : ရဲရင့်အောင်အနေနဲ့ အခု သရုပ်ဆောင်ပိုင်းဘက်မှာလည်း ပရိသတ်ရလာတော့ ဘာတွေ ထပ်ပြင်ဆင်လေ့လာရတာတွေ ရှိလာလဲ။
YYA : ကျွန်တော်လုပ်ခဲ့ဖူးတဲ့ အမှားတွေကို ပြန်ကြည့်တယ်။ ဘာလိုလဲ စဉ်းစားတယ်။ အဓိကကတော့ ကျွန်တော်လည်း ဇာတ်ကားလေးတွေ၊ ကျွန်တော်ကြိုက်တဲ့ကားလေးတွေကို ကြည့်ဖြစ်ပါတယ်။ ကြည့်ဖြစ်တဲ့အတွက် ပညာရပါစေ၊ ယူပါစေဆိုပြီးတော့ Serious ကြီးတော့ မကြည့်ဘူး။ အင်တာ တိန်းတစ်ခုအနေနဲ့ပဲ ကျွန်တော်ကြည့်တယ်။ ကျွန်တော့်စိတ်ကို ဖျော်ဖြေရေးအနေနဲ့ပဲ ကြည့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် သီချင်းနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ သုံးလေးငါးနှစ်လောက်ထိကို ဖျော်ဖြေရေး စိတ်လက်ပေါ့ပါးရေးအနေနဲ့ နားထောင်ရင်းနဲ့မှ ကျွန်တော် ပညာယူခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သီချင်းကို အရမ်းလုပ်လာတော့ သီချင်းတွေက ကျွန်တော့်အတွက် ဖျော်ဖြေရေးမဖြစ်တော့ဘူး။ သူများသီချင်းပဲ နားထောင်၊ နားထောင် ဖျော်ဖြေရေးမဖြစ်ဘဲနဲ့ အရမ်း Serious ဖြစ်တော့ ပျော်စရာ မကောင်းတော့ဘူး။ အဲဒါကြောင့် ကျွန်တော် ရိုက်ကူးရေး ဇာတ်ကားတွေကို အဲလိုဖြစ်လာမှာစိုးလို့ ဖျော်ဖြေရေးအနေနဲ့ ကြည့်ပြီးတော့ အဲ့က ရလာမယ့်ဟာလေးတွေကိုပဲ ယူပါတယ်။ 

Voice : သရုပ်ဆောင်တွေ ဆက်တိုက်လုပ်လာတယ်။ ပရိသတ်က မင်းသားပဲ လုပ်တော့မလားဆိုရင်ရော။
YYA : ကျွန်တော် အခြေအနေအချိန်အခါ အခွင့်အလမ်းသင့်ပြီး ကျွန်တော်နဲ့ ကိုက်ညီရင်တော့ မင်းသားလုပ်ဖြစ်မှာပါ။ 

Voice : သီချင်းတွေရဲ့ Feedback တွေရော အသံပြန်ကြားရသေးလား။
YYA : ကျွန်တော့် ပရိသတ်တွေအတွက်တော့ ပျော်စရာဖြစ်နေမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ကျွန်တော့်သီချင်းသစ် နားမထောင်ရတာ ကြာပြီ။ ပြီးတော့ ကျွန်တော် တစ်လကို တစ်ပုဒ်ချင်းစီအနေနဲ့ Music Video တင်ပေးတော့ သူတို့လည်း နားထောင်စရာလေးတွေ ရတာပေါ့နော်။ ပျော်ပါတယ်။ 

Voice : သရုပ်ဆောင်ပိုင်းနဲ့ဖြစ်ဖြစ်၊ သီချင်းတွေအကြောင်းပဲဖြစ်ဖြစ် ပရိသတ်ကို အသိပေးစရာအသစ်တွေ ရှိဦးမလား။
YYA : နောက်ထပ် လတ်တလောလုပ်စရာ သီချင်းအသစ်တွေဆိုမယ်။ သီချင်းလုပ်မယ်။ အခွေထုတ်ဖို့ လုပ်နေတယ်။ အချိန်အခါ အခွင့်သင့်လို့ ကိုက်ညီရင် ဇာတ်ကားလေးတွေ ဆက်ရိုက်မယ်။ အဲဒါပါပဲ၊ တခြား ထွေထွေထူးထူးလုပ်စရာတော့ မရှိသေးဘူး။ 

Voice : သီချင်းခွေကဒီနှစ်ထဲမှာပဲ ထုတ်ဖြစ်မှာလား။ 
YYA : မကြာတော့ပါဘူး။ ကျွန်တော် အခွေထွက်မယ့်ရက်ကိုလည်း မကြာတော့ဘူးလို့ ပြောရမှာပေါ့နော်။ အခုလောလောဆယ်တော့ မပြောသေးဘူး။ 

Voice : ရဲရင့်အောင် သရုပ်ဆောင်ထားတဲ့ ဂျင်ပါတီလည်း ရုံတင်တော့မယ်နော်။
YYA : ရှေ့လထဲမှာလည်း ဂျင်ပါတီ ရုပ်ရှင်ဇာတ်ကားရုံတင်ဖို့လည်း ရှိပါတယ်။ အဲကားထဲမှာလည်း အနုပညာရှင်တွေ စီနီယာညီအစ်ကိုမောင်နှမတွေ အများကြီးပါပါတယ်။ 

ခင်ညိုညိုသိမ့်