News

POST TYPE

INTERVIEW

မျိုးစန္ဒီကျော်နဲ့ တွေ့ဆုံခြင်း
12-Jun-2019
“မပြင်ထားဘူး။ ဘာမှ ခွဲစိတ်ထားတာမရှိဘူး။ အစ်မရုပ်ကို အရမ်းကြီးပြောင်းသွားမှာမျိုး မဖြစ်စေချင်ဘူးအမေပေးထားတဲ့ ရုပ်အတိုင်း သဘောကျတယ်”


သရုပ်ဆောင်မျိုးစန္ဒီကျော်နဲ့ တွေ့ဆုံခိုက် အနုပညာလှုပ်ရှားမှုအကြောင်းနဲ့ သမီးဖြစ်သူအပေါ်ထားရှိတဲ့ ရည်မှန်းချက်တွေအကြောင်းကို မေးမြန်းထားပါတယ်။

Voice : လက်ရှိ အနုပညာအလုပ် ဘာတွေလုပ်ဖြစ်နေလဲ။ 
MSDK : အစ်မက အခုတော့ အနုပညာအလုပ်တွေ ပြန်လုပ်နေပါပြီ။ အနုပညာပြန်လုပ်ဖို့ အားပေးကြတဲ့ပြောကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ အစ်မ အခက်အခဲတွေ ကြုံလာတိုင်း လဲကျတဲ့ချိန်တိုင်း ကူညီစောင့်ရှောက်ပေးတဲ့ အစ်မ မိဘတွေ၊ မိသားစုသူငယ်ချင်းအပေါင်းအသင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အနုပညာအလုပ်တွေလည်း ပြန်လုပ်နေပြီ၊ ဇာတ်ကားတွေလည်း ရိုက်ထားပါတယ်။ 

Voice : သမီးလေးက အကလည်း ဝါသနာပါတာဆိုတော့ အနုပညာအလုပ်တွေ ပေးလုပ်တော့မှာလား။ 
MSDK : အနုပညာရှင်တွေက သူတို့ သားသမီးကို ဒီလောကထဲကို မထည့်ချင်ကြဘူး။ ပင်ပန်းမှာလည်းစိုးတယ်။ အောင်မြင်ဖို့လည်း ခက်တယ်။ အတိုက်အခံ အခက်အခဲ တွေလည်း များတယ်။ ဘယ်အလုပ်မဆို အခက်အခဲရှိတယ်။ အစ်မက သူ့ကို မပင်ပန်းစေချင်ဘူး။ ပညာတတ်ကြီး တစ်ယောက် ဖြစ်စေချင်တယ်။ ပညာနဲ့ အသက်မွေးရတဲ့လုပ်ငန်း လုပ်စေချင်တယ်။ ထူးချွန်စေချင်တယ်။ အစ်မကတော့ အဓိက ပညာရေးကို ဦးစားပေးချင်တယ်။ သူ အရမ်းဝါသနာပါတယ်၊ လုပ်ချင်တယ်ဆိုရင် ပညာရေးပြီးတဲ့အချိန် ကျရင် အစ်မက နောက်ကနေ အကောင်းဆုံး ပံ့ပိုးပေးမှာပေါ့။ အကဆိုလည်း မသင်ပေးရဘူး။ သူ့ဘာသာ Youtube ကြည့်ပြီး လုပ်တာ။ သူက အနုပညာတော့ အကုန်ဝါသနာပါတယ်။ မြန်မာအကလည်း ကျောင်းမှာ ကတယ်။ သီချင်းလည်းဆိုတယ်။ မင်းသမီး လုပ်မယ်လည်းပြောတယ်။ အခုတော့ ကြော်ငြာတွေလည်း ရိုက်ထားတယ်။ ကြော်ငြာလေးတော့ ပေးရိုက်မယ်။ ရုပ်ရှင်တွေတော့ လာပြောတာရှိတယ်၊ ပေးမရိုက်ချင်သေးဘူး။ 

Voice : ပညာရေးအတွက် သမီးအပေါ်မှာ ဘယ်လို ရည်မှန်းချက်မျိုးရှိလဲ။ 
MSDK : သမီးလေးကိုလေ ဆရာဝန်၊ အင်ဂျင်နီယာထက် တကယ်လည်း ဝါသနာပါတဲ့အရာမျိုးပေါ့။ လူတစ်ယောက်က ကိုယ်ဝါသနာမပါတာမျိုးဆို အကြာကြီး မပျော်ရွှင်နိုင်ဘူး။ အစ်မလည်း အဲလိုခံယူထားတယ်။ ဝါသနာပါမှ အလုပ်မှာပျော်မှာ။ ပျော်မှလည်း အောင်မြင်မှာ။ အစ်မက အဲလိုသိထားတယ်။ ဆရာဝန်ဝါသနာပါလား၊ ဆရာဝန်ပေါ့။ အင်ဂျင်နီယာပါရင် အင်ဂျင်နီယာသွား။ အဲလိုမျိုးပဲ ပံ့ပိုးပေးမယ်။ ဒါဖြစ်ရမယ် ဆိုတာမျိုးမရှိဘူး။ 

Voice : အခုနောက်ပိုင်းမှ အနုပညာရှင်တွေက အလှအပနဲ့ ပတ်သက်ပြီး ခွဲစိတ်ပြုပြင်တာမျိုးတွေ လုပ်လာကြတယ်။ အစ်မကော အဲ့လိုခွဲစိတ်ချင်တာမျိုးရှိလား။ 
MSDK : အစ်မ မပြင်ထားဘူး။ ဘာမှခွဲစိတ်ထားတာမရှိဘူး။ နှာခေါင်းဖော်တာ မျက်ရစ်ခွဲတာမျိုးလည်း မရှိပါဘူး။ မင်းသမီး စလုပ်ကတည်းက ဒီရုပ်ပါပဲ။ အမှန်တိုင်းပြောရင် ကြောက်တာလည်းပါတယ်။ အစ်မရုပ်ကို အရမ်းကြီးပြောင်းသွားမှာ မျိုးမဖြစ်စေချင်ဘူး။ သဘာဝအတိုင်း ကိုယ့်ဘာသာကိုယ် ကြိုက်တယ်။ အမေပေးထားတဲ့ ရုပ်အတိုင်း သဘောကျတယ်။ လုပ်ဖြစ်မယ်ဆိုလည်း အသားအရေလည်းကောင်းအောင်မျိုးလောက်ပဲ လုပ်ဖြစ်မယ်။ ခွဲစိတ်တာမျိုး၊ နှာခေါင်းစီလီကွန်ထည့်တာမျိုးတော့ မလုပ်ရဲဘူး။ လုပ်လည်းလုပ်ဖို့ အစီအစဉ်မရှိပါဘူး။

ခင်ညိုညိုသိမ့်