News

POST TYPE

INTERVIEW

သရုပ်ဆောင်အဆိုတော် ယုန်လေးနဲ့တွေ့ဆုံခြင်း
09-Jun-2019
“အစ်ကိုတစ်ယောက်ကပြောတယ်။ မင်းတို့က အင်တာတိန်းမန့် လုပ်မှာလား၊ ကျောင်းဆရာလုပ်မှာလားတဲ့ ။ အဲစကားကို ကျွန်တော် အရမ်းကြိုက်သွားတယ်။ မက်ဆေ့ချ်က ပေးချင်လည်းပေးမယ်။ မပေးချင်လည်း မပေးဘူး။ အင်တာတိန်းမန့်ကို ဦးတည်တယ်”



သရုပ်ဆောင်အဆိုတော် ယုန်လေးနဲ့တွေ့ဆုံခိုက် သတိအန္တရာယ်ရှိသည်ရုပ်ရှင်ဇာတ်ကား ရုံတင်ရက်နောက်ကျခြင်းအကြောင်းနဲ့ ဆင်ဆာ အပိတ်ခံရတဲ့ အကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : သတိအန္တရာယ်ရှိသည် ရုပ်ရှင်ကား ရုံတင်ရက်ရဖို့ ဘယ်လောက်စောင့်လိုက်ရလဲ။
YL : ရုံတင်ဖို့က ဆင်ဆာထိတယ်။ ရုံရက် မရတော့ သုံးလ၊ လေးလလောက် အချိန်ကြာသွားတယ်။ တကယ်လို့ မြန်မြန် ဆန်ဆန်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့က ဒီထက်ပိုပြီးတော့ ရုံတင်ရက် စောမှာ။ ဒါပေမဲ့လည်း ကျေနပ်ပါတယ်။ ကျွန်တော်တို့ တစ်ကားလုံး အပိတ်မခံရဘဲ ရုံပေါ်ရောက်လာလို့ ကျေနပ်ပါတယ်။

Voice : သတိ အန္တရာယ်ရှိသည်ရဲ့ အဓိပ္ပာယ်လေး ရှင်းပြပေးပါဦး။
YL : ဒါက ဘယ်သူမဆို အန္တရာယ်ရှိတယ်လေ။ သူ့ဘာသာသူနေ၊ ကိုယ့်ဘာသာကိုနေ သူ့အထာနဲ့သူ ကိုယ့်အပိုင်းနဲ့ကိုယ် မဟုတ်မခံတွေလည်းရှိတယ်။ သွားရင့်တာတို့၊ ကျော်တာတို့က လူတိုင်းအတွက် အန္တရာယ်ရှိတယ်လေ။ အဲလိုမျိုးလေးတွေ ကျွန်တော်တို့ အပြင်မှာလည်း ပြောနေတယ်။ သတိအန္တရာယ်ရှိသည်ကို ကြိုက်တယ်။ နာမည်ပေးရင်းနဲ့မှ ကျွန်တော့်သူငယ်ချင်း G -Tone ဆိုထားတာ ရှိတယ်။ ဘာပဲပြောပြော သူလည်း မှတ်ပုံတင်ထားတာမဟုတ်။ ကျွန်တော်လည်း မှတ်ပုံတင်ထားတာမရှိဘူး။ ဒါပေမဲ့လည်း ကျွန်တော့်သူငယ်ချင်းအချင်းချင်းက စည်းရှိတော့ G -Tone နာမည် ပေးထားတယ်။ သူသီချင်းအရင်ထွက်ထားတယ်။ ဒီသီချင်းလေးကို သုံးတဲ့သဘောလေး ဖြစ်သွားတယ်။ နာမည်ရောပဲပေါ့။ 

Voice : ဇာတ်ကားနာမည်အရ ဘာကို မက်ဆေ့ချ်ပေးချင်တာလဲ။
YL : အစတုန်းကတော့ ဘာမက်ဆေ့ချ်၊ ညာမက်ဆေ့ချ် ဆိုတာမရှိဘူး။ ကျွန်တော် ဒီလောကထဲစဝင်တော့ ကျွန်တော့်အစ်ကိုတစ်ယောက်က ပြောတယ်။ အဲလိုမက်ဆေ့ချ်တွေက ကျွန်တော်တို့ကားကို ရက်ပါတွေ အခြေခံကြိုးစားပေါ့နော်။ ကိုယ့်သမိုင်းကိုယ်ရေးကြသူများရိုက်တုန်းကပေါ့။ ကျွန်တော်တို့ ဘာမက်ဆေ့ချ်မှ မပေးထားဘူး အစ်ကိုပေါ့။ ကျွန်တော့်ကို သူသင်ပေးပါတယ်။ အဲတော့ မင်းတို့က အင်တာတိန်းမန့်လုပ်မှာလား၊ ကျောင်းဆရာလုပ်မှာလားတဲ့။ အဲစကားကို ကျွန်တော်အရမ်းကြိုက်သွားတယ်။ မက်ဆေ့ချ်က ပေးချင်လည်းပေးမယ်။ မပေးချင်လည်း မပေးဘူး။ အင်တာတိန်းမန့်ကို ဦးတည်တယ်။ အမြဲတမ်းလည်း ကျွန်တော်တို့ ရမ်းကားနေလို့တော့ မရဘူးပေါ့နော်။ ကျွန်တော်တို့ အဓိပ္ပာယ်ရှိတဲ့အရာ ပရိသတ်ကို ပေးချင်တဲ့မက်ဆေ့ချ်လည်းရှိတဲ့ကားလည်း ရှိမှာပေါ့။ ရှိတဲ့ကားဆိုရင်လည်း ထိထိရောက်ရောက်ကိုပေးတဲ့ဟာအတိုင်းကို လူတွေက တကယ်သိအောင် နားဝင်အောင် ကျွန်တော်တို့ ပြောတဲ့အတိုင်း မှန်ပါလား၊ ဟုတ်ပါလားဆိုတာကို ငါတို့မလုပ်ခဲ့ဘူးဆိုတာကိုပေးမယ့် ဟာကသက်သက်ပေါ့။ အမြဲတမ်း အဲလိုအတွက်တော့ ကျွန်တော်တို့လုပ်မနေဘူး။ အင်တာတိန်းမန့်ကို ဦးတည်ပြီးတော့ ဆင်ဆာပိတ်တာတွေ မပိတ်တာတွေ ဘေးဖယ်ထားတယ်။ လွတ်လွတ်လပ်လပ် တွေးမယ်။ ဖန်တီးမယ်။ တွေးမှပဲ အတွေးတွေက သစ်ပြီးတော့ ထွက်လာမယ်။ ဒီလိုတွေးလိုက်လို့ ဆင်ဆာဖြတ်မှာပဲဆိုရင် အပိတ်ခံရမယ်ပေါ့။ ကျွန်တော့်ကားတော်တော်များများ ဆင်ဆာအပိတ်ခံရတယ်။ အခုဇာတ်လမ်းတင်ထားတဲ့ ကားတွေလည်း အပိတ်ခံရတာတွေလည်းရှိတယ်။ ဒါပေမဲ့လည်းရှေ့ဆက်ရဦးမှာပဲ။ ဒီဟာကြီးကိုပိတ်ပြီး ဒါကြီးကို မပေးဘူးဆိုရင် ဒီလောကကြီးထဲက ထွက်ဖို့ပဲရှိတယ်။ လုပ်ချင်တိုင်းလုပ်လို့မရတာကို လုပ်လို့ရသလောက်လေးကို ကြိုးစားပြီးရှေ့ဆက်သွားရမယ်။ အားလုံး စိတ်မကောင်းဖြစ်ရမယ်။ ပျော်ရမယ် ဆိုအားလုံးပျော်ရမယ်။ အားတက်ရမယ်ဆိုလည်း အရမ်းအားတက်ရမယ်။ ဖြစ်ရမယ်လို့ ယုံကြည်တယ်။ 

Voice : ဒါဆိုရင် သတိအန္တရာယ်ရှိသည် ဇာတ်ကားကို ဘယ်လိုအာမခံထားမလဲ။
YL : ရှေ့ပိုင်းကြည့်လိုက်လို့ နောက်ပိုင်းမှန်းလို့ရပြီ။ ဒါက ဒီလိုရှိတယ်။ ဒီလိုဖြစ်တော့မယ်ကွာလို့ အဲလိုမျိုးဖြစ်ရင် ကျွန်တော် ကျရှုံးတာ။ အဲလိုလုံးဝဖြစ်မယ့်ဇာတ်ကားမျိုး မဟုတ်ပါဘူး။ ကျွန်တော့်အစ်ကိုပရိုဂျူဆာတွေနဲ့ အမြဲတမ်းအငြင်းအခုံ ဖြစ်လေ့ရှိတယ်။ တော်တော်များများ မြန်မာကားမှာထွေလာထဲမှာ အကောင်းဆုံးအခန်းတွေ ထည့်ထားတယ်။ ရယ်စရာကောင်းရင်လည်း အကောင်းဆုံးအခမ်းအနားဆုံး လုပ်ထားတယ်။ ရုပ်ရှင်ရုံထဲသွားကြည့်လို့ရှိရင် ထွေလာထဲလောက်ကြည့်ပြီးသွားရင် လုံလောက်ပြီ။ ဒီထက်ရယ်ရတာ ဒီထက်ကောင်းတဲ့ အခန်းမရှိတော့ရင် အဲဒါကျရှုံးတာပဲ။ အဲဒါကြောင့်အဆဲခံရတာ။ အချို့အရာတွေ ချန်ထားခဲ့ပြီးတော့မှ ရုပ်ရှင်ရုံထဲရောက်တော့မှ ဟာခနဲဖြစ်ပြီးတော့ ကျေနပ်လောက်တဲ့အထိ ထပ်ရမယ်ဆိုရင် ဒါကတော့ ရုပ်ရှင်ကို ကြည့်ချင်သွားမှာပေါ။ ပြသင့်သလောက်ပြမယ်။ ရှိတာချကျွေးလို့မရဘူး ဇာတ်လမ်းမြှုပ်ထားမယ့်အကွက်တွေရှိတယ်။ ကျွန်တော့်ကားမှာတော့ ချန်ထားပါတယ်။ ရုံထဲရောက်ရင်တော့ ဟေး …. ဟား ….. တော့ ဖြစ်မှာပါ။ 

ခင်ညိုညိုသိမ့်