News

POST TYPE

INTERVIEW

Dr. Hung Chi Chen နှင့် တွေ့ဆုံခြင်း
05-Jun-2019
မျက်လုံး၊ နားရွက်နှင့် ကျောရိုးမူမမှန်သည့်ရောဂါ

“ဒီရောဂါဖြစ်တာဟာ မိခင်ရဲ့အသက်နဲ့လည်းဆိုင်သလို မိခင်ရဲ့ မျိုးရိုးဗီဇနဲ့လည်း ဆိုင်တယ်”



ထိုင်ဝမ် စီးပွားရေးလုပ်ငန်းရှင် Dr. Hung Chi Chen နှင့် China Medical University Hospital တို့ပူးပေါင်း၍ အသက် ၁၁ နှစ်အရွယ် မျက်လုံး၊ နားရွက်နှင့် ကျောရိုးမူမမှန်သည့် ရောဂါရှိသည့် မဆုလတ်ထွေးအား ၂၀၁၈ ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံ၌ ဆေးကုသပေးခဲ့သည်။ အဆိုပါကုသမှုကို အပိုင်းနှစ်ပိုင်းခွဲ၍ ကုသမှုပြုလုပ်ခဲ့ပြီးနောက် လက်ရှိကလေးငယ်၏ အခြေအနေနှင့်ပတ်သက်၍ China Medical University Hospital မှ ဆေးရုံအုပ် Dr. Hung Chi Chen နှင့် The Voice Daily က မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကလေးရဲ့ ရောဂါအခြေအနေတွေကို ရှင်းပြ ပေးပါဦး။
Dr.HCC : ဒါကတော့ မွေးရာပါရောဂါတစ်မျိုးပေါ့။ ဒါ့အပြင် သူ့ကိုခွဲစိတ်မယ်ဆိုရင် အပိုင်းလိုက်ခွဲပြီးမှ ခွဲစိတ်ရတဲ့ ရောဂါတစ်ခုပါ။ ဥပမာ - မျက်စိမှာဖြစ်တယ်ဆိုရင် ကျန်တဲ့အပိုင်းတွေမှာလည်း ထိခိုက်မှုရှိတယ်။ သူ့ရဲ့မျက်စိမှာဆိုရင် အကျိတ်တစ်ခုရှိတယ်။ အဲဒီ အကျိတ်က အသက်ကြီးလာတာနဲ့အမျှ အကျိတ်က ကြီးလာတတ်တယ်။ ကြီးလာပြီး မျက်စိတစ်ခုလုံးကွယ်တဲ့အထိ ဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ သူ့ရဲ့ ပါးတစ်ခြမ်းကလည်း ကောင်းစွာဖွံ့ ဖြိုးမှုမရရှိတဲ့အတွက် အပေါ်သွားဖုံးနဲ့ အောက်သွားဖုံးက စေ့လို့မရဘူး။ နားရွက်ဆိုရင် မွေးလာကတည်းက မပါလာတာ။ ပြီးတော့ မျက်ရိုးက ကောင်းကောင်းဖွံ့ဖြိုးမှုမရဘူး။ နောက်ပြီး ကျီးပေါင်းအရိုးတွေကအစ ထိခိုက်နိုင်တယ်။ ဒီရောဂါဖြစ်ပြီဆိုရင် အဓိကဖြစ်နိုင်တဲ့နေရာက မျက်စိ၊ ပါးရိုး၊ နားရွက်၊ ကျီးပေါင်းရိုးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတယ်။ တစ်ခုစဖြစ်ရင် နောက်တစ်ခုက တွဲလာတယ်။ ဒါကတော့ မွေးရာပါကလေး ဖြစ်လေ့ဖြစ်ထရှိတာ တစ်သောင်းမှာ တစ်ယောက်လောက် ရှိတယ်။ 

Voice : ဒီလိုဖြစ်ရတာက အစားအသောက်၊ အနေအထိုင်တွေနဲ့ ဆိုင်ပါသလား။
Dr.HCC : ဒီရောဂါဖြစ်တာဟာ မိခင်ရဲ့အသက်နဲ့လည်း ဆိုင်သလို မိခင်ရဲ့မျိုးရိုးဗီဇနဲ့လည်းဆိုင်တယ်။ နောက်ပြီး သန္ဓေယူတဲ့အချိန်မှာ အဖိုနဲ့အမ မအောင်တာတွေ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေနဲ့ ဆိုင်ပါတယ်။ အတွင်းပိုင်းအင်္ဂါတွေနဲ့ဆိုရင် အဆုတ်၊ ကျောက်ကပ်တွေကအစ အကုန်လုံးထိခိုက်နိုင်တယ်။ အခု ကလေးမှာက အတွင်းပိုင်းအင်္ဂါ ထိခိုက်တာမရှိပေမယ့် အသက်ကြီးလာတဲ့အချိန် ထိခိုက်မှာစိုးတဲ့အတွက် ကျန်းမာရေးအခြေအနေတွေ စစ်ဆေးသွားပါမယ်။

Voice : ဒီလိုရောဂါက ကုသလိုက်တဲ့အခါမှာ လုံးဝပျောက်ကင်းသွားနိုင်တဲ့ ရောဂါမျိုးလား။
Dr.HCC : အခုလိုလုပ်ပြီးတဲ့နောက်ပိုင်းမှာ ဒီထက်ကောင်းသွားဖို့ပဲ ရှိပါတယ်။ မျက်စိအသားခွဲလိုက်ပြီဆိုရင် မျက်စိကို ပိုမိုမြင်ရအောင်ပဲ ကုသမှုလုပ်ရတာပေါ့။ နောက်ပြီး ပါးက လုံးဝမဖွံ့ဖြိုးတာဖြစ်တဲ့အတွက် အဲဒီအရိုးကိုဖယ်ထုတ်ပြီးမှ အရိုးအသစ်တည်ဆောက်ရမှာ၊ အရိုးအသစ်တည်ဆောက်ဖို့အတွက် ခြေထောက်မှာရှိတဲ့ အရိုးကိုယူပြီးတော့ တည်ဆောက်ရမှာ၊ သွားတွေကအစ ဖွံ့ဖြိုးမှုကောင်းစွာမရလို့ တစ်ခုလုံးဖယ်ပြီး ပြန်တည်ဆောက်ရမယ်။

Voice : ခွဲစိတ်မှုအဆင့်ဆင့်ဆိုတော့ ဘယ်လောက်ကြာခဲ့သလဲ။ ခွဲစိတ်မှုအပြီး ကလေးရဲ့ပြောင်းလဲမှုကရော။
Dr.HCC : ပထမအဆင့်နဲ့ ဒုတိယအဆင့်ပေါင်း လိုက်တာတော့ ၁၅ နာရီကြာတယ်။ ကလေးရဲ့စိတ်ပိုင်း အရဆိုရင် ကလေးက ပိုပြီးတော့ Confident  ရှိလာတယ်။ အရင်တုန်းက နားရွက်မရှိတော့ နားရွက်ကို ဆံပင်နဲ့အုပ်ထားခဲ့တာ။ အခုနောက်ပိုင်း နားရွက်တွေဖော်ရဲလာတယ်၊ ဓာတ်ပုံတွေရိုက်ရဲလာတယ်။ ပုံစံကအစ အရင်ကထက် ပိုလှပလာတယ်။ ဒီကလေးက မွေးလာကတည်းက သူ့ရဲ့နားက ဖွံ့ဖြိုးမှုကောင်း ကောင်းမရတော့ နားလုပ်ထားပေးပေမယ့် လက်ရှိမကြားရသေးပါဘူး။ ဒီအတွက် ခွဲစိတ်မှုလုပ်ရဦးမယ်။ အခု အပြင်ပိုင်းကိုပဲ အရင်ရအောင်လုပ်ပေးတာ။

Voice : ဒီကုသမှုအတွက် အခက်အခဲတွေ၊ အတွေ့အကြုံတွေရယ်နဲ့ နောက်တစ်ဆင့်ခွဲစိတ်မှုအတွက် ဘယ်လိုပြင်ဆင်ထားတာတွေရှိလဲဆိုတာ ပြောပြ ပေးပါဦး။
Dr.HCC : ပြီးခဲ့တဲ့ အပိုင်းနှစ်ပိုင်းက ပြဿနာ မရှိဘူး။ နောက် ၂ နှစ်ခွဲ ၃ နှစ်အကြာမှာခွဲမယ့် ခွဲစိတ်ကုသမှုက အရမ်းကြီးမားတယ်။ ဘာကြောင့်လဲဆိုတော့ နားမှာရှိတဲ့အရိုးနုတွေကို ရင်ဘတ်အောက်ကနေယူပြီး အစားထိုးရမှာဖြစ်တယ်။ လက်ရှိနားရွက်ရအောင် လုပ်ပေးထားတာ၊ နားထဲမှာရှိတဲ့ နားစည်ကို ပြန်ပြီး အသစ်ဖွဲ့စည်းပေးရမှာ။ နောက်တစ်ခု မေးရိုးမဖွံ့ဖြိုးတာကို ခွဲထုတ်ပြီး ခြေထောက်ကနေ ယူတပ်ရမှာဆိုတော့ လုပ်ရမယ့်ဖြစ်စဉ်က နည်းနည်းတော့ ခက်ခဲတယ်။ ဒါပေမဲ့ ယုံကြည်မှုအပြည့်ရှိထားပါတယ်။ နားရွက်တစ်ခုကိုလုပ်ဖို့ အနုစိတ်လုပ်ရမှာဖြစ်တယ်။ အဲဒီအပိုင်းမှာတော့ အခက်အခဲရှိတယ်။ ဒီကလေးက သူ့ရဲ့ရောဂါ တော်တော်ပြင်းထန်တဲ့အတွက်ကြောင့် ခွဲစိတ်မှုမစခင်ကတည်းက အားလုံးသေချာတိုင်ပင်ပြီး ခွဲခဲ့တာဆိုတော့ အကုန်လုံးအဆင်ပြေခဲ့ပါတယ်။ ဆလင်ဒါစောင်းနေတာကအစ အကုန်လုံးလုပ်ပေးခဲ့တယ်။ မျက်စိမြင်နိုင်ခြေလည်း တက်လာအောင်လုပ်ခဲ့တယ်။ ဒီထက်မက ကောင်းလာဖို့ပါပဲ။ အခု လက်ရှိပါးတွေမှာ အနာရွတ်တွေရှိတာကို အကုန်လုံးလှအောင် ပြန်လုပ်ပေးမယ်။ သွားတွေလည်း အကုန်ပြန်တည်ဆောက်ပေးမယ်။

Voice : ပြီးခဲ့တဲ့ ခွဲစိတ်မှုအပိုင်းတွေမှာ အားရကျေနပ်မှုရှိပါသလား။ ဒီလိုရောဂါမျိုးနဲ့ပတ်သက်ပြီး အရင်က အတွေ့အကြုံရော ရှိပါသလား။
Dr.HCC : သူ့ရဲ့ခွဲစိတ်မှုက နားရွက်ပိုင်းဆိုင်ရာ၊ သွားပိုင်းဆိုင်ရာ၊ မျက်စိပိုင်းဆိုင်ရာ၊ အရိုးပိုင်းဆိုင်ရာ အထူးကုတွေပူးပေါင်းပြီး လုပ်ဆောင်တာဖြစ်လို့ အားရကျေနပ်မှုရှိပါတယ်။ နောင်လာမယ့် ၃ နှစ် အတွက်ခွဲစိတ်မှုကိုပဲ ကြိုးစားနေပါတယ်။ ဒီလိုရောဂါမျိုးနဲ့ ခွဲခဲ့ဖူးတာ ၈ ယောက်လောက်ရှိတယ်။ အဲဒီကလေးတွေက တစ်နေရာမှာပဲဖြစ်ကြတာ၊ ဒီကလေးကတော့ နေရာသုံးနေရာမှာဖြစ်တာလေ။ ဒါက ပထမဆုံး အတွေ့အကြုံမဟုတ်ပါဘူး။ ဒီလိုရောဂါဖြစ်တဲ့ ပုံစံချင်းက တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူး။

Voice : ဒီလိုရောဂါမျိုးတွေဖြစ်တယ်လို့ သိတဲ့မိဘတွေအနေနဲ့ ဘယ်လိုကုသမှုမျိုးတွေလုပ်သင့်ပါသလဲ။
Dr.HCC : ဒါက စောစောကုရင် ပိုကောင်းတယ်။ ဒါပေမဲ့ တချို့အပိုင်းတွေကတော့ သူ့ရဲ့ သတ်မှတ်ထားတဲ့ အသက်အရွယ်ရောက်မှသာလျှင် ခွဲစိတ်မှုပြုရမှာပေါ့။ သွားတွေက ပုံမှန်လို ပိုးစားတာမျိုး မဟုတ်ဘူးဆိုရင် ချက်ချင်းကုသတာ ပိုကောင်းတယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ