News

POST TYPE

INTERVIEW

ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံခြင်း
11-Jul-2019


“ဘယ်အခွေ၊ ဘယ်အခွေဆိုပြီး ဝိုင်းစုက မှတ်တိုင်တစ်ခုကျန်ချင်တာ။ သီချင်းပေါက်ရင်ပြီးရော ဆိုပြီး မလုပ်ချင်ဘူး”

ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံ၍ တစ်ကိုယ်တော်အခွေထွက်ရှိမည့်အကြောင်း၊ ချစ်သူ အောင်လနဲ့ တွဲဖက်ပြီး အနုပညာလှုပ်ရှားမှုများ တွဲဖက်ပြုလုပ်မယ့်အကြောင်းများကို တွေ့ဆုံမေးမြန်းထားပါတယ်။

Voice : သီချင်းအသစ်တွေ ထပ်ထွက်ဖို့ ရှိသေးလား။
WSKT : သီချင်းအသစ်တွေအနေနဲ့ ၁၀ လပိုင်း၊ ၁၁ လပိုင်းရောက်ရင် နောက်ထပ် အခွေထွက်ဖို့ ကြိုးစားနေတယ်။ ဒီကြားထဲမှာ ကွန်ပျူတာက အသံတွေပျက်သွားတာနဲ့ မလုပ်လိုက်ရဘူး။ အဲအတွက်လည်း ပရိသတ်တွေကို တောင်းပန်ပါတယ်။ ဝိုင်းစုမှာ အခက်အခဲမျိုးစုံဖြစ်နေတာ။ အိမ်ပြောင်းတော့ မီးက မမှန်တာနဲ့ ကွန်ပျူတာက ထပေါက်ပြီး ပျက်သွားတယ်။ ကြားထဲမှာလည်း ချောင်းဆိုးတယ်။ အိမ်က မပြီးသေးတော့ ဖုန်တွေက နေ့တိုင်းရှူနေရတာဆိုတော့ အဲဒါကို တော်တော်သက်သာအောင် လုပ်နေရတယ်။ အခုတော့ သက်သာသွားပြီ။ သီချင်းတော့ ဆိုလို့ရနေပြီ။ နောက်လထဲ အပြတ်ဆိုမယ်။ ၁၀ လပိုင်း၊ ၁၁ လပိုင်းလောက် ထွက်နိုင်အောင် ကြိုးစားနေတယ်။

Voice : သီချင်းက Single Album လား။
WSKT : သီချင်းက Single Album ပါ။ Dual ပါ၊ မပါတော့ မပြောတတ်သေးဘူး။ တစ်ယောက်တည်း ထွက်ဖို့လည်း များတယ်။

Voice : အောင်လရေးပေးတဲ့ သီချင်းတွေရောပါလား။
WSKT : ပါပါတယ်။ လောလောဆယ် သူ ရေးပေးထားတာ သုံးပုဒ်ရှိတယ်။

Voice : တစ်ကိုယ်တော်အခွေတွေပဲ ထုတ်ဖြစ်တဲ့အကြောင်းလေး ပြောပေးပါဦး။
WSKT : ဝိုင်းစုက တစ်ပုဒ်တည်းထုတ်တဲ့အခါကျ ဒီတစ်ပုဒ်တည်းကို နားထောင်ဖို့ ပြန်လိုက်စုနေရတယ်။ အဲလို မဟုတ်ဘဲနဲ့ ဝိုင်းစုကို နားထောင်ချင်ရင် ဘယ်အခွေ၊ ဘယ်အခွေဆိုပြီး ဝိုင်းစုက မှတ်တိုင်တစ်ခုကျန်ချင်တာ။ သီချင်းပေါက်ရင် ပြီးရောဆိုပြီး မလုပ်ချင်ဘူး။ ဒီသီချင်းက ခဏပေါက်တာပဲဖြစ်ဖြစ် အဲလိုထုတ်လိုက်တာမျိုးကို မကြိုက်ဘူး။ သီချင်းကို ရေရှည်ခံချင်တယ်။ အဲလိုပုံစံမျိုးနဲ့ သွားချင်တာ။ တစ်ပုဒ်တည်းထုတ်ရင် ခဏပဲခံတယ်။ ဝိုင်းစုထုတ်ဖူးတယ်။ ပရိသတ်တွေ မကြိုက်ဘူးမဟုတ်ဘူး။ ကြိုက်တယ်။ ဒါပေမဲ့ ရေရှည်မခံဘူး။ ဝိုင်းစုခိုင်သိန်းအခွေ ဘယ်နှခွေမြောက်ဆိုပြီး တချို့ပရိသတ်တွေက ဝယ်ပြီးသိမ်းထားတယ်။ ဝိုင်းစုအခွေကို ဝယ်သိမ်းချင်တဲ့ ပရိသတ်တွေရှိတယ်။ အဲလို ပရိသတ်တွေအတွက် ထုတ်ပေးရတာ။ ရှုံးရှုံးမြတ်မြတ်။ အမှန်တကယ်က အများကြီးရှုံးပါတယ်။ အများကြီးရှုံးသွားပြီ။ အခုခေတ်က အရင်ရဲ့ ငါးပုံပုံ၊ တစ်ပုံတောင် ရောင်းချင်မှ ရောင်းရတဲ့ ခေတ်။ ဒါတောင် ရောင်းအားအကောင်းဆုံးအခွေတွေနော်။ ဒါပေမဲ့ အရှုံးခံပြီးထုတ်တယ်။ ဝိုင်းစုပရိသတ်တွေကို ချစ်တယ်။

Voice : အရင်တုန်းက အခွေတွေရောင်းအားနဲ့ အခုခေတ်အခွေ ရောင်းအား ဘယ်လောက်လောက် ကွာသွားပြီလဲဆိုတာလေး ပြောပေးပါဦး။
WSKT : အခုခေတ်က ငါးပုံပုံ တစ်ပုံတောင် မရောင်းရဘူး။ အဲဒါတောင် 1 to 3  ဝင်တဲ့အခွေတွေနော်။ အဲလိုဆိုတော့ အွန်လိုင်းကျတော့လည်း ပေါက်တယ်။ ခဏပဲ။

Voice : အောင်လနဲ့ရော အနုပညာလှုပ်ရှားမှုတွေ တွဲလုပ်ဖို့ ရှိလား။
WSKT : သူနဲ့တော့ လောလောဆယ်လုပ်ဖို့မရှိဘူး။ သူ ရေးပေးထားတဲ့ သီချင်းတော့ ပါတယ်။ ဖွင့်ပြလိုက်ရင် တော်တော်များများ ကြိုက်ကြတယ်။ အခွေထွက်လာမှပဲ သိမယ်။ ပရိသတ်အကြိုက်နဲ့ တူချင်မှတူမယ်။

Voice : နှစ်ယောက်တွဲပြီး အနုပညာလှုပ်ရှားမှုတွေ လုပ်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုတွန်းအားပေး ပံ့ပိုးပေးဖြစ်လဲ။
WSKT : သူက Music သမား အရမ်းစစ်တဲ့ အခါကျတော့ Mood မရရင် ဘာမှမလုပ်တော့ဘူး။ အခု Mood ဝင်တယ်။ ခဏနေရင် Mood မရှိတော့ဘူး။ ဝိုင်းစုကျတော့ ဒီနေ့ ဒီရက်မှာ ဒါထွက်မှရမယ် အဲလိုလုပ်တဲ့သူဆိုတော့ အဲဒါတော့ ညှိရတယ်။ အခုဆိုရင် ဆူတယ်၊ တစ်ချိန်လုံးပြောတယ်။ ရန်ဖြစ်ဖြစ်ပြီး အသံသွင်းရတာ။

Voice : အောင်လက အနုပညာခံယူချက်ပြင်းတယ်။ ခေါင်းမာတဲ့အပိုင်းတွေရှိတယ်။ အဲဒါတွေကိုရော ဘယ်လို ညှိယူရလဲ။
WSKT : သူ့ကို တစ်ခါပြောင်းဖို့ ခြောက်လကြာတယ်။ ချော့လိုက်၊ ခြောက်လိုက် မျိုးစုံပြောရတယ်။ သူစိတ်ကြည်နေတဲ့အချိန်မှာ ပြောရတာ။ သူက ခေါင်းကြောတော့ တော်တော်မာတယ်။ တချို့အရာတွေကျ သူ့ခံယူချက်တွေက မှန်တဲ့အရာတွေ ရှိတယ်။ အဲအခါကျ ဝိုင်းစုကိုယ်တိုင် လိုက်ပြောင်းလိုက်တယ်။ အချိန်တော့ စောင့်ရတာပေါ့။ သူ အခုဆိုရင် တော်တော်များများ လက်ခံလာပြီ။ အသံသွင်းတဲ့ အချိန်တစ်ချက်ပဲ။ ဝိုင်းစုက လောတယ်။ သူက အေးအေးဆေးဆေး စိမ်ပြီးလုပ်တာနဲ့ အဲဒီနှစ်ခုကွဲနေတာ။

Voice : အောင်လကရော သီချင်းတွေ ထပ်ထွက်ဖို့ရှိသေးလား။
WSKT : သူ့သီချင်းအသစ်နောက်တစ်ခွေက အကုန်ရေးပြီးသွားပြီ။ အဲဒါတောင် ဝိုင်းစု အတင်းတွန်းတာ။ အခု တီးလို့ရတာ သုံးပုဒ်လောက်ပဲ ပြီးသေးတယ်။ အမှန်တကယ်တီးပြီး ထွက်မယ်ဆို မြန်မြန်ထွက်လို့ရတယ်။ သူ့အပေါ်ပဲ မူတည်တယ်။ ဝိုင်းစုက တတ်နိုင်သမျှတော့ တွန်းအားပေးတယ်။

Voice : ဝိုင်းစုအနေနဲ့ အခွေအသစ်ထွက်ပြီးရင် One Lady Show တွေရော လုပ်ဖို့ရှိသေးလား။
WSKT : One Lady Show လုပ်ဖို့တော့ အစီအစဉ်မရှိသေးပါဘူး။

နွယ်နီ 



  • VIA