News

POST TYPE

INTERVIEW

ဖြိုးငွေစိုးနဲ့ တွေ့ဆုံခြင်း
18-Jun-2019
“လူတစ်ယောက်ယောက်က မတူညီတဲ့ ကံတရားရှိတယ်။ သူ ကြိုးစားအားထုတ်ပုံ ရှိတယ်။ သူနဲ့ ပရိသတ် အစပ်အဟပ်တည့်တဲ့ပေါ်မှာ မူတည်ပြီးတော့ အခြေအနေလေးတွေ ကွာသွားတာပေါ့ ”



သရုပ်ဆောင်ဖြိုးငွေစိုးနဲ့ တွေ့ဆုံခိုက် သူငယ်ချင်းတွေပေါ်ထားတဲ့စိတ် ရင်းနှီးဆက်ဆံမှုအကြောင်းတွေနဲ့ အောင်မြင်မှုအကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : အရင်ဆုံးပေါ့၊ သူငယ်ချင်းတွေကြားထဲမှာလည်း ဘယ်သူက ပိုအောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုပြီး အချိန်ကာလကြာလာတာနဲ့အမျှ စိတ်တွေပြောင်းလဲသွားတာမျိုး ဖြစ်ဖူးလား။
PNS : ကျွန်တော်တို့ စစချင်းပေါင်းမိကြတဲ့အချိန်မှာအားလုံးက အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကို ထည့်ကို မစဉ်းစားကြတာ။ ထားပါတော့ ကျွန်တော့်သူငယ်ချင်း ဟက်ကက် အတွက် တစ်ခုခု အဆင်ပြေမယ့်ဟာကိုမြင်ရင် ကျွန်တော်တို့က လုပ်ပေးလိုက်မှာ။ ဝိုင်းပြီးတော့ ဝင်ကူညီလိုက်မယ်။ အဲလိုပဲ ကျွန်တော့် အတွက် လိုအပ်ရင် သူတို့က ဝင်ကူညီမှာပဲ။

Voice : ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း သက်မွန်နဲ့ ဇာတ်ကားတစ်ကား ရိုက်သေးတယ်နော်။ 
PNS : သက်မွန်က ကျွန်တော့်ကို အကူအညီတောင်းလို့ သွားရိုက်ပေးလိုက်သေးတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘူး။ သက်မွန် လိုအပ်လို့ ငါ့ကိုပြောတယ်။ ငါသွားလုပ်ပေးလိုက်မယ်။ ကိုယ့်အလှည့်လည်း အဲလိုပဲဆိုတော့ ကျွန်တော့် စိတ်ထဲမှာ အဲလိုရှိပြီးသားဆိုတော့ သိပ်ပြဿနာမရှိဘူး။ ကျွန်တော်တို့ အဖွဲ့ထဲမှာ စိုင်းစိုင်းက အအောင်မြင်ဆုံးပဲ။ သူ အခွေ စထုတ်ကတည်းကလည်း ကူညီပေးတယ်။ လိုအပ်တာတွေ လိုက်လုပ်ပေးတယ်။ ဒီနေ့ထိ အဲဒါက နွေးနွေးထွေးထွေးလေးပဲ၊ အေးဆေးလေးပဲ၊ ပျော်ပျော်လေးပဲ ဘာမှမရှိကြဘူး။ ကျွန်တော် ဧည့်သည်ကားလေးရုံတင်တယ်။ စိုင်းစိုင်း ကျွန်တော့်ကို ဖုန်းဆက်တယ်။ ငဖြိုးကောင်းတယ်ပေါ့။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အနုပညာလောက ကျွန်တော်တို့ ဖြတ်သန်းချင်တဲ့ အနုပညာလောကရဲ့ ပုံစံပေါ့နော်။ 

Voice : ကိုဖြိုးတို့ခေတ်တုန်းကဆို အဲဒီလိုမျိုးတွေ နွေးနွေးထွေးထွေးရှိတာ အခုထိပေါ့နော်။ အခုနောက်ပိုင်းတော့ ပြောင်းလဲလာတယ်လို့ ပြောကြတယ်။ 
PNS : ပတ်ဝန်းကျင်ကွာသွားတာလည်း ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်တို့ VCD ရိုက်တဲ့ခေတ်တုန်းက ဒီသီချင်းတစ်ပုဒ်ကို ဘယ်လောက်ယူတယ်။ ကျန်တဲ့သူတွေကို ပြောလိုက်ရင်လည်း ဒီလောက်ပဲယူတယ်။ ဘယ်သူမှ ပိုမယူကြဘူး။ ကျွန်တော်၊ ဟက်ကက်၊ စိုင်းစိုင်း အားလုံးလယ်ဘယ်ပဲ။ ခရီးသွားရမယ်ဆိုရင်၊ VCD ရိုက်လို့ရှိရင် ဘယ်သူပါမလဲ မေးတယ်။ ဟက်ကက်ပါလား၊ စိုင်းစိုင်းပါလား မေးတယ်။ တစ်ယောက်ယောက် မပါရင် နေလို့မရဘူး။ ကျွန်တော်က ခရီးလမ်းတစ်ခုခုကို အတူတူသွားချင်တယ်။ ဒါပေမဲ့ လူတစ်ယောက်ယောက်က မတူညီတဲ့ကံတရားရှိတယ်။ သူ ကြိုးစားအားထုတ်ပုံရှိတယ်။ သူနဲ့ ပရိသတ် အစပ်အဟပ်တည့်တဲ့ပေါ်မှာ မူတည်ပြီးတော့ အခြေအနေလေးတွေ ကွာသွားတာပေါ့။ အဲဒါက ပရိသတ်ဘက်က သတ်မှတ်ထားတဲ့ ကွာခြားမှုပါ။ ကျွန်တော်တို့ဘက်က အချင်းချင်းမှာ အဲလိုကွာခြားမှုက မရှိဘူး။ ဒီခေတ်ကလေးတွေက အဲဒါလေးတွေတော့ နည်းနည်းဖြစ်နေတယ်။ 

Voice : စိုင်းစိုင်းကတော့ ကားရိုက်တော့ နည်းတာပေါ့နော်။ စိုင်းစိုင်းနဲ့ကော တိုင်တိုင်ပင်ပင်ရှိသေးလား။
PNS : အခုနောက်ပိုင်းတော့ ကျဲတယ်။ အရင်တုန်းက တော့ရှိတယ်။ အရင်တုန်းကတော့ ကျွန်တော်က သူတို့တွေနဲ့ သွားနေ၊ လာနေတာများတယ်။ စိုင်းစိုင်းအိမ်မှာ ကျွန်တော်နေတယ်။ ကျွန်တော့်အိမ်မှာ စိုင်းစိုင်းနေတယ်။ အဲလိုမျိုး များကြတယ်။ ကျွန်တော်က သီချင်းမဆိုတတ်ဘူး။ သူကျတော့ သီချင်းဆိုတာ သင်ပေးသေးတယ်။ နောက်တော့ သူစိတ်ညစ်သွားတယ်၊ ကျွန်တော့်ကို မသင်တော့ဘူး။ အဓိကတော့ သူက အလုပ်များတဲ့သူပါ။ သက်မွန်ကတော့ မင်းသမီးဖြစ်နေတော့ ကားရိုက်ရင်းနဲ့ ခဏခဏ ဆုံတယ်။ စိုင်းစိုင်းနဲ့ တကူးတက ချိန်းမှပဲဆုံ ဖြစ်တယ်။ ကျွန်တော့်မွေးနေ့လုပ်တုန်းကလည်း သူ အစောဆုံးရောက်လာတယ်။ နောက်ကျပြီးမှ သူပြန်သွားတယ်။ ကျွန်တော်တို့တွေကလည်း နောက်ပိုင်းကျတော့ အလုပ်ကိစ္စနဲ့ပဲ တွေ့ဖြစ်တာ များပါတယ်။ 

Voice : သူငယ်ချင်းတွေအပေါ်မှာထားတဲ့ ကိုဖြိုးရဲ့ စိတ်လေးလည်း ပြောပြပေးပါဦး။
PNS : ချစ်ခြင်းတော့ မတူဘူးပေါ့နော်။ ကျွန်တော်တို့ လူငယ်ဘဝတုန်းက ပေါင်းခဲ့ရတဲ့ သူငယ်ချင်းတွေဆိုတာ အတူတူ ပြဿနာကို ဖြေရှင်းကြတယ်။ တချို့နေရာတွေမှာ တစ်ယောက်ကို တစ်ယောက်တကယ်ကို ကာကွယ်ပေးခဲ့ကြတယ်။ ပရိသတ်တွေ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ တစ်ယောက်ကို တစ်ယောက် အသားအနာခံပြီး ကာကွယ်ပေးခဲ့ကြတယ။် အဲဒီရင်းနှီးမှုက သေတဲ့အထိ ရှိနေမှာပါ။

ခင်ညိုညိုသိမ့်