News

POST TYPE

INTERVIEW

မေမီကိုကိုနဲ့ တွေ့ဆုံခြင်း
31-May-2019
“သုံးဆယ်မကျော်မချင်း အိမ်ထောင်မပြုဘူး။ အိမ်ထောင်ဖက်ကို နှလုံးသားနဲ့ရွေးချယ်မှာပါ။ ဦးနှောက်ကြီးနဲ့လည်း မဆုံးဖြတ်ဘူး။ ကိုယ်ချစ်နိုင်မယ့်သူကို ပဲရွေးချယ်မှာပါ”



ဇာတ်လမ်းတွဲမင်းသမီးလေးအဖြစ် ကျော်ကြားလာတဲ့ သရုပ်ဆောင်မေမီကိုကိုနဲ့ တွေ့ဆုံခိုက် လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့ အချစ်ရေးအကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : လတ်တလောအနုပညာလှုပ်ရှားမှု ဘာတွေလုပ်ဖြစ်နေလဲ။ 
MMKK : လိပ်ပြာနှောင်ကြိုးဇာတ်လမ်းတွဲလေး ရိုက်နေတယ်။ ပြီးတော့ နောက်ထပ်ရိုက်မယ့်ကားအတွက် မေမီ Casting ဝင်ထားတော့ ရင်ခုန်နေပါတယ်။ မျှော်လည်း မျှော်လင့်နေပါတယ်။ ဘာအတွက်လဲတော့ ကြိုပြီးတော့ မပြောချင်သေးလို့ပါ။ တကယ်လို့ မပါဖြစ်ရင် မကောင်းလို့ပါ။ အဲဒီကားလေးကတော့ မေမီအတွက်လည်း ရင်ခုန်ရမယ့်ကားလေးပါ။ Casting ဝင်တိုင်းတော့ မေမီတို့အတွက် အရမ်းကို တာဝန်ကြီးပါတယ်။ ရင်ခုန်ရတယ်။ Casting မှာ အဆင်ပြေမှပဲ On Air တက်ခွင့်ရှိတာလေ။ အစစအရာရာ ကြိုးစားရတယ်။ 

Voice : တချို့ကျတော့ ကာရိုက်တာနဲ့ အံဝင်မယ့် သရုပ်ဆောင်ကို တစ်ခါတည်းရွေးရိုက်တယ်နော်။ အခုလို Casting ဝင်ပြီးမှ ရိုက်ရတဲ့အခါ မတူညီတဲ့ ခံစားချက်လေးကိုပြောပေးပါဦး။
MMKK : မေမီတို့ကိုက By Name ခေါ်ဖို့က အရမ်းကို ရှားပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်၊ စီနီယာပဲဖြစ်ဖြစ်၊ ဂျူနီယာပဲဖြစ်ဖြစ် အကုန်လုံးက Casting အရင်ဝင်ရတယ်။ 

Voice : ဇာတ်လမ်းတွဲပြီးရင်ကော ရုပ်ရှင် ကားတွေ ရိုက်ဖို့ရှိသေးလား။
MMKK : လိပ်ပြာနှောင်ကြိုးနဲ့က ရိုက်ရက်က သိပ်မလွတ်ဘူးလေ။ အပြင်အလုပ်တွေကတော့ နည်းနည်းတော့ကျဲတယ်။ လာချိတ်ရင် ဖျက်လိုက်ရတာနဲ့ ရက်ရွှေ့လိုက်ရတာနဲ့များတယ်။ ဒီဇာတ်လမ်းတွဲ ပြီးရင်တော့ အပြင်ဟာတွေ ရိုက်ဖြစ်မယ်ထင်ပါတယ်။ ပရိသတ်တွေက မြိုင်ကို မမေ့သေးတဲ့အတွက် ကျေးဇူးတင်နေရပါတယ်။ 

Voice : ချစ်သူကရော ရှိနေပြီလား။
MMKK : အခု လောလောဆယ်တော့ မရှိသေးပါဘူး။ အချစ်သစ်ကတော့ ဖြစ်လာနိုင်ဦးမှာပါ။ လူပဲလေ ချစ်တတ်တဲ့ နှလုံးသား ရှိတယ်။ 

Voice : အချစ်ကြောင့် ရခဲ့တဲ့ သင်ခန်းစာရောရှိခဲ့လား။ နောက်ထပ် ရွေးမယ်ဆိုရင် ဘယ်လိုပုံစံမျိုး ရွေးချယ်ချင်တာလဲ။
MMKK : အရမ်းအယုံအကြည် မလွယ်ဖို့နဲ့ အရာရာကို စေ့စပ်အောင် ကြည့်ဖို့တော့ လိုတာပေါ့နော်။ ကိုယ်က မသိတော့ ခံရတာပေါ့။ နောက်ကွယ်မှာ သစ္စာဖောက်တာမသိတော့ ကိုယ်ခံရတာပေါ့။ အဓိက စိတ်ထားကောင်းရမယ်။ ရုပ်ချောတာမချောတာထက် စိတ်ထားကောင်းရင် ရုပ်မှာပေါ်တယ်။ လူတစ်ယောက်က မျက်နှာကြည်နေရော အဲဒါလေးကိုသဘောကျတယ်။ အလုပ်ကလေးရှိရမယ်။ ကိုယ်ယုံကြည်ရမယ့်လူ၊ ကိုယ့်ကို ယုံကြည်ပေးနိုင်မယ့်လူမျိုးကို ရွေးချယ်ချင်ပါတယ်။ အိမ်ထောင်ရေးကိုတော့ အသက်သုံးဆယ်ကျော်မှ စဉ်းစားမယ်။ သုံးဆယ် မကျော်ခင်ထိတော့ ရည်းစားလည်းထားဖို့ စိတ်ကူးမရှိပါဘူး။ လိုက်ပြီးတော့ မရှာပါဘူး။ အချိန်တန်ရင်တော့ ကိုယ့်ဆီကို ရောက်လာမှာပေါ့။ ဖူးစာပါခဲ့ရင် ရောက်လာမှာပါ။ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတဲ့ နှုန်းထားကတော့ အသက်သုံးဆယ်ကျော်ပေါ့။ ကံဆိုတာကလည်း လေကြီးပြီးတော့ တွေ့တော့မှ ကိုယ့်စကားနဲ့ကိုယ် ကိုယ့်ကိုပတ်သွားနိုင်တယ်။ မပြောသေးဘူး။ သေချာကတော့ သုံးဆယ် မကျော်မချင်း အိမ်ထောင်မပြုဘူး။ အိမ်ထောင်ဖက်ကို နှလုံးသားနဲ့ ရွေးချယ်မှာပါ။ ဦးနှောက်ကြီးနဲ့လည်း မဆုံးဖြတ်ဘူး။ ကိုယ်ချစ်နိုင်မယ့်သူကို ပဲရွေးချယ်မှာပါ။ 

ခင်ညိုညိုသိမ့်