News

POST TYPE

INTERVIEW

မေပန်းချီနဲ့တွေ့ဆုံခြင်း
13-Jun-2019
“ကောမန့်တွေမှာ အဆဲခံနေရတာတောင် အနုပညာရှင်လို့ ပြောနေကြတယ်။ ရှက်တတ်ရင်စဉ်းစားပေါ့နော်”



သရုပ်ဆောင်မေပန်းချီနဲ့တွေ့ဆုံခိုက် အနုပညာလှုပ်ရှားမှုအကြောင်း စီးပွားရေးအကြောင်းနဲ့ Face Cele တွေအကြောင်း မေးမြန်းထားပါတယ်။

Voice : အနုပညာအလုပ်နဲ့ စီးပွားရေးကို လုပ်နေတာဆိုတော့ စီးပွားရေးက အခြေကျနေပြီလား။ 
MPC : ဆိုင်ကတော့ ဖွင့်ထားတာ ၂ နှစ်လောက်ရှိပြီ။ လူတိုင်းကတော့ အဆင်မပြေကြဘူး။ ဆိုင်လခလည်း ရုန်းရတယ်။ အရမ်းကြီးအောင်မြင်တဲ့အထဲ မပါပါ ဘူး။ ဆိုင်မှာက အားနည်းနေတယ်။ မိသားစုနည်းတော့ ပန်းချီတစ်ယောက်တည်း လုပ်နေရတယ်။ ၂ နှစ်ပြည့်ပွဲလည်း လုပ်ဖို့ရှိပါတယ်။ ပန်းချီတို့က အသက် ၁၉ နှစ်လောက်ကတည်းက အနုပညာအလုပ်ကို လုပ်ခဲ့တာ၊ အပြင်စီးပွားရေးကို လည်း မလုပ်တတ်တော့ဘူး။ လေ့လာမှုအားနည်းတယ်။ အားတဲ့အချိန်စာဖတ်မယ်။ လေ့လာမယ်။ မလုပ်ခဲ့မိဘူးပေါ့နော်။ ဗီဒီယိုဈေးကွက်ပျက်လာတော့ ဝင်ငွေတွေ အရမ်းနည်းလာတယ်။ စီးပွားရေးဘက်ကိုလှည့်တော့ အတွေ့အကြုံနည်းသွားတယ်။ ငွေတွေ အလဟဿဖြစ်သွားတာတွေရှိတယ်။ ပိုက်ဆံရှိရင် လုပ်ရမယ့်အတွေးလေးက ၈၀ ရာခိုင်နှုန်းလောက် ဖြစ်နေတာ။ အနုပညာအလုပ်ကလည်း ကာရိုက်တာအားနည်းရင်တော့ ငြင်းလိုက်တယ်။ ကိုယ့်ကို လာငှားတာ အနုပညာလည်း၊ မကျန်ဘူး၊ ပိုက်ဆံလည်းမကျန်ရင် မရိုက်တော့ဘူး။ အဲအစား ကိုယ့်ဆိုင်မှာ ဈေးထိုင်ရောင်းလိုက်တယ်။ ငွေကြေးလည်းမကျန်ဘူး။ ကာရိုက်တာလည်း မကောင်းရင် မရိုက်တော့ဘူး။ 

Voice : ရုပ်ရှင်ကားတွေကော ရိုက်ဖို့ကမ်းလှမ်းတာမျိုး ရှိသေးလား။ 
MPC : ရုပ်ရှင်ကားကတော့ တစ်လကို တစ်ကားတော့ ရိုက်ဖြစ်တယ်။ နောက်ပိုင်းမှာတော့ ကမ်းလှမ်းလာတဲ့ ကာရိုက်တာတွေကျတော့ မရိုက်ဖြစ်ဘဲ ငြင်းလိုက်တယ်။ ဒီအချိန်မှာ အနုပညာလည်းမကျန်ဘူး။ ငွေကြေးမကျန်ရင်ထားလိုက်တော့ အနုပညာကျန်ပြီး ထိထိမိမိရိုက်ရမယ်ဆိုရင်တော့ ရိုက်ပါတယ်။

Voice : အခုခေတ်က အွန်လိုင်းခေတ်ဆိုတော့ ကိုယ့်ကိုပြန်ပြီး အာရုံစိုက်ကြဖို့ ပရိုမိုးရှင်းလုပ်တာမျိုးတွေရှိလား။
MPC : အဓိကအနုပညာရှင်တွေက ကိုယ့်ကို ပရိုမိုးရှင်းဆင်းနေရတာပဲ။ ပန်းချီက ဆိုင်တစ်ဖက်နဲ့ဆို တော့အားနည်းသွားတယ်။ ဓာတ်ပုံဆိုလည်း အသစ်မရိုက်ဖြစ်ဘူး။ ပရိသတ်မပြောနဲ့ ကိုယ်တောင် ဒီပုံတွေနဲ့ ဒီပို့စ်တွေနဲ့ တော်တော်ရိုးနေပြီ။ ပရိသတ်ဆိုလည်း မျက်စိနောက်မှာပေါ့။ ကိုယ့်ကို ဘယ်လိုလုပ်ရင်ကောင်းမလဲ။ Movie လေးတွေ ရိုက်ဖို့တော့ အစီအစဉ်လေးတွေရှိတယ်။ လုပ်တော့ မလုပ်ဖြစ်သေးဘူး။ သီချင်းလေးနဲ့ ပတ်သက်ပြီးတော့ လုပ်ဖြစ်နေတယ်၊ ပရိသတ်တွေက အရမ်းရှားသွားပြီ။ အနုပညာရှင်တွေထဲမှာလည်း ကဂျိုးဂဂျောင် အများကြီးဖြစ်လာတဲ့အတွက် ကိုယ်တွေကို အထင်မကြီးတဲ့အပိုင်းတွေ အများကြီးဖြစ်လာတယ်။ 

Voice : မေပန်းချီတို့တုန်းက အနုပညာနဲ့ လမ်းဖောက်ပြီး ကြိုးစားလာခဲ့ရတယ်။ အခုခေတ်က Facebook Cele ဆိုပြီး လွယ်လာကြတယ်။ အဲဒီအပေါ်ကော ဘယ်လိုမှတ်ချက်ပေးချင်လဲ။ 
MPC : ပန်းချီဖြစ်စေချင်တာကတော့လေ Facebook မှာ ပေါက်သွားပြီးတော့ ကိုယ့်ကိုယ်ကိုယ် အနုပညာရှင်လို့ မတပ်ရင်ကျေနပ်ပြီ။ ပန်းချီတို့တောင် အနုပညာရှင်ကြီးလို့ ပြောလို့မရသေးဘူး။ အနုပညာရှင်ဆို အယောက် ၂၀ မေးရင်သိတယ်။ သူတို့ ကြိုးစားခဲ့တဲ့အချိန်တွေ၊ အက်တင်တွေ၊ လေ့လာမှုတွေ ရှိတယ်။ သူတို့ကျတော့ မီဒီယာတွေ အင်တာဗျူးလိုက်ပြီး လူသိသွားရင် အနုပညာရှင်လို့ တပ်လိုက်ကြတယ်။ အဲဒါ တလွဲမှားနေတယ်။ ပရိသတ်ရှိလို့ အနုပညာရှင်ဖြစ်လာတာ။ ပရိသတ်တွေလက်ခံအောင်အရင်လုပ်။ အခုတော့ ကောမန့်တွေမှာ အဆဲခံနေရတာတောင် အနုပညာရှင်လို့ ပြောနေကြတယ်။ ရှက်တတ်ရင် စဉ်းစားပေါ့နော်။ ပန်းချီကတော့ အဲလိုပြောချင်ပါတယ်။ ပရိသတ်က ၂ မျိုးရှိတယ်။ အမှားတစ်ခုလုပ်ပြီး ပရဟိတလုပ်ပြလိုက်လို့ရှိရင် ပြန်အားပေးလာတဲ့ပရိသတ်ရှိသလို အမှားလုပ်ထားပြီး ပရဟိတ ဘယ်လိုပဲပြန်လုပ်လုပ် အားမပေးတော့တဲ့ ပရိသတ်တွေရှိတယ်။ အမှားနည်းအောင်နေ၊ အမှားကင်းအောင်နေ။ အနုပညာနဲ့ ထိုက်တန်တဲ့အလုပ်ကိုလုပ်ပါလို့ ပြောချင်ပါတယ်။

ခင်ညိုညိုသိမ့်