News

POST TYPE

INTERVIEW

ရေဗက္ကဝင်းနဲ့ တွေ့ဆုံခြင်း
24-Jun-2019


“ဒိုင်လူကြီးလုပ်တယ်ဆိုတာ အရမ်းအရေထူမှရမယ်”

အဆိုတော်ရေဗက္ကဝင်းနဲ့ တွေ့ဆုံခိုက်တေးစီးရီးအသစ်အကြောင်းနဲ့ Myanmar Got Talent မှာ ဒိုင်အဖြစ် မလုပ်ဖြစ်တော့တဲ့ အကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : လတ်တလောအနုပညာနဲ့ ပတ်သက်တာ ဘာတွေလုပ်ဖြစ်နေလဲ။
YVW : ရေဗက္က တစ်ကိုယ်တော်အခွေ လုပ်နေပါတယ်။ Mini Album လောက်တော့ ထွက်ဖြစ်မယ်ထင်ပါတယ်။ ရှင်ဖုန်း၊ ခင်ဘုဏ်း၊ ယုဇနရယ်၊ မစံပယ်ရယ် ငါးယောက်ပေါင်းပြီးတော့ အယ်လ်ဘမ် ထွက်ဖို့ တစ်ခုလည်း လုပ်နေပါတယ်။ ဒီလိုပေါင်းဖြစ်တာကလည်း Level တန်း ဟုတ်တာ မဟုတ်တာထက် အမြဲတမ်းတော့ ပြောဖြစ်နေတဲ့သူတွေပေါ့။ သီချင်းတစ်ပုဒ်လောက် စမ်းလုပ်ကြည့်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် လူညီတယ်ပေါ့။ ပရိသတ်ကလည်း စိတ်ဝင်စားမှုလေးလည်း ရှိတယ်။ အားပေးမှုလည်းရှိတယ်။ ဆိုတော့ နည်းနည်း ပိုအားတက်သွားတာပေါ့။ အမှတ်တရလေးလည်းဖြစ်အောင် တခြားသူတွေနဲ့လည်း အလုပ်လုပ်လို့ရအောင် လောလောဆယ်မှာတော့ စုမိပြီးသား ငါးယောက်ကနေစပြီးတော့ အခွေလေးလုပ်လိုက်မယ်။ နောင်ကျရင်လည်း တခြားလူတွေနဲ့ အခွေဆက်လုပ်ဖြစ်ရင်လည်း လုပ်ဖြစ်အောင်လို့ပေါ့။

Voice : သီချင်းတွေနဲ့ သံစဉ်လေးတွေက ဘယ်လိုစီစဉ်ထားသေးလဲ။
YVW : အားလုံးနဲ့လိုက်အောင်တော့ လုပ်ထားတယ်။ ကိုယ်နဲ့ လိုက်မယ့်ပုံစံတွေချည်းပဲ လုပ်ထားတယ်။ စုပေါင်း စပ်ပေါင်းအခွေလေးဖြစ်မှာပေါ့။ 

Voice : Myanmar Got Talent မှာရော ဒိုင်အဖြစ်လုပ်သေးလား။
YVW : အခုတော့ မပါဖြစ်တော့ပါဘူး။ အစ်မက Season နှစ်ခုတော့ လုပ်လိုက်တယ်။ သူတို့လည်း ဒိုင်အပြောင်းအလဲလုပ်တယ်ပေါ့။ အစ်မလည်း တခြားပရိုဂရမ်တစ်ခု ပြောင်းရိုက်လိုက်တယ်။ အဲအတွက်ကြောင့် မပါဖြစ်တော့တာပါ။ တကယ်တော့ ဒိုင်လူကြီးလုပ်တယ်ဆိုတာ အရမ်းအန္တရာယ်များတယ်။ ဒိုင်လူကြီးလုပ်တယ်ဆိုတာ အရမ်းအရေထူမှရမယ်။ အတွေ့အကြုံတွေကတော့ အများကြီးပါပဲ။ 

Voice : မြန်မာနိုင်ငံမှာ ဒိုင်အဖြစ်လုပ်ရတာက Risk များတယ်။ အပြောခံရတာတွေလည်း ရှိတော့ ဘယ်လိုခံစားရလဲ။
YVW : ကမ္ဘာမှာလည်း ပြောတော့ ပြောကြပါတယ်။ ပရိသတ်ဆိုတာကတော့ ကြိုက်ရင်ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူး ပြောမှာပေါ့နော်။ ပြောတာကိုလည်း စိတ်မဆိုးပါဘူး။ အစ်မတို့ကိုလည်း ပြန်ပြီးတော့ အကြံပေးတာပေါ့။ အစ်မတို့က ပြိုင်ပွဲဝင်တွေကို အကြံပေးတယ်။ ပရိသတ်တွေကလည်း အစ်မတို့ကို အကြံပေးတယ်။ အပြန်အလှန်လေးလို့ ထင်ပါတယ်။ ဒါကလည်း မြန်မာနိုင်ငံအတွင်းမှာ ပြိုင်တဲ့ပြိုင်ပွဲပါ။ Global မှာ ကမ္ဘာ့အနေနဲ့ကြည့်မယ်ဆိုရင်တော့ မပေးသင့်ဘူးလို့ပြောတာ။ မြန်မာနိုင်ငံမှာတော့ ရှိတဲ့သူနဲ့ လုပ်ရတယ်။ အထွေအထူးတော့ ရှင်းပြမနေတော့ပါဘူး။ ရှင်းပြနေရင် ပိုရှုပ်သွားမယ်။ ရှင်းပြလိုက်ခါမှ ကိုယ့်နိုင်ငံက ဒီလိုအနေအထားလေးမရှိပါဘူးလို့ ပြောသလိုလည်း ဖြစ်မှာစိုးတယ်။ ဒါကြောင့်မို့ ဘာမှ မပြောတော့ပါဘူး။ 

Voice : ပရိသတ်တွေကို ဒိုင်အဖြစ် မလုပ်ဖြစ်တဲ့အကြောင်း ဘာများပြောချင်သေးလဲ။ 
YVW : ဒိုင်လုပ်တုန်းက အမှန်တိုင်းပြောရရင် စိတ်တော့ ညစ်တာပေါ့နော်။ အရမ်းအပြောခံရလို့လေ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ။ ဒီလိုမျိုး အပြောခံရမယ်ဆိုတာ ထည့်ပြီးတော့ စဉ်းစားထားတယ်။ အရေထူရတာပေါ့နော်။ ဝေဖန်အားပေးအကြံပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ရှေ့လျှောက်လည်း ဒီထက် ပိုကောင်းအောင် ကြိုးစားသွားမှာပါ။ ပရိသတ်တွေ မမှားပါဘူး။ ရှင်းရှင်းလင်းလင်း မသိဘူးဖြစ်သွားတာပါ။ တကယ်တော့ ဒါက Global မပြောနဲ့  Asia Got Talent မှာတောင် သွားပြိုင်တာမဟုတ်ဘူး။ မြန်မာနိုင်ငံတွင်းမှာပဲလုပ်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ 

ခင်ညိုညိုသိမ့်


  • VIA