News

POST TYPE

INTERVIEW

သွန်းဆက်နဲ့ တွေ့ဆုံခြင်း
17-Jun-2019
“အချစ်ရေးကတော့ တစ်ယောက်တည်းခဏနေဦးမယ်။ တစ်ယောက်တည်းနေရတာ အရမ်းစိတ်ချမ်းသာနေတယ်။ တကယ်လို့ အကြိုက်ချင်းတူတဲ့သူတွေ တွေ့ရင် တွဲမှာပေါ့”



သရုပ်ဆောင်သွန်းဆက်နဲ့ တွေ့ဆုံခိုက် အနုပညာလှုပ်ရှားမှုအကြောင်း၊ အလှအပထိန်းသိမ်းမှုအကြောင်းနဲ့ အချစ်ရေးအကြောင်းတို့လည်း မေးမြန်းထားပါတယ်။ 
 
Voice : လတ်တလောမှာ အနုပညာလှုပ်ရှားမှု ဘာတွေ လုပ်ဖြစ်နေလဲ။
TS : ကြော်ငြာတွေရိုက်ဖြစ်တယ်။ စီးရီးတွေရိုက်ဖို့လည်း ချိတ်ထားတာရှိတယ်။ ဗီဒီယိုက မရှိတော့ဘူးဆိုတော့ နောက်ထပ် Pay Par View ရိုက်ဖို့လည်း ပြောထားပါတယ်။ ဇာတ်ကောင်တွေကတော့ သူတို့ချပေးမယ့် ကာရိုက်တွေကိုတော့ ကြည့်ရမှာပေါ့နော်။ တကယ်လို့ သဘောကျတယ်၊ လုပ်နိုင်တယ်ဆိုရင်တော့ ရိုက်မှာပါ။ ကိုယ်နဲ့ သိပ်မလိုက်တဲ့ဟာဆိုရင်တော့ သွန်းဆက်ရိုက်ဖြစ်မှာ မဟုတ်တော့ဘူး။ နောက်ပိုင်းကျတော့ ကာရိုက်တာနည်းနည်းရွေးလာပြီ။ 

Voice : ကာရိုက်တာရွေးတာက အနုပညာလုပ်ကွက် မရတော့တာကြောင့်လား။ ဒါမှမဟုတ် တမင်ကန့်သတ်လိုက်တာမျိုးလား။
TS : ဘာဖြစ်လို့လဲဆိုတော့ ရှေ့မှာ သွန်းဆက်လုပ်ခဲ့တဲ့ ကာရိုက်တာက တော်တော်လေး စုံခဲ့ပြီဆိုတော့ သွန်းဆက် နည်းနည်းလေး ကိုယ့်အတွက် တကယ် ပရိသတ်သဘောကျမယ့်ဟာမျိုးဆိုရင်တော့ ပိုပြီးတော့ ရိုက်ဖြစ်မှာပေါ့။ 

Voice : အရင်ကထက်စာရင် ဝိတ်တွေလည်း ကျသွားပြီဆိုတော့ လျှို့ဝှက်ချက်လေးများရှိရင် ပြောပြပေးပါဦး။
TS : သွန်းဆက်က နောက်ပိုင်းမှာ အဆီကြော်တွေကို ရှောင်လိုက်တယ်။ အရင်တုန်းကဆိုရင် ချိစ်တွေ၊ အဆီကြော်တွေ အရမ်းကြိုက်တယ်။ အဲဒါတွေ နည်းနည်းလျှော့လိုက်တာပေါ့နော်။ အခုတော့ အပြုတ်တွေကို ပိုပြီးတော့ စားဖြစ်တယ်။ ဒါကတော့ ဝိတ်သိပ်ကျတယ် မခေါ်သေးဘူး။ နောက်ထပ် အများကြီးချဖို့တော့ ကျန်သေးတယ်။ 

Voice : အခုနောက်ပိုင်း အလှအပနဲ့ပတ်သက်ပြီး ဘယ်လိုများ ထိန်းသိမ်းဖြစ်နေလဲ။
TS : အသားအရေကတော့ အထူးတလည် သိပ်လုပ်စရာမလိုပါဘူး။ ငယ်ငယ်ကတည်းက ဖြူတယ်လေ။ အသားကြည်တဲ့အထဲမှာပါတော့ ဒါကတော့ ကိုယ့်ဘာသာပြောတာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်နဲ့ ပရိသတ်တွေက ပြောလို့ ပြန်ပြောပြတာပေါ့နော်။ အရမ်းကြီး ထိန်းသိမ်းစရာ အထူးတလည် မလိုပါဘူး။ နေပူထဲထွက်ရင် လိုးရှင်းလိမ်း Sun Cream လိမ်းပေါ့နော်။ ပြီးတော့ အားရင်တော့ Body Mask လေးကပ်၊ အဲဒါလေးတွေပဲ လုပ်ဖြစ်ပါတယ်။ ခွဲစိတ်တာမျိုးတော့ သွန်းဆက် သိပ်ပြီးတော့ မကြိုက်ဘူး။ စပေါ်ကတည်းက ဒီပုံစံလေးပဲ ဖြစ်တဲ့အတွက် ပရိသတ်ကိုလည်း ဒီပုံစံလေးပဲ မြင်စေချင်တဲ့အတွက် ဘာမှတော့ မလုပ်ဖြစ်တော့ပါဘူး။

Voice : အချစ်ရေးကလည်း ငြိမ်နေတယ်နော်။
TS : အချစ်ရေးကတော့ တစ်ယောက်တည်းခဏနေဦးမယ်။ တစ်ယောက်တည်းနေရတာ အရမ်းစိတ်ချမ်းသာနေတယ်။ တကယ်လို့ အကြိုက်ချင်းတူတဲ့သူတွေ တွေ့ရင် တွဲမှာပေါ့။ အခုတော့ အရမ်းအဆင်ပြေနေတယ်။ အဓိကတော့ စိတ်ညစ်စရာတွေ သိပ်မရှိတော့တာပေါ့။ Relationship တစ်ခု တစ်ခါထားတော့မယ်ဆိုရင် စိတ်ရှုပ်ရစရာလေးတွေက ပေါ်ပေါ်လာတယ်။ ချစ်လွန်းလို့ သဝန်တိုရတာနဲ့၊ စိတ်ပူလို့ သဝန်တိုရတာနဲ့ အများကြီးရှိတယ်။ အခုဆို သိပ်ပြီးတော့ ဘာမှပူစရာမလိုဘူး။ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားရုံပဲ။ ကိုယ်ဘာဖြစ်သင့်လဲ၊ ဘယ်လိုနေရအဆင်ပြေမလဲ။ ကိုယ့်အတွက်ပဲ ခေါင်းထဲမှာ စဉ်းစားနေရတဲ့အတွက်ကြောင့် အပူအပင်မရှိဘဲ ပိုပြီးတော့ Active ဖြစ်နေတယ်။ 

Voice : စီးပွားရေးဘက်ကိုရော မလှည့်တော့ဘူးလား။
TS : အင်္ကျီတော့ မဟုတ်ဘဲ တခြား Brand ဟာလေးတွေ လုပ်ဖို့တော့ ပြောထားတာရှိပါတယ်။ ဒီနှစ်ထဲတော့ မဟုတ်လောက်သေးပါဘူး။

ခင်ညိုညိုသိမ့်