News

POST TYPE

INTERVIEW

ပိုပိုနဲ့ တွေ့ဆုံခြင်း
07-Jun-2019
“သိန်းတစ်သောင်းခွဲပေါက်တဲ့နေ့ကျရင် မယ်သီလရှင်ထပ်ဝတ်မယ်လို့ စိတ်ကူးထားပါတယ်။ မပေါက်မချင်းတော့ မဝတ်ဘူး”



တေးသံရှင်ပိုပိုနဲ့တွေ့ဆုံခိုက် သီလရှင်ဝတ်ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ကတုံးဖက်ရှင်တွေ အလန်းစားတွေ ထပ်လုပ်ဖို့ရှိလားဆိုတာတွေကို မေးမြန်းထားပါတယ်။ 

Voice : စစ်ကိုင်းမှာ သီလရှင်ဝတ်ခဲ့ရတဲ့ အတွေ့အကြုံလေး ပြောပြပေးပါဦး။ 
PP : သီလရှင်ဝတ်တာကတော့ အေးချမ်းမှုအပြင် တရားပါ နည်းနည်းရသွားတာပေါ့နော်။ အကယ်၍ လူတွေကအလှအပတွေမလုပ်ဘူး၊ ရေမွှေးတွေ မဆွတ်ထားဘူးဆိုရင် အနံ့တွေထွက်နေပြီးတော့ မကောင်းဘူး။ အပုပ်ကောင်ကို ရုပ်ဆောင်ထားတာပေါ့။ မတတ်နိုင်ဘူးလေ ပိုပိုတို့က လူ့လောကမှာနေတယ်။ ဒီလိုပဲ နေရမှာပေါ့နော်။ ဘယ်လိုပြောရမလဲ တရားထိုင်ဖို့ကို နည်းနည်းတော့ စလုပ်နေရပြီပေါ့နော်။ ဒီထက်မက တရားတွေထိုင်ရမယ်။ အကျင့်လုပ်ရမယ်။ ကုသိုလ်ကို အကျင့်လုပ်ပြီးတော့မှ လုပ်ရမယ်။ ဘယ်ချိန်မှာ သေမယ်မှန်း မသိဘူး။ သေမယ့်အချိန်မှာ အကောင်းဆုံးဖြစ်အောင် ငါဘယ်လိုလုပ်မလဲဆိုတာကို သိလာရတယ်။ 

Voice : အနုပညာရှင်ဆိုတော့ ကတုံးနဲ့နေရတာကော ကြိုက်လား။ ဆံပင်တုတပ်တာလည်း မတွေ့ဘူး။
PP : အရမ်းအေးတဲ့အချိန်မျိုးဆို အေးအေးလေးဖြစ်နေတယ်။ ပူတဲ့အချိန်မှာတော့ နေရတာ တော်တော်ကောင်းပါတယ်။ အရမ်းအဆင်ပြေတယ်။ ဆံပင်အတုကတော့ နောက်တော့ တပ်မှာပေါ့နော်။ တစ်သက်လုံး ဆံပင်အရှည်ကြီးနဲ့ လှလာခဲ့ပြီးသွားပြီပေါ့နော်။ ကတုံးလေးနဲ့ လှဦးမယ်ဆိုပြီးနေတာပေါ့။ အဓိကတော့ ဂေါ်တာကိုကြိုက်ပေါ့နော်။ ဂေါ်တာကို ကြိုက်လို့ ကတုံးဖက်ရှင်နဲ့နေတာပါ။ ဖက်ရှင်ကတော့ ကိုယ့်ဘာသာ စဉ်းစားတာပေါ့နော်။ မိုက်အောင် ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ ကိုယ့်ကို ဖက်ရှင်ပိုင်းကို စဉ်းစားပြီး ဝတ်ရတာပေါ့။ ဝိတ်ကလည်း လေးပေါင်လောက်ကျသွားတယ်။ နည်းနည်းလေး ပိန်သွားတယ်။ 

Voice : ကတုံးဖက်ရှင်နဲ့ပဲ ဘာတွေလုပ်ဖို့ရှိသေးလဲ။
PP : ကတုံးနဲ့ပဲအမိုက်စားလုပ်ဖို့ရှိပါတယ်။ သီချင်းတစ်ပုဒ်လုပ်မယ်။ ကတုံးနဲ့ စိတ်ကူးထားတယ်။ ပရိသတ်တွေ မခန့်မှန်းထားတဲ့ အဆိုတော်တစ်ယောက်နဲ့လည်း လုပ်မယ်လို့ စိတ်ကူးထားတယ်။ သီချင်းကတော့ မရေးရသေးဘူး။ စိတ်ကူးထားတာ။ MTV တွေ ဘာတွေတောင် စိတ်ကူးပြီးသွားပြီ။ သီချင်းရေးဖို့ပဲ ကျန်တော့တယ်။ စမှာပါ။ ဒါပေမဲ့ နည်းနည်းတော့ အချိန်ကြာဦးမှာပါ။ 

Voice : နောက်ထပ်ရော သီလရှင်ဝတ်ဖို့ စိတ်ကူးရှိသေးလား။
PP : ပိုပို စဉ်းစားပါတယ်။ သိန်းတစ်သောင်းခွဲပေါက်တဲ့နေ့ကျရင် မယ်သီလရှင်ထပ်ဝတ်မယ်လို့ စိတ်ကူးထားပါတယ်။ မပေါက်မချင်းတော့ မဝတ်ဘူး။ 

Voice : ရုပ်ရှင်တွေလည်း ကြိုက်တယ်လို့လည်း သိရတယ်။ မြန်မာကားကြိုက်တာလား၊ နိုင်ငံခြားကားတွေ ကြိုက်တာလား။
PP : ရုပ်ရှင်ကားတွေ တော်တော်များများတော့ ကောင်းပါတယ်။ ပိုပိုကြိုက်တာက သရဲကားတွေ ကြိုက်တယ်။ ဆူပါဟီးရိုးတွေ ကြိုက်တယ်။ ကာတွန်းကြိုက်တယ်။ Disney ကနေ ထွက်တဲ့ဟာ တော်တော်များများကြိုက်တယ်။ အာလာဒင်ကြည့်တယ်။ မြန်မာကားတွေကတော့ သိပ်မကြည့်ဖြစ်ဘူး။ အကုန်ကောင်းမယ်ထင်ပါတယ်။ 

ခင်ညိုညိုသိမ့်