News

POST TYPE

INTERVIEW

ဒေါက်တာအေးမွန်မွန်ကျော်နှင့် တွေ့ဆုံခြင်း
12-Jun-2019
သွေးလွန်တုပ်ကွေး

“ကလေးတွေဆိုရင်တော့ ဒီရာသီဆိုရင် သွေးလွန်တုပ်ကွေးဆိုတာ အရမ်းစဉ်းစားမိကြတယ်။ အခုနောက်ပိုင်း သွေးလွန်တုပ်ကွေး ပညာပေးပွဲတွေလုပ်တဲ့အခါကျရင် ဒါကလူကြီးတွေပါဖြစ်တယ်၊ အသက်သေဆုံးနိုင်တယ်ဆိုတဲ့ အကြောင်းတွေကို ပြောပေးပါတယ်”



ယခုရာသီသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများသည့် ရာသီဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ယင်းရောဂါသည် အသက်အရွယ်ကြီးသည့် လူကြီးများ၌ဖြစ်ပွား၍ အသက်သေဆုံးမှုများပါရှိနေကြောင်း သိရသည်။ ထို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သည့်ဖြစ်ပွားနိုင်မည့်အချက်များနှင့် သတိပြုသင့်သည်များကို ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒေါက်တာအေးမွန်မွန်ကျော် (ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ နှိမ်နင်းရေးဌာန) နှင့် The Voice Daily က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : သွေးလွန်တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေလေးတွေ ပြောပြပေးပါဦး ဆရာမ။
Dr.AMMK : သွေးလွန်တုပ်ကွေးက နှစ်စကတည်းက စဖြစ်တာ၊ မေလကုန်အထိတော့ သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်တဲ့လူနာက ၆၇၀ ရှိပြီးတော့ သေဆုံးသူက ၈ ယောက်ရှိတယ်။ သေဆုံးတဲ့အရွယ်က အခုဆိုရင် အသက် ၁၅ နှစ်အထက်လည်း ပါတယ်။ အသက်ကတော့ ၆၀ ကျော်ပေါ့။

Voice : အသက်ကြီးတဲ့သူတွေမှာပါ ဖြစ်ပွားသေဆုံးတယ်ဆိုတော့ ဘယ်လိုအချက်တွေ သတိထားဖို့လိုပါသလဲ။
Dr.AMMK : လူကြီးတွေကျတော့ သွေးလွန်တုပ်ကွေးလို့ မထင်တာလည်းပါတယ်။ နောက်တစ်ခုက တခြားရောဂါတွေနဲ့လည်း တွဲဖြစ်နေတဲ့သဘောမျိုးပေါ့။ လူကြီးတွေကျတော့ ထင်ထားတာက ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိနေတယ်၊ တခြားရောဂါတွေလည်း ရှိနေတယ်ဆိုတော့ သတိမထားမိဘူး။ ဒါကြောင့် သွေးလွန်တုပ်ကွေးဆိုတာ အသက်အရွယ်မရွေး သေဆုံးတဲ့အထဲမှာပါလို့ သတိထားရမှာပေါ့။

Voice : ရန်ကုန်တိုင်းအနေနဲ့ လတ်တလော သွေးလွန် တုပ်ကွေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ထားတာတွေရှိပါသလဲ။
Dr.AMMK : ရန်ကုန်တိုင်းအနေနဲ့ကတော့ နှစ်စကတည်းက ရပ်ကွက်တွေထဲမှာ ဖုံး၊ သွန်၊ လဲ၊ စစ်တွေ စလုပ်တယ်။ အခု သွေးလွန်တုပ်ကွေးရာသီနီးလာပြီ ဖြစ်တဲ့အတွက် ဦးတည်ရာနေရာ အလိုက် တစ်ပတ်လုံး သွေးလွန်တုပ်ကွေးကာကွယ်ဖို့၊ နှိမ်နင်းဖို့တွေကို တခြားနှီးနွှယ်ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ ဥပမာပြောရရင် တနင်္လာနေ့ဆိုရင် ရုံးဌာနတွေ၊ အင်္ဂါနေ့ဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ ဗုဒ္ဓဟူးဆိုရင်ဈေး၊ ကြာသပတေးမှာ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ၊ သောကြာဆိုရင် ကျောင်းတွေမှာလုပ်မယ်၊ စနေ/တနင်္ဂနွေဆိုရင် ကျောင်းတွေက ပိတ်ပြီဆိုတော့ ဖုံး၊ သွန်၊ လဲ၊ စစ်ရယ်၊ နောက်တစ်ခုက Dry Day လုပ်ပေးဖို့ပေါ့။ ဆိုလို တာက ပန်းအိုး၊ ရေအိုးတွေကို တစ်ခါတည်း မှောက်ခဲ့ဖို့ပေါ့။ စနေနေ့ကတော့ လူထုအတွင်းပေါ့။ သတင်းအချက်အလက်တွေသိဖို့ကတော့ ပိတ်ရက်ပါမကျန် ဆေးရုံကရလာတဲ့သွေးလွန်တုပ်ကွေး လူနာစာရင်းတွေအလိုက် ထိန်းချုပ်တာတွေလုပ်ပေးနေပါတယ်။

Voice : ဟုတ်ကဲ့။ သွေးလွန်တုပ်ကွေးက ၂ နှစ် တစ်ကြိမ် အဖြစ်များတတ်တာလား ဆရာမ။
Dr.AMMK : ရန်ကုန်တိုင်းရဲ့ ကူးစက်ပြန့်ပွားပုံကို ကြည့်ရင် တစ်နှစ်ခြားတစ်ခါများနိုင်တဲ့သဘောမျိုးတွေရှိတယ်ပေါ့။ ၂၀၁၅ ခုနှစ်မှာ လေးထောင်ကျော် ဖြစ်တယ်၊ ၂၀၁၆ခုနှစ်မှာ နှစ်ထောင်ကျော်ပဲဖြစ်တယ်။ ၂၀၁၇ ခုနှစ်မှာ ခုနစ်ထောင်ကျော်ဖြစ်ပြီးတော့ ၂၀၁၈ ခုနှစ်မှာတော့ သုံးထောင်ကျော်ဖြစ်ခဲ့တယ်။ အဲဒီလို အခြေအနေတွေကြောင့် ၂၀၁၉ ခုနှစ်က များနိုင်တယ်။ များနိုင်ပေမယ့်လည်း သွေးလွန်တုပ်ကွေး ဖြစ်ပွားတဲ့ လူနာတွေရဲ့ သွေးကို ဓာတ်ခွဲစစ်ဆေးခဲ့တဲ့အခါမှာ သွေးလွန်တုပ်ကွေးက Type လေးမျိုးရှိတယ်။ မနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့သူတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါ Type-1 ပေါ့။ ဒီနှစ်လည်း Type-1 ပဲတွေ့တော့ ဖြစ်ပွားမှုကနည်းနေတယ်။ Type-1 မဟုတ်ဘဲ တခြား Type တွေ ဝင်လာခဲ့ရင်တော့ ဒီနှစ်က နည်းနည်းစိုးရိမ်စရာရှိတယ်။ အခုကံကောင်းနေတာက Type-1 ပဲမို့လို့ လူတွေအများကြီးကို မဖြစ်သေးတာ။ ၂၀၁၈ ခုနှစ်မှာ Type-1 ဝင်ထားတဲ့အတွက်ကြောင့် ကိုယ်ခံအားကကောင်းနေတယ်။ ဒီနှစ်မှာ Type-1 ပဲ ဝင်လာရင်တော့ ခံသာတာပေါ့။ နည်းသွားမယ်။ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်က လေးမျိုးရှိတယ်။ ဥပမာပြောရင် ဒီနှစ်မှာ Type-1 ဝင်တ9999991ယ်4444444444ဆိုရင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရတဲ့လူတွေက Type-1 အတွက် ကိုယ်ခံအားကိုရသွားတယ်။ ရသွားတော့ နောင်နှစ်မှာ ဒီလို Type-1 ပဲဝင်ရင် ခံနိုင်ရည်အားရှိနေတဲ့အတွက်ကြောင့် ဒါကို တိုက်ထုတ်နိုင်တဲ့အတွက် သိပ်မဖြစ်တော့ဘူး။ ဒါပေမဲ့ ပထမနှစ်မှာ Type-1 ဝင်ပြီး နောက်နှစ်မှာ Type-2 ဝင်တယ်ဆိုရင်တော့ ဆိုးလေ့ရှိတယ်။



Voice : သွေးလွန်တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေကရော။
Dr.AMMK : လက္ခဏာတွေက ရုတ်တရက် လတ်တလောအဖျားတက်လာတာနဲ့အတူ ခေါင်းကိုက်တာ၊ တစ်ကိုယ်လုံးကိုက်ခဲတာ၊ ပျို့တာ၊ အန်တာ၊ မစားချင်မသောက်ချင်ဖြစ်တာ၊ တစ်ခါတလေ ခန္ဓာကိုယ်မှာ အစက်အပြောက်တွေ ပေါ်လာတတ်တယ်။ ဒီ့အပြင် ခန္ဓာကိုယ်တွင်း သွေးယိုစီးတာကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင်အဖတ်တွေ အန်တယ်၊ ခန္ဓာကိုယ်မှာ အနီစက်တွေထွက်တယ်၊ ကိုယ်အပူချိန် ရုတ်တရက်ကျဆင်းသွားတာ (စဖျားသည့်နေ့မှ ၃ ရက်မြောက်နေ့တွင်ဖြစ်တတ်)၊ ရုတ်တရက်ဗိုက် အောင့်လာတာ၊ အရမ်းမှိန်းလာတာ၊ ခြေဖျား၊ လက်ဖျားတွေ အေးစက်တာ၊ သွေးပေါင် အလွန်ကျတယ်၊ ကလေးကိုယ်အပူချိန်ကျသွားပြီး မှိန်းတာ၊ အိပ်တာမျိုးဆိုရင် အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်နိုင်ပါတယ်။ 

Voice : လူထုအနေနဲ့ ဘာတွေဆောင်ရ၊ ရှောင်ရမလဲဆိုတာ ဖြည့်စွက်ပြောပေးပါဦး ဆရာမ။
Dr.AMMK : အဓိကက ကိုယ့်အိမ်မှာကိုယ် ပိုးလောက်လန်းမရှိအောင်လုပ်ဖို့ပါပဲ။ အိမ်မှာ တစ်ပတ်တစ်ခါ ပန်းအိုးတွေလဲဖို့၊ ဖုံး၊ သွန်၊ လဲ၊ စစ်ကို လုပ်ပေးဖို့ပါပဲ။ ဒါကိုလုပ်နိုင်ရင် သွေးလွန်တုပ်ကွေးကို သယ်ဆောင်တဲ့ခြင်ကျားမပေါက်နိုင်ဘူး။ အဲဒီအခါ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတာလည်း ကျဆင်းသွားမယ်။ နောက်ပြီး အသက်ကြီးတဲ့သူတွေကလည်း အနီစက်ထွက်တယ်၊ သွေးတွေအန်တယ်၊ ဒါပေမဲ့ လူကြီးက ဖျားလာတာနဲ့ သွေးလွန်တုပ်ကွေးလို့ စဉ်းစားဖို့ကနည်းတယ်။ စဉ်းစားဖို့လည်းခက်တယ်။ ကလေးတွေဆိုရင်တော့ ဒီရာသီဆိုရင် သွေးလွန်တုပ်ကွေးဆိုတာ အရမ်းစဉ်းစားမိကြတယ်။ အခုနောက်ပိုင်း သွေးလွန်တုပ်ကွေးပညာပေးပွဲတွေလုပ်တဲ့အခါကျရင် ဒါက လူကြီးတွေပါဖြစ်တယ်၊ အသက်သေဆုံးနိုင်တယ်ဆိုတဲ့ အကြောင်းတွေကို ပြောပေးပါတယ်။ သွေးလွန် တုပ်ကွေးလို အပြင်းဖျားလာတယ်၊ ခန္ဓာကိုယ်မှာအနီ စက်တွေပဲထွက်ထွက်၊ သွေးအန်တာတွေပါ ဖြစ်လာရင် သွေးလွန်တုပ်ကွေးဆိုတာကို စဉ်းစားဖို့လိုပါတယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ