News

POST TYPE

INTERVIEW

အောင်မြင့်မြတ်နဲ့တွေ့ဆုံခြင်း
12-Jul-2019


“ကျွန်တော်တို့ဆီမှာက Master Piece တွေက ထိလွယ် ရှလွယ်တယ်”

သရုပ်ဆောင် အောင်မြင့်မြတ်နဲ့ တွေ့ဆုံခိုက် ခေါ်သံဇာတ်ကား ကာရိုက်တာအကြောင်း၊ ဆားပုလင်းနှင်းမောင်အဖြစ် သရုပ်ဆောင်မယ်လို့ ပြောကြတဲ့အပေါ် ဖြေရှင်းချက်တွေနဲ့ နောက်ထပ် ရိုက်မယ့်ဇာတ်ကားတွေ အကြောင်း မေးမြန်းထားပါတယ်။ 

Voice : ခေါ်သံဇာတ်ကားမှာ ဘယ်လိုပုံစံနဲ့တွေ့ရမလဲ။
AMM : အရင်ဆုံးဇာတ်ဖတ်ကြည့်တယ်။ ကော်မဒီ မပါသလောက်နည်းတယ်။ ကျွန်တော်နဲ့ ပိုအဆင်ပြေတယ်။ ကျွန်တော်အားသန်တဲ့ ဘက်လည်းမဟုတ်ဘူး။ အပြင်မှာသာ ဟီးဟီးဟားဟား ဖြစ်နေတာ။ ကာရိုက်တာတွေကတော့ တစ်ယောက်တစ်မျိုးစီပေါ့။ သူငယ်ချင်းငါးယောက် အရမ်းကို ရင်းနှီးကြတဲ့ ငါးယောက်က တစ်ယောက် တစ်မျိုးစီဆိုးကြတယ်။ အဲထဲကမှ ကျွန်တော်က တစ်မျိုးဆိုးတဲ့ တစ်ယောက်ပေါ့။

Voice : မင်းသားအတွဲအစပ်ကလည်း ထူးတယ်နော်။
AMM : ဒီကားမှာ ကိုရဲတိုက်နဲ့မှ မဟုတ်ဘူး။ တစ်ကားလုံးနဲ့က အခုမှ စဆုံတာ။ ကျွန်တော်က ကားရိုက်နည်းတော့လေ။ ဘယ်ကားဖြစ်ဖြစ် အကုန်လုံးနဲ့ စဆုံတာချည်းပဲ။ ကိုရဲတိုက်ကတော့ ကျွန်တော် ဟိုးအရင်ကတည်းက ကြိုက်တဲ့သူ၊ ကျွန်တော်ကြိုက်တဲ့ သရုပ်ဆောင်တွေက လက်ချိုးရေလို့ရတယ်။ အဲထဲမှာ သူပါတယ်။ မြန်မာနိုင်ငံက သရုပ်ဆောင်ထဲမှာဆိုရင် ထိပ်ဆုံးက သူပါတယ်။ ပြန်လွတ်လာတာလည်း ဝမ်းသာတယ်။ 

Voice : နောက်ရိုက်ဖို့ စီစဉ်ထားတဲ့ကားမှာ ဆားပုလင်းနှင်းမောင်ဆိုပြီး ထင်ကြေးပေးနေကြတဲ့အပေါ်ရော။
AMM : ဓာတ်ပုံကအဲဒီအတွက် ရိုက်ထားတာ မဟုတ်ဘူး။ ကျွန်တော်က အဲဒီ Theme ကို ကြိုက်တယ်။ အဲဒီကားကိုရိုက်မှာက ဒါရိုက်တာ သီဟစိုး၊ သူနဲ့က ရှေ့မှာလည်း သူနဲ့ ကော်မာရှယ်လေးတစ်ခု ရိုက်ထားတယ်။ နောက်ကျတော့ Retro လေး ရိုက်ချင်တယ်ဆိုပြီး ရိုက်ဖြစ်သွားတာပါ။ ရိုက်တဲ့သူကလည်း ကာလာလေးတွေကိုကြိုက်တော့ ပြန်တင်တယ်။ အဲဒီမှာ အဲလိုထင်သွားကြတယ်။ သူတို့ သေချာပြောပါလိမ့်မယ်။ ဆားပုလင်းနှင်းမောင်ကို စမ်းကြည့်ချင်လားဆိုတော့ မစမ်းကြည့်ချင်ဘူး။ အမှန်တော့ ကျွန်တော်တို့ဆီမှာ အစွဲရှိတယ်။ ဒီကားမှာတော့ လူတွေရဲ့အစွဲကို တတ်နိုင်သလောက်တော့ ဖြည့်ဆည်းနိုင်လိမ့်မယ်လို့ ထင်တယ်။ ကိုယ်တွေကတော့ အစွမ်းကုန်ကြိုးစားသွားမှာပဲ။ ကျွန်တော်တို့ဆီမှာက Master Piece တွေက ထိလွယ်ရှလွယ်တယ်။ ဆားပုလင်းနှင်းမောင်လုပ်တာဆို ကိုထွန်းလွင်အောင်ကိုကြိုက်တယ်။ အသားညိုညို ထောင်ထောင်မောင်းမောင်း သူ့ကိုယ်လုံးနဲ့ လိုက်တယ်လို့ထင်တယ်။ 

Voice : ဆားပုလင်းနှင်းမောင်ကို ဖန်တီးထားတဲ့ မင်းသိင်္ခ ဝတ္ထုတွေကိုရော ဖတ်ဖြစ်လား။ 
AMM : အမှန်တိုင်းပြောရင် ကျွန်တော်က ဆရာမင်းသိင်္ခဝတ္ထုတွေကို အခုကျမှ ပြန်ဖတ်ဖြစ်တာ။ ကျွန်တော်ငယ်ငယ်က ဖတ်တာက တာရာမင်းဝေ၊ ဆရာရွှေဥဒေါင်း၊ ဆရာချစ်ဦးညိုတို့ဘက်ကို အလေးသာတယ်။ ဆရာမင်းသိင်္ခဝတ္ထုကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ အလုပ်ကိစ္စတစ်ခုနဲ့ ပြန်ဖတ်ဖြစ်တယ်။ မနုစာရီစဖတ်ဖြစ်တယ်။ စနေမောင်မောင် ဆိုရင်လည်း Youtube ကနေ ဒေါင်းပြီးတော့ ဖတ်တယ်။ စနေမောင်မောင်ထက် ဆားပုလင်းနှင်းမောင်ကို ပိုရင်းနှီးမယ် ထင်တယ်။ ဦးကျော်ဟိန်းရဲ့ ပရော်ဖက်ဆာဒေါက်ဆာဆိတ်ဖွားကို အရမ်းကြိုက်တယ်။ ကိုထွန်းလွင်အောင်တို့၊ ကိုသီဟတင်စိုးတို့ကို အရမ်းကြိုက်တယ်။

Voice : နောက်ထပ် ဘာကားတွေရိုက်ဖို့ရှိသေးလဲ။
AMM : ရှစ်လပိုင်းမှာ ရိုက်မယ့်ကားရှိတယ်။ ဖရိန်လည်းကြီးတယ်။ ပရီဝင်ရမယ်။ စက်တင်ဘာမှာ ရိုက်မယ်။ တစ်လလောက် အချိန်ယူထားတယ်။ အဲဒီကားမှာတော့ ကျွန်တော်နဲ့ မေနဲ့က ခေါင်းဆောင်နေရာကပါ။ တခြားလူတွေလည်းပါလိမ့်မယ်။ ကားလေးကတော့ ပြောရတော့ ခက်တယ်။ ခေါင်းစဉ်တပ်လို့တော့ သိပ်မလွယ်ဘူး အနီးကပ်ရင် သေချာပြောပါမယ်။

ခင်ညိုညိုသိမ့်


  • VIA