News

POST TYPE

INTERVIEW

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် တွေ့ဆုံခြင်း
13-Jul-2019
“ချင်းတွင်းရော ဧရာဝတီရော ပြိုင်ဆင်းလာပြီဆိုရင် သတိထားရမယ့် အနေအထားရှိတယ်”



မြောက်ဖျားဒေသ၊ ဧရာဝတီမြစ်အထက်ပိုင်း ရေဝေရေလဲဒေသများတွင် မိုးများနေခြင်းကြောင့် ရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေတက်နှုန်း မြန်ဆန်ခဲ့ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လူဦးရေ ၈၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၂၆ ခုကို ဖွင့်လှစ်ထားရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ ဧရာဝတီမြစ်ရေထပ်မံမြင့်တက်လာနိုင်ခြင်း ရှိ မရှိ အခြေအနေနှင့် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်မည့်အခြေအနေအပေါ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice: ဧရာဝတီမြစ်ရေတက်တာက အခု မြစ်ကြီးနားမှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေတယ်။ ဒီတော့ ဆက်ပြီးတော့ တက်လာနိုင်သေးလား။

Dr.KMO: အခုကတော့ ပြန်ပြီး အကျဘက်ကိုရောက်နေတယ်။ ညတုန်းက (ဇူလိုင် ၁၂) ၁၂၂၉ လောက်အထိ တက်သွားတယ်။ အခု နံနက် ခြောက်နာရီခွဲကစပြီးတော့ တစ်ဖြည်းဖြည်းတော့ ပြန်ကျနေတယ်။ ဆက်ပြီးတော့ တက်ဖို့ မတက်ဖို့ဆိုတာက မိုးလိုက်တဲ့အပေါ်မှာ မူတည်နေတယ်။ မိုးကလည်း နောက်နှစ်ရက်လောက်အထိတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ကောင်းနေနိုင်သေးတယ်။ အခုက ရေဝေရေလဲဒေသတွေမှာ မိုးရွာတဲ့ဟာကများတယ်။ မြို့ပေါ်ကစခန်းတွေမှာတော့ အဲဒီလောက်အထိ မများဘူး။ လောလောဆယ်တော့ကျနေတယ်။ မိုးရွာတဲ့ အနေအထားပေါ်မူတည်တယ်။ မိုးကပြန်များလာမယ်ဆိုရင် ပြန်ပြီးတော့ တက်လာနိုင်တယ်။ လက်ရှိအနေအထားအရတော့ မိုးအားနည်းနည်းလေးလျော့သွားတဲ့အတွက်ကြောင့် ရေကကျနေတာ။ မဟုတ်ရင် တောက်လျှောက်ဆက်တက်သွားမယ့်ဟာကို မနက် ၂ နာရီခွဲ သုံးနာရီလောက်မှာ စိုးရိမ်ရေမှတ်အထက် အမြင့်ဆုံး ၁၂၂၉၊ ၃၀ လောက်ရောက်သွားပြီးမှ မနက် ၆ နာရီလောက်ကစပြီး တောက်လျှောက် ပြန်ကျနေတာပေါ့။

Voice: အခုလိုအထက်ပိုင်းဒေသတွေမှာ မိုးများနေတာက ဘာကြောင့်လဲ။

Dr.KMO: ရေခဲတောင်တွေ အရည်ပျော်လာတာတော့မဟုတ်ဘူး။ မိုးရွာတာကြောင့်ပါ။ အဓိကတော့ အနောက်ဘက်ကလာတဲ့ လေဖိအားနည်းမြှောင်တန်းက မြန်မာနိုင်ငံအထက်ပိုင်းကို ဖြတ်နေတယ်။ ဒါကြောင့် မိုးဆက်တိုက်ရွာနေတယ်။ ဇူလိုင် ၈ ရက်နေ့လောက်ကစပြီး နေရာကွက် မိုးကြီးတဲ့ဖြစ်စဉ်တွေ ဒေသအလိုက် မိုးကြီးတဲ့ဖြစ်စဉ်တွေ ဖြစ်နေတယ်။

Voice: ရေဝေရေလဲဒေသတွေမှာ အခုလိုမိုးများနေတာက ဒီနှစ်အတွက် ဘယ်လိုထူးခြားမှုရှိနေလဲ။

Dr.KMO: နည်းနည်းထူးခြားတာကတော့ မိုးလယ်ကာလကြီးမှာ အနောက်ဘက်ကနေလာတဲ့ဖြစ်စဉ်ကတော့ ထူးခြားတယ်။ များသောအားဖြင့်တော့ မိုးလယ်ကာလဆိုရင် ဘင်္ဂလားပင်လယ်အော်ကနေ အနောက်တောင်မုတ်သုံလေနဲ့ အတူပါလာပြီးတော့ မိုးရွာရမှာပေါ့။ အခုဟာကတော့ အိန္ဒိယဘက်ထဲကနေလာပြီး မိုးရွာမှုပုံစံမျိုးတွေက ထူးခြားတာပေါ့နော်။

Voice: အထက်ပိုင်းကမြစ်ရေတွေက အောက်ပိုင်းဒေသတွေကို ပြုံဆင်းလာနိုင်တယ်ဆိုတော့ ဘယ်မြို့တွေအနေနဲ့ သတိထားဖို့လိုမလဲ။ ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲ။

Dr.KMO: အခုအထက်ပိုင်းကမြစ်ရေတွေက အောက်ပိုင်းဒေသတွေကို ပြုံပြီးဆင်းလာနိုင်တယ်။ ကသာတို့ ဘာတို့လည်း စောင့်ကြည့်ရမယ့်အနေအထားရောက်နေတယ်။ ကသာကနေမှ သပိတ်ကျင်းတို့ ဆက်ရောက်နိုင်တယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ၊ အောက်ပိုင်းဒေသတွေကတော့ စိုးရိမ်ရေမှတ်ရောက်ဖို့ ၁၀ ပေကျော်ကျော် ၁၅ ပေလောက် လိုသေးပေမယ့် ချင်းတွင်းရော ဧရာဝတီရော ပြိုင်ဆင်းလာပြီဆိုရင် သတိထားရမယ့်အနေအထားရှိတယ်။ များသောအားဖြင့်တော့ အထက်ပိုင်းတွေ၊ အလယ်ပိုင်းတွေမှာ ရေကြီးတဲ့အချိန်ကျရင် မကြာဘူး။ သုံးလေးငါးရက်နေရင် ပြန်ကျသွားတယ်။ အောက်ပိုင်းတွေကျတော့ စိုးရိမ်ရေမှတ်ရောက်ရင် တော်တော်နဲ့ပြန်မကျတော့ဘူး။ ဒါကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီဆိုရင် မြစ်ဝကျွန်းပေါ်ဒေသ၊ အထူးသဖြင့် ပင်လယ်နဲ့ဆက်စပ်နေတဲ့ဒေသတွေက ရေကြီးကာလ ပိုကြာတတ်တယ်ပေါ့။

Voice: ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ပြည့်ဖြိုးလင်း