News

POST TYPE

INTERVIEW

အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် တွေ့ဆုံခြင်း
10-Jul-2019
ကလေးကင်ဆာရောဂါနှင့် အာဟာရ

“ဝမ်းဗိုက်၊ လည်ပင်း၊ ရင်ခေါင်း၊ ချိုင်း၊ တင်ပါးဆုံနဲ့လက်တွေမှာ အလုံးနဲ့အကျိတ်တွေပေါ်လာရင် သံသယဖြစ်သင့်နေပြီ”



မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကင်ဆာရောဂါ ခံစားနေရသော ကလေးငယ်နှစ်ထောင်ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ကလေးကင်ဆာရောဂါသည် ဆောလျင်စွာရောဂါရှာဖွေတွေ့ရှိပြီး အချိန်မီကုသမှုခံယူပါက ပျောက်ကင်းနိုင်ခြေမြင့်မားကြောင်းသိရသည်။ ထို့ပြင်ကင်ဆာရောဂါခံစားရသည့် ကလေးငယ်များအနေနှင့် ရောဂါကုသရသည့် ဆေးအရှိန်ကြောင့် အစားအသောက်ပျက်ခြင်းများ ကြုံတွေ့ရနိုင်သဖြင့် ကင်ဆာနှင့် အာဟာရဆိုင်ရာအချက်အလက်များကို သတိပြုနိုင်ရန်အတွက် အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် The Voice Daily က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ကလေးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတွေကို ပြောပြပေးပါဦး ဆရာ။
Dr.NNK : ကလေးတွေမှာ များသောအားဖြင့် သွေးကင်ဆာအမျိုးအစားကတော့ အဖြစ်များပါတယ်။ နောက်ပြီး မျက်လုံးမှာဖြစ်တဲ့ ကင်ဆာတွေလည်း ဖြစ်တတ်တယ်။ ကလေးတွေမှာအဖြစ်များတဲ့ ကင်ဆာတွေကတော့ အများကြီးရှိတယ်။ အဖြစ်အများ ဆုံးကတော့ သွေးကင်ဆာပါ။ ကလေးတွေမှာ ဖြစ်တာတွေကတော့ Leukemia ၊ Brain and spinal cord tumors ၊ Neuroblastoma ၊ Wilms tumor ၊ Lymphoma၊ Rhabdomyosarcoma ၊ Retinob- lastoma၊ Bone cancer တွေပါ။

Voice : ကင်ဆာရောဂါကုရတဲ့ ဆေးတွေက ပြင်းတယ်လို့ သိရပါတယ်။ ဒီတော့ ကလေးတွေအနေနဲ့ အစားစားချင်စိတ်မရှိတာတွေ ဖြစ်နိုင်ပါသလား။
Dr.NNK : အာဟာရဘက်ကပြောရရင် ကင်ဆာဆေးတွေဝင်တဲ့အချိန်ကျရင် ကလေးတွေက အစားအသောက်ပျက်ကြတယ်။ အကြောင်းအရင်းက အန်တာကြောင့်လည်းဖြစ်နိုင်တယ်၊ ကိုယ်ခံအားကျလာပြီး မစားချင်မသောက်ချင်စိတ်တွေ ဖြစ်လာတယ်၊ လျှာကွဲလာတယ်၊ အနာတွေဖြစ်လာပြီး ရောင်လာတယ်။ ဒါတွေကြောင့် သူတို့က နာလွန်းအားကြီးပြီးတော့ မစားနိုင်ဖြစ်လာတော့ တဖြည်းဖြည်းနဲ့ ဝိတ်တွေကျလာပြီး အာဟာရတွေ ပျက်လာတယ်။

Voice : ဟုတ်ကဲ့။ ကလေးတွေ အာဟာရမချို့တဲ့အောင် ဘယ်လိုအစားအသောက်တွေ ကျွေးသင့်ပါသလဲ။
Dr.NNK : လျှာမှာ အနာတွေ ပေါက်နေတယ်၊ လျှာတွေအရမ်းကွဲနေ၊ ရောင်နေပြီဆိုရင် ပျော့ပျော့ ပျောင်းပျောင်း အစားအစာလေးတွေ ကျွေးရတာပေါ့။ ဥပမာ - နို့တွေ၊ ပဲနို့တွေဆိုလည်း ခပ်အေးအေးလေး တိုက်လို့ရတယ်။ ဆန်ပြုတ်ဆိုလည်း အေးအေးလေးတွေ ကျွေးရမယ်။ မပူရဘူး၊ မစပ်ရဘူး။ ငရုတ်ကောင်းတွေ မပါရဘူး။ ပုံမှန်အချိန်ဆိုရင်တော့ သာမန် လူတစ်ယောက်ကျွေးသလိုပဲ ကျွေးလို့ရပါတယ်။ ကိုယ်ခံအားတက်နေဖို့အတွက် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ကြက်သား၊ ကြက်ဥစတဲ့ အစားအစာတွေ ကျွေးရတယ်။

Voice : ကလေးတွေမှာ အစပ်တွေအပြင် တခြား ရှောင်ရမယ့် အစားအစာများရှိလား။
Dr.NNK : အဓိက သွေးကင်ဆာလူနာတွေမှာဆိုရင်တော့ တတ်နိုင်သမျှတော့ စတော်ဘယ်ရီသီး၊ စပျစ်သီး၊ ဆီးသီးစတာတွေလို အလုံးသေးတဲ့အသီးတွေကို ရှောင်ခိုင်းပါတယ်။ အဲဒီအသီးတွေမှာ ဗက်တီးရီးယား ပိုးမွှားတွေများတယ်။ ဘယ်လောက်ဆေးဆေး မပြောင်တဲ့အတွက်ပေါ့။ နောက်တစ်ခုက လမ်းဘေးက အသုပ်တွေ ရှောင်ခိုင်းတယ်။ မုန့်ဟင်းခါးနဲ့ အုန်းနို့ ခေါက်ဆွဲဆိုရင်လည်း အဖတ်ကို မစားခိုင်းဘူး။ အဲ့ဒီမုန့်ဖတ်နဲ့ခေါက်ဆွဲဖတ်တွေက ဗက်တီးရီးယားပိုးတွေ ပါတာများတဲ့အတွက် ကလေးကို ဒုက္ခပေးနိုင်တယ်။ အကယ်၍ စားမယ်ဆိုရင်လည်း အိမ်မှာပဲ မုန့်ဖတ်တွေ၊ ခေါက်ဆွဲဖတ်တွေကို ပြုတ်စားလို့ရပါတယ်။ နောက်ပြီး အချိုရည်တွေ၊ ဂက်စ်ပါတဲ့ အချိုရည်တွေတော့ ရှောင်ရပါတယ်။ အစေ့အဆန်တွေဖြစ်တဲ့ မြေပဲတို့၊ သီဟိုဋ်စေ့တို့စားမယ်ဆိုရင် သေချာကျက်နေအောင် လှော်ထားတာတွေဆို ကျွေးလို့ရပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့ပဲ ကင်ဆာကို ရှောင်ခိုင်းပါတယ်။ ကင်ဆာဖြစ်နေလို့ဆိုပြီးတော့ အသားမစားဘူး၊ သကြားမစားရဘူးဆိုတာကတော့ လုံးဝမဟုတ်ပါဘူး။ နောက်ထပ်အရေးကြီးတာက သွေးကင်ဆာ ကလေးတွေမှာဆိုရင် Probiotic ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ရှမ်းချဉ်၊ မုန်လာချဉ်၊ ကင်ချီ၊ ဒိန်ချဉ်တွေ မကျွေးခိုင်းပါဘူး။ ဒါက တခြားလူတွေမှာတော့ ပြဿနာမရှိပေမယ့် ကိုယ်ခံအားနည်းနေတဲ့သူတွေမှာတော့ ပြန်ပြီးဒုက္ခပေးနိုင်တယ်။

Voice : အသားတွေ စားတာများရင် ကင်ဆာဆဲလ်တွေ ပိုပွားလာတယ်ဆိုတာကရော မှန်လားဆရာ။
Dr.NNK : ဒီမှာက ကင်ဆာဖြစ်ပြီဆိုရင် အယူအဆမှားနေတာရှိတယ်။ ကင်ဆာဖြစ်လို့အသားစားရင် အလုံးတွေ ပိုကြီးလာမယ် ထင်ကြတယ်။ အမှန်တကယ်ကတော့ မှားပါတယ်။ တကယ်က ကင်ဆာဖြစ်ပြီဆိုရင် အသားကို ပိုပြီးတော့ စားပေးရတယ်။ လိုတာထက်ပြည့်အောင် စားပေးဖို့လိုတယ်။ ဒီမှာစားနေကျပုံက အသားဓာတ်က လိုအပ်သလောက် မစားမိကြဘူး။ ရောဂါဖြစ်လာပြီဆိုရင်တော့ အသားဓာတ်တွေ ပြည့်အောင် စားပေးသင့်ပါတယ်။ ဆေးပညာအရ အသားများများစားတော့ ကလေးက ကြွက်သားတွေ ပိုများလာလိမ့်မယ်။ ကိုယ်ခံအားတွေ ကောင်းလာမယ်။ ကိုယ်ခံစွမ်းအားတွေ တက်လာမယ်။ ဒီတော့ ရောဂါနဲ့ ဆေးရဲ့ဒဏ်ကို သူတို့ခံနိုင်မယ်။ ကင်ဆာရဲ့ သဘာဝကိုက ပိန်တာဖြစ်သလို ကင်ဆာရဲ့နောက်ဆက်တွဲကြောင့် ပိန်တာလည်းဖြစ်နိုင်သလို ဆေးကြောင့် အစားအသောက်ပျက်ပြီး ပိန်သွားတာတွေလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ရောဂါကြောင့်ရော၊ ဆေးကြောင့်ပါဖြစ်လာမယ့် ဒဏ်တွေကို ခံနိုင်ဖို့ အသားစားပေးမှ လုံလောက်မယ်။ အသားသိပ် မစားဘဲ တခြားအစားအစာတွေ ကျွေးနေမယ်ဆိုရင် ကလေးက ဝကောင်းတော့ ဝလာနိုင်တယ်။ ဒါပေမဲ့ ကလေးတွေ ဝလာတာက အဆီတွေပဲ များလာတာဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီအဆီတွေက ကိုယ်ခံအားကို မတက်စေပါဘူး။ ဒါကြောင့် ပတ်ဝန်းကျင်မှာ လွဲမှားနေတဲ့ အသားစားရင် ကင်ဆာအလုံးပိုကြီးတယ်ဆိုတဲ့ ပြဿနာက အရမ်းမှားပါတယ်။

Voice : ကလေးမှာ ဘယ်လိုကင်ဆာအမျိုးအစားဖြစ်တယ်ဆိုတာ မသိရင်တောင် ကလေးမှာ ကင်ဆာ ဖြစ်နေပြီလို့ ခန့်မှန်းသိနိုင်မယ့် အခြေခံအချက်လေးတွေကို ပြောပြပေးပါဦးဆရာ။
Dr.NNK : အဓိကတော့ ၉ ချက်လောက်တော့ မှတ်ထားဖို့လိုတာပေါ့။ ကလေးက အကြောင်းအရင်း မရှိဘဲ ဝိတ်ဆက်တိုက်ကျလာတာ၊ မနက်စောစော ဒါမှမဟုတ် ညနေပိုင်းတွေမှာ ကလေးက ခေါင်းကိုက်လာတယ်/အန်လာတာတွေ ဖြစ်တာများရင် သတိထားသင့်ပြီ။ အရိုးအဆစ်တွေ ရောင်ရမ်းလာတယ်၊ အရိုး အဆစ်တွေ နာလာတယ်၊ နောက်ပြီး ဝမ်းဗိုက်၊ လည်ပင်း၊ ရင်ခေါင်း၊ ချိုင်း၊ တင်ပါးဆုံနဲ့လက်တွေမှာ အလုံးနဲ့အကျိတ်တွေပေါ်လာရင် သံသယဖြစ်သင့်နေပြီ။ နှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာ၊ ကိုယ်ခန္ဓာအနှံ့အပြားမှာ သွေးခြည်ဥတွေပေါ်လာတာ၊ ဝမ်းအမည်းရောင်တွေ သွားတာမျိုးဆိုရင်လည်း သတိထားသင့်တဲ့အချက်ထဲမှာ ပါတယ်။ နောက်တစ်ချက်က အကြောင်းအရင်းမရှိဘဲ ခဏခဏ ဖျားတာဆိုရင်လည်း သတိထားသင့်ပါပြီ။ နောက်ပြီး ရုတ်တရက် မျက်စိစွေလာတယ်၊ မျက်လုံးမှာ အဖြူစက်တွေ ပေါ်လာတယ်၊ အလိုအလျောက် မျက်စိက ရဲပြီး ပြူးထွက်လာရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါတယ်။ ရုတ်တရက် အမြင်အာရုံတွေ ပြောင်းလဲလာတယ်၊ ဝါးလာတယ်၊ မှုန်လာတယ်။ နောက်ဆုံးအချက်က အကြောင်းအရင်းမရှိဘဲ သွေးအားနည်းသလို အသားအရေတွေ ဖြူလာတယ်၊ ပျို့အန်လာတယ်၊ မောပန်း လာတယ်ဆိုရင် နီးစပ်ရာဆေးရုံကို သွားသင့်တယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ကလေးကင်ဆာဖြစ်နေတာလားပေါ့။ တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာဖြစ်ကို ဖြစ်တယ်လို့ ယူဆတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုမျိုးတွေတွေ့နေပြီဆိုရင် ချက်ချင်းပြပြီး ဆေးကုသမှုခံယူပါ။

Voice : ဆရာ့အနေနဲ့ မိဘတွေကို ဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။
Dr.NNK : အာဟာရပိုင်းကပြောရရင် ကင်ဆာဖြစ်နေတဲ့ကလေးတွေ အစားအသောက်ကို ရှောင်မယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ ရှောင်ရမယ့ ်အစားအသောက်တွေကိုပဲ ရှောင်ပါ။ ကျန်တာတွေက သိပ်ရှောင်စရာမလိုဘူး။ အာဟာရပြည့်အောင်၊ မျှတအောင်ကျွေးဖို့ တိုက်တွန်းလိုပါတယ်။ ကလေးတွေဖြစ်တဲ့အတွက် တစ်ခါတလေ သူတို့က နည်းနည်းချိုတာလေးတွေ စားချင်တယ်၊ အဲဒီအချိန်ကျရင်လည်း ကျွေးပေးလို့ရပါတယ်။ ချိုတယ်ဆိုတဲ့နေရာမှာလည်း သကြားတွေကို ဖျော်တိုက်ခိုင်းတာ မဟုတ်ပါဘူး။ ရေခဲမုန့် လေးစားချင်တယ်ဆို ကျွေးလို့ရတယ်။ ပူတင်းစားချင်တယ်ဆိုလည်း ကျွေးလို့ရတယ်။ ကျောက်ကျောလိုမျိုး စားချင်တယ်ဆိုရင် တစ်ခါတလေ ကျွေးလို့ရပါတယ်။ ပြဿနာမရှိပါဘူး။ ဒီလိုမဟုတ်ဘဲ ကလေးတွေကို ဘာမှမကျွေးဘဲနဲ့ ချိုတာမှန်သမျှ အကုန်ဖြတ်လိုက်တဲ့အခါကျရင် ကလေးတွေက ခံတွင်းတွေပျက်လာပြီး ပိန်သွားတာတွေ ဖြစ်နိုင်ပါတယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ