News

POST TYPE

INTERVIEW

ပိုင်ဖြိုးသုနဲ့ တွေ့ဆုံခြင်း
10-Jun-2019
“သူများနိုင်ငံရဲ့ အထင်ကရနေရာတွေမှာ ကိုယ့်မြန်မာဝတ်စုံနဲ့ ဓာတ်ပုံရိုက်ချင်တဲ့စိတ်လေး သုသုမှာ ရှိတယ်”



နာမည်ကျော်သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ တွေ့ဆုံခိုက် လန်ဒန်သွားရောက်ပြသခွင့်ရရှိခဲ့သော မီရုပ်ရှင်အကြောင်းနဲ့ နောက်ထပ်ရိုက်ကူးဦးမယ့် ရုပ်ရှင် ဇာတ်ကားတွေအကြောင်းနဲ့ သူများနိုင်ငံတွေရောက်တိုင်း မြန်မာဝတ်စုံကို ရွေးဝတ်ဖြစ်တဲ့အကြောင်းတွေကို မေးမြန်းထားပါတယ်။

Voice : လန်ဒန်မှာ မီရုပ်ရှင်ကားကို ပြသခွင့်ရတယ်။ ကိုယ်တိုင်လည်း တက်ရောက်ခွင့်ရတဲ့ ခံစားချက်လေး ပြောပြပေးပါဦး။
PPT : သုသုတို့ရဲ့ မီရုပ်ရှင်ကားကို ပြသခွင့်ရခဲ့တယ်ပေါ့နော်။ အဲဒီအတွက်လည်း သုသုတို့က ပျော်ရတာပေါ့နော်။ တခြားနိုင်ငံတွေကလည်း ရှိတယ်။ တာဝန်ရှိတဲ့သူတွေလည်း လာကြည့်ကြတယ်။ မီကိုကြည့်ပြီးတော့ ကောင်းတယ်ပြောကြတယ်။ ဘာပဲပြောပြော မြန်မာတစ်ယောက်အနေနဲ့ ပျော်တာပေါ့နော်။ ဂုဏ်လည်းယူတယ်။ ကိုယ့်နိုင်ငံက ရုပ်ရှင်ဇာတ်ကားတစ်ကားကို သူတို့တွေ အသိမှတ်ပြုပေးကြတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ 

Voice : နောက်တစ်ခု ထူးခြားတာက လန်ဒန်ရောက်နေတဲ့အချိန်မှာ ကိုယ့်မြန်မာဝတ်စုံလေးကို မြတ်မြတ်နိုးနိုးဝတ်ဖြစ်တဲ့ အကြောင်းလေးလည်း ပြောပါဦး။
PPT : သုသုမှာ မသေခင်လုပ်သွားချင်တဲ့ အရာလေးတွေ ရှိတယ်ပေါ့နော်။ သူများနိုင်ငံသွားရင် ဒီအတိုင်းကိုယ့်ကို ဈေးသွားဝယ်တာ ရှော့ပင်ထွက်တာ အပျော်သွားတာတို့ ဆိုရင် ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့ကုတ်က အင်္ကျီတွေ ဘာတွေဝတ်တယ်။ တကယ့်သူတို့ဆီက အထင်ကရနေရာတွေ သွားတာမျိုးဆိုရင် မြန်မာအင်္ကျီလေးတွေ အမြဲဝတ်တယ်။ ထည့်သွားတယ်။ သူများနိုင်ငံရဲ့ အထင်ကရနေရာတွေမှာ ကိုယ့်မြန်မာဝတ်စုံနဲ့ ဓာတ်ပုံရိုက်ချင်တဲ့စိတ်လေး သုသုမှာ ရှိတယ်။ ဖြစ်ချင်တာလုပ်ချင်တဲ့ စိတ်ထဲက ဘယ်နိုင်ငံသွားသွား ယူသွားတယ်။ 

Voice : မိုးကုတ်မှာလည်း ထပ်ပြမယ်လို့ သိရတယ်။ အဲဒါလေးလည်း ပြောပေးပါဦး။
PPT : မိုးကုတ်မှာလည်း ပြတယ်၊ အမှန်တိုင်းပြောရင် သုသုတော့ သေချာမသိဘူး။ မေမေတို့ Production ကိုပဲ တိုက်ရိုက်ဆက်သွယ်လာတယ်။ မေမေတို့ သိတယ်။ ကိုဏကြီးတို့သိတယ်။ သုသုတော့ မသိဘူး။ 

Voice : ပရိသတ်တွေကလည်း ဘာကားတွေ ထွက်လာဦးမလဲဆိုတာကို စောင့်နေကြတယ်ဆိုတော့ ဘာတွေများ ထပ်လုပ်ဖို့ရှိသေးလဲ။
PPT : သုနဲ့ ကိုဏကြီးတို့လည်း ဇာတ်ကားတွေအတွက် ကြိုးစားနေတယ်ပေါ့နော်။ ရိုက်ဖို့လေးတွေလည်း ရှိပါတယ်။ စရိုက်ဖြစ်တော့မယ်ဆိုရင် သုသုတို့ ပြောပါမယ်ရှင့်။ ဆရာမဂျူးဝတ္ထုကို ရိုက်ဖို့တော့ရှိတယ်။ ဒါပေမဲ့ အကြောင်းအရာကိုတော့ သုသုဖြေလို့ မရသေးလို့ပါ။ ထုတ်လုပ်ရေးကရော၊ ဒါရိုက်တာရော မဖြေခိုင်းဘူး။ 

Voice : ပရိသတ်ကိုကော ဘာတွေများ ကြိုပြောထားချင်သေးလဲ။
PPT : သုသုကတော့ တာဝန်ကျေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် အစွမ်းကုန်ကြိုးစားနေပါတယ်။ 

ခင်ညိုညိုသိမ့်