News

POST TYPE

INTERVIEW

နေတိုးနဲ့ တွေ့ဆုံခြင်း
10-Jun-2019
“ကျွန်တော်တို့နဲ့လိုက်ဖက်မယ့် ဇာတ်ကောင်ဆိုတာထက်ကို ကျွန်တော်တို့ကိုယ်တိုင်က တကယ်ကို စိန်ခေါ်မှုများစွာနဲ့ အရမ်းကြီးကြိုးစားရမယ့် ဇာတ်ကောင်မျိုးဖြစ်ဖို့ ၉၀ ရာခိုင်နှုန်းလောက် များပါတယ်”



သရုပ်ဆောင်အကယ်ဒမီနေတိုးနဲ့ တွေဆုံခိုက် ယခုနှစ်အတွင်း မိုရီဆာကီဝင်းနဲ့ ရုပ်ရှင်အတူတူရိုက်ကူးမယ့်အကြောင်းနဲ့ အဲဒီဇာတ်လမ်းအကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : အစ်ကို မိုရီဆာကီဝင်းနဲ့ ဇာတ်ကားတစ်ကားရိုက်ဖို့ စီစဉ်နေတယ်ဆို။
NT : ဟုတ်တယ်။ Media 7 က ကြိုးစားနေတယ်။ ရိုက်ဖို့ အတွက်တော့ အကုန်လုံးအဆင်ပြေတယ်။ သဘောမတူစရာ အကြောင်းလည်း မရှိဘူး။ ကျွန်တော်တို့အနေနဲ့ အရမ်းလည်း ရင်ခုန်တယ်။ ပရိသတ်တွေအနေနဲ့ ကြည့်ချင်မယ်လို့ ထင်တယ်။

Voice : ဇာတ်လမ်းရော အသင့်ဖြစ်ပြီလား။
NT : ဇာတ်ကားရိုက်ကူးဖို့အတွက် ပထမအကြိမ်ရေးထားတဲ့ ဇာတ်မှာ ဆင်ဆာပိုင်းအရ အနည်းငယ်ငြိနေလို့ ဇာတ်ညွှန်းဆရာက ဇာတ်အသစ်ထပ်ရေးပေးနေတယ်။

Voice : ကာရိုက်တာပိုင်းရော အပြောင်းအလဲလေးမြင်ရဦးမလား။
NT : ဒီဇာတ်ကားဟာ ကျွန်တော်တို့နှစ်ယောက်လုံးအတွက် ကာရိုက်တာ အပြောင်းအလဲတွေဖြစ်အောင် လုပ်သွားမှာ၊ ဇာတ်လမ်းကတော့ ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့ ကာရိုက်တာကို ချိန်းသွားစေမယ့် ဇာတ်လမ်းမျိုးပဲ ဖြစ်မှာပါ။ ဒါရိုက်တာက ဩရသဖြစ်တယ်။ ကျွန်တော်တို့နဲ့ လိုက်ဖက်မယ့် ဇာတ်ကောင်ဆိုတာထက်ကို ကျွန်တော်တို့ ကိုယ်တိုင်က တကယ်ကို စိန်ခေါ်မှုများစွာနဲ့ အရမ်းကြီး ကြိုးစားရမယ့် ဇာတ်ကောင်မျိုးဖြစ်ဖို့ ၉၀ ရာခိုင်နှုန်းလောက်များပါတယ်။ အဲ့လိုမျိုးဘက်ကိုပဲ ဦးတည်ထားတယ်။ ကိုယ်နဲ့လိုက်တဲ့ ဇာတ်ရုပ်တွေကို လုပ်ခဲ့တာများပြီဆိုတော့ ကိုယ်နဲ့မလိုက်ဖက်တဲ့ဇာတ်ကောင်တစ်ခုကို လိုက်ဖက်အောင်ကြိုးစားခွင့် ကြိုးစားဖို့ပိုများပါတယ်။ 

Voice : အဝင်းနဲ့ရော ပြောဆိုချိတ်ဆက်ပြီးသွားပြီလား။
NT : သူနဲ့အပြင်မှာမဆုံဖူးသေးဘူး။ သူက အရမ်းပျော်တတ်တယ်။ ပေါ့ပေါ့ပါးပါးနဲ့။ လူတွေကို ပျော်ရွှင်စေတဲ့ လူတစ်ယောက်လို့ မြင်ပါတယ်။ ကာရိုက်တာတစ်ခုကို သရုပ်ဆောင်တာကိုတော့ မကြည့်ဖူးသေးဘူးပေါ့နော်။ ဒါပေမဲ့လည်း သူ့ရဲ့ အပြင်ပုံစံကို ကြည့်ခြင်းအားဖြင့် အရမ်းပျော်ရွှင်စရာကောင်းပါတယ်။ ကျွန်တော့် အနေနဲ့ သူ့ရဲ့အင်တာဗျူးတွေ ခဏခဏကြည့်ရတယ်။ အင်တာဗျူးဖြေရင် သူ့စိတ်ကို မြင်ရတယ်။ လူတစ်ယောက်က စကားပြောကြည့်လိုက်တယ်ဆိုရင်ပဲ အတွင်းစိတ်ကို သိသာစေတယ်ဆိုတော့ သူရဲ့စိတ်က ဖြူစင်ပြီးတော့မှ ပျော်ရွှင်စရာကောင်းတဲ့ စိတ်အခံရှိတယ်။ နောက်ပြီးတော့ သူလုပ်တဲ့ အလုပ်တိုင်းကို စေတနာပါမိနေတယ်လို့ ကျွန်တော်မြင်တယ်။

မြင့်မြတ်စိုး