News

POST TYPE

INTERVIEW

ထွန်းထွန်းနဲ့ တွေ့ဆုံခြင်း
14-Jul-2019
“ကျွန်တော် ဒရာမာတွေရိုက်ချင်တယ်။ စိတ်ထဲရှိတာကို ပြောတာပါ”



နာမည်ကျော်သရုပ်ဆောင် ထွန်းထွန်းနဲ့ တွေ့ဆုံခိုက် လက်ရှိအနုပညာလှုပ်ရှားမှု၊ ဇာတ်ကောင်ရွေးချယ်မှုနဲ့ ရိုက်ချင်နေတဲ့ ဒရာမာကားလေးတွေအကြောင်းကို မေးမြန်းထားပါတယ်။

Voice : လတ်တလော ဘာကားတွေ ရိုက်ဖို့ရှိလဲ။
TT : လောလောဆယ်မှာတော့ ခေါ်သံလေးရိုက်ပါမယ်။ နောက်ထပ်ပြောထားတာလေးတွေလည်းရှိပါတယ်။ နောက်ထပ် ကမ်းလှမ်းထားတဲ့ လေးကားကျန်ပါသေးတယ်။ အဲဒါတွေက ခေါ်သံပြီးရင်တော့ ဆက်ပြီး ကြိုးစားသွားမယ့်အရာတွေပေါ့။ တစ်ကားနဲ့တစ်ကားတော့ မတူနိုင်ပါဘူး။ သေချာတာတော့ ကာရိုက်တာ မထပ်အောင် အများကြီး ပြင်ဆင်ပြီးတော့ ကြိုးစား ထားပါတယ်။ သို့သော်လည်း တချို့ဟာတွေက ဇာတ်လမ်း အသွားအလာပဲဖြစ်ဖြစ်၊ ဇာတ်ကောင်စရိုက်ပဲဖြစ်ဖြစ်တူနေတာတွေ ရှိပါတယ်။ အဲဒီအခါ ကျရင်တော့ တင်ဆက်ပုံမတူအောင် အကောင်းဆုံး ကြိုးစားသွားမှာပါ။ 

Voice : ဇာတ်အရ ကာရိုက်တာရွေးချယ်မှုအပိုင်း အပြောင်းအလဲက ဘယ်လိုရှိမလဲ။
TT : ဥပမာနဲ့ ပြောရရင်တော့ တိမ်တိုက်တံတားပေါ့။ ကာရိုက်တာက စိုင်းလုံပေါ့၊ ငယ်သူငယ်ချင်းကို တစ်ဖက်သတ်လိုက်ချစ်ရတာ။ အဲလိုပဲ ကြာတော့သည်လည်း မောင့်စကားမှာဆိုရင်လည်း ဖြိုးကျော်က တစ်ဖက်သတ်ချစ်ရတာပဲ။ ကာရိုက်တာ အသွားအလာ တူတယ်။ တင်ဆက်ပုံမတူဘူး။ ဇာတ်လမ်းပုံစံမတူဘူး။ အဲလိုပဲ ကာရိုက်တာတွေအတွက်ဆို တော်တော် စဉ်းစားပြီးမှ ရွေးချယ်ပါတယ်။ ကျွန်တော့်မူက ကျွန်တော့် အသက်အရွယ်နဲ့ လိုက်ဖက်မယ့် ဇာတ်ကားတစ်ခုကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်မယ်လို့ စိတ်ထဲမှာ ကိုယ့်ကို မှတ်ယူထားတယ်။ အမြဲတမ်းလက်ခံပြီး ရိုက်ဖြစ်ပါတယ်။ 

Voice : စိတ်ထဲမှာပေါ့၊ ကိုထွန်းသရုပ်ဆောင် ချင်တဲ့ပုံစံမျိုး ဘယ်လိုပုံစံရှိဦးမလဲ။
TT : ကျွန်တော်ဒရာမာတွေ ရိုက်ချင်တယ်။ စိတ်ထဲ ရှိတာကိုပြောတာပါ။ ဒရာမာနဲ့ပတ်သက်ပြီး စိတ်ထဲ မှာရှိနေတဲ့ဇာတ်လေးတွေလည်းရှိတယ်။ ကျွန်တော့်ကို ရွေးချယ်ပြီး လာပြီးတော့ ရိုက်ခွင့်ပေးမယ့် ဇာတ်လေးတွေလည်း ရှိတယ်ဆိုတော့ ကျွန်တော့်အနေနဲ့ လောလောဆယ်တော့ အဲဒါလေးရောက်နေတယ်။ 

Voice : ထွန်းထွန်းဆိုတာ ဒရာမာတွေနဲ့ စခဲ့တယ်နော်။ ပြန်လွမ်းတာလား။
TT : အဲလိုချည်းရယ်လို့တော့ မဟုတ်ပါဘူး။ အခု လောလောဆယ်ဖြစ်နေတဲ့စိတ်လေးပေါ့နော်။ အဲလိုလေး ရိုက်ချင်နေတယ်။ စိတ်ထဲမှာလေ။ ဒါပေမဲ့ မသိသေးဘူး၊ နောက်လကျ ဘယ်လိုဖြစ်သွားဦးမလဲ။

Voice : အခုချိန်မှာ အမေစိတ်ချရတဲ့သားလေး ဖြစ်နေပြီလား
TT : မိဘကတော့ ဘယ်အရွယ်ပဲဖြစ်ဖြစ် သား၊ သမီးကို စိတ်ချမှာတော့မဟုတ်ပါဘူး။ အနည်းဆုံးတော့ စိတ်ထဲမှာ ပူနေမှာပဲလေနော်။ ဘယ်ကိစ္စမဆို ဒါကို ကျွန်တော်လည်းနားလည်ပါတယ်။ အမေကတော့ အခုနောက်ပိုင်း အများကြီးနားလည်သွားပါပြီ။ စိတ်ကတော့ပူနေတုန်းပါပဲ။

ခင်ညိုညိုသိမ့်