News

POST TYPE

INTERVIEW

မေမြတ်နိုးနဲ့ တွေ့ဆုံခြင်း
11-Jun-2019
“မြတ်နိုးရဲ့ Follower တွေက ပေါ်ပင်မကြည့်ချင်ကြဘူး။ စိတ်မဝင်စားဘူး။ ဘာစားတယ် ဘာသောက်တယ်။ ဘယ်သူနဲ့တွဲတယ်ဆိုတာကလည်း ဘယ်သူ့အတွက်မှလည်း အကျိုးမရှိပါဘူး”



သရုပ်ဆောင်မေမြတ်နိုးနဲ့တွေ့ဆုံခိုက် အနုပညာလှုပ်ရှားမှုအကြောင်း၊ ဆိုရှယ်မီဒီယာကို ဘယ်လိုပုံစံမျိုးသုံးဖြစ်လဲဆိုတဲ့အကြောင်းနဲ့ စကားဝိုင်းလေးတွေမှာ ပါဝင်ဆွေးနွေးဖြစ်တဲ့ အကြောင်းတွေကိုမေးမြန်းထားပါတယ်။ 

Voice : လတ်တလောအနုပညာလှုပ်ရှားမှုလေးတွေ ပြောပြပေးပါဦး။ 
MMN : လတ်တလောကတော့ ကြော်ငြာရိုက်၊ ပွဲတက်လေးတွေ ရှိပါတယ်။ နောက်ပြီး စကားဝိုင်းလေးတွေမှာလည်း ပြောဖြစ်ပါတယ်။

Voice : စကားဝိုင်းလေးတွေမှာ ပါဝင်ပြီးဆွေးနွေးဖြစ်တဲ့အကြောင်းလေးရယ် ကိုယ်တိုင်ရော ဘယ်လိုအတွေ့အကြုံမျိုးတွေ ရလိုက်တာရှိလဲ။
MMN : တကယ်အနုပညာရှင်တွေ ပြောချင်တဲ့အရာမျိုး၊ အင်တာဗျူးဖြေတာမျိုးမဟုတ်ဘဲ သူတို့ရင်ထဲမှာရှိတဲ့ စကားလေးတွေကို ပျော်ပျော်ပါးပါးနဲ့ ပြောရတာဆိုတော့ အချင်းချင်းပေါ့နော်။ ဖလှယ်ခွင့်ရတဲ့အတွက် နားထောင်တဲ့သူတွေရော၊ ပြောနေတဲ့သူရော အားရတယ်။ 

Voice : အရင်တုန်းက ကိုယ်က အမေးခံရတဲ့သူပေါ့။ အခုကိုယ်တိုင်ကပြန်မေးပြီးပြောရတဲ့အခါကော ဘယ်လိုခံစားမိလဲ။
MMN : လူတိုင်းကတော့ တကယ့်အတွင်းစိတ်ကို သိချင်ကြတယ်။ အင်တာဗျူးတွေမှာ မေးသင့်သလောက်ပဲ မေးကြတာလေ။ ရင်ထဲက ခံစားချက်ကိုတော့ အနုပညာရှင်ကိုယ်တိုင်က မပြောချင်ဘူးပေါ့နော်။ ပြောသင့်တဲ့အရာ ပြောထိုက်တဲ့အရာတွေ မီဒီယာတွေပေါ်မှာ ပရိသတ်ကိုချပြတဲ့ အရာက ပိုပြီးတော့ အရေးကြီးပေါ့။ ကောလာဟလတွေ မဟုတ်ဘဲ အနှစ်သာရလိုအပ်မယ့် မက်ဆေ့ချ်တွေကို ပရိသတ်တွေဆီရောက်ဖို့က မြတ်နိုးကိုယ်တိုင်ကလည်း အမေးခံချင်တဲ့သူဆိုတော့လေ ကိုယ့်ကိုမေးစေချင်တဲ့မေးခွန်းမျိုးကိုမေးရင် ဖြေရတဲ့သူကလည်း သူတို့လည်းကြိုက်နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်။

Voice : တချို့အနုပညာရှင်တွေက အင်တာဗျူးတွေ ရှောင်ကြတာ ရှိတယ်လေ။ အဲဒီအပေါ်ကော မြတ်နိုးအမြင်က ဘယ်လိုမျိုးရှိလဲ။
MMN : ဒါကတော့ ဘယ်သူ့ကိုမှ စော်ကားတာတော့ မဟုတ်ပါဘူး။ အခုနောက်ပိုင်း မီဒီယာက ပေါ်ပင်ဘက်ကိုသွားကြတယ်ပေါ့နော်။ သူတို့ကလည်း တခြား ဖေ့ဘွတ်ခ်ဆယ်လီတွေနဲ့ တန်းတူပေါ့နော်။ ပြောရမယ်ဆိုရင် အနုပညာရှင်တွေက အယှဉ်မခံချင်တော့ပါ။ မြတ်နိုးကတော့ အရေးကြီးတယ်၊ လိုအပ်တယ်ဆိုရင် ဖြေပေးမှာပါ။

Voice : နောက်ထပ် ဇာတ်ကားရိုက်တွေရှိရင်လည်း ပြောပြပေးပါဦး။
MMN : လောကကြိုးဝိုင်း ၂ ဇာတ်ကားရိုက်ဖို့ ပြင်ဆင်နေပါတယ်။ ရှေ့မှာတုန်းက ဗီလိန်ပုံစံလုပ်ထားတယ်။ တစ်ခါမှ မမြင်ဖူးတဲ့သူတွေကတော့ သဘောကျကြပါတယ်။ အမြဲတမ်း ဆန်းသစ်မယ့်ကာရိုက်တာတွေပဲ ရိုက်နေကြဆိုတော့ လေထပ်ပြီးတော့လည်း ရိုက်စေချင်ကြတယ်။ 

Voice : တချို့တွေက တော့ ဆိုရှယ်မီဒီယာကနေ ကိုယ့်အတွက် ပွဲဆူအောင် လုပ်တတ်ကြတာရှိတယ်။ မြတ်နိုးကျတော့ အဲလိုမျိုး လုပ်တာ တစ်ခါမှ မတွေ့ဖူးဘူး။ ဆိုရှယ်မီဒီယာကိုရော ဘယ်လိုမျိုး အသုံးချလဲ။ 
MMN : မြတ်နိုးရဲ့ Follower တွေက ပေါ်ပင် မကြည့်ချင်ကြဘူး။ စိတ်မဝင်စားဘူး။ တကယ့် အနုပညာရှင်ကို Follow လုပ်တဲ့သူတွေကတော့ အနုပညာနဲ့ပတ်သက်တဲ့ အကြောင်းကိုပဲကြည့်ချင်တယ်လို့ မြတ်နိုးထင်ပါတယ်။ အဲဒါကြောင့် မြတ်နိုးကလည်း အနုပညာဖြစ်မယ့် အရာကိုပဲ ချပြဖြစ်တာပါ။ ဘာစားတယ်၊ ဘာသောက်တယ်။ ဘယ်သူနဲ့တွဲတယ်ဆိုတာကလည်း ဘယ်သူ့အတွက်မှလည်း အကျိုးမရှိပါဘူး။

ခင်ညိုညိုသိမ့်