News

POST TYPE

INTERVIEW

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးနှင့် တွေ့ဆုံခြင်း
31-May-2019
“လိုအပ်ချက်တွေကို အချိန်မီဆောင်ရွက်မပေးနိုင်ရင်တော့ ကျွန်တော်တို့ရဲ့ ဆန်စပါးလုပ်ငန်းက တစ်ပတ်ပြန်လည်ပြီးတော့ ကျဆင်းသွားမှာပဲ”



လက်ရှိဆန်ဈေးကွက်အတွင်း တရုတ်နိုင်ငံက မဝယ်သည့်အတွက် မူဆယ်ဆန်ဈေးကွက်မှာ ရပ်ဆိုင်းနေသည်။ စပါးမှာလည်း အသစ်များထွက်ပေါ်နေခြင်းကြောင့် အခြေခံစပါးဈေးအောက်သို့ အဆမတန်ရောက်နေသည်။ ထိုသို့သော ဆန်စပါးကဏ္ဍအတွင်း ဖြစ်ပေါ်နေသည့် အခက်အခဲများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဒုတိယဥက္ကဋ္ဌအပြင် မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးအောင်သန်းဦးနှင့် The Voice သတင်းစာက ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : လက်ရှိစပါးနဲ့ ဆန်ဈေးကွက်အခြေအနေလေး သိပါရစေ။ ပြီးတော့ အခြေခံစပါးဈေးနှုန်းကိစ္စကိုရော MRF အနေနဲ့ ဘယ်လိုလုပ်နေပါလဲခင်ဗျ။
UATO : ပထမဦးဆုံးကတော့လေ ဒီကိစ္စ (အခြေခံစပါးဈေးနှုန်း)ကို ၂၀၁၈ ခုနှစ်တုန်းက ကြေညာခဲ့တယ်။ ၂၀၁၈ က တစ်စုံတစ်ရာမပြောင်းမချင်း ကျွန်တော်တို့ က ဒီအတိုင်းပဲ သွားမယ်ဆိုပြီးတော့ ပြောထားတာလေ။ ဒါပေမဲ့ အခြေခံဈေးအောက်ရောက်သွားရင် လုပ်ပေးရမှာက MRF မဟုတ်ဘူး။ အစိုးရလုပ်ရမှာလေ။

Voice : ဒါဆို အခြေခံစပါးဈေး(တင်းတစ်ရာလျှင် ကျပ်ငါးသိန်း)သတ်မှတ်မှုက အခုချိန်ထိ အသက်ဝင်နေတာပေါ့။
UATO : ဟုတ်တယ်။ ကျွန်တော်တို့က ဆန်စက်ပိုင်ရှင်တွေနဲ့ ဆန်ကုန်သည်တွေကို ဒီဈေး (အခြေခံစပါးဈေး)နဲ့ ထိန်းဝယ်ပေးပါဆိုပြီး ကျွန်တော်တို့က မေတ္တာရပ်ခံလို့ရတယ်ဗျ။ ကျွန်တော်တို့က သူတို့ကို ငွေရေးကြေးရေးလည်း မပေးနိုင်ဘူး။ ဘာမှမပေးနိုင်ရင်တော့ တကယ်တအား(ဈေး)ပြုတ်ကျတဲ့အခါကျတော့ တကယ်မနိုင်တော့ဘူးလေ။ ကျွန်တော်တို့က ဒါကိုဝယ်ဖို့အတွက်လည်း နိုင်ငံတော်အစိုးရရဲ့ Revolving Fund (အစိုးရ ဘတ်ဂျက်) ကနေ ထုတ်ပေးဖို့ နဂိုထဲက တင်ပြထားပြီးသားပါ။ ဒါပေမဲ့ အခုချိန်ထိတော့ အစိုးရဘက်က ဘာမှတော့ လုပ်ပေးတာတော့ မရှိသေးဘူး။

Voice : ဒါနဲ့ပတ်သက်ပြီးတော့ အစိုးရကို အကြံပေးတာတွေများ လုပ်ထားသေးလား။
UATO : အကြံပေးတာတွေကတော့ အများကြီးပဲ။ ကြာပြီ။ (လွန်ခဲ့တဲ့)ခြောက်လ၊ ကိုးလလောက်တည်းက လုပ်ထားတာ။ ဒီနှစ် တရုတ်ပြည်က ဆန်အဝယ်နည်းလို့ ဒီလိုဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ဘက်က အစောကြီးတည်းက အစိုးရကို အသိပေးထားတာ။

Voice : လက်ရှိစပါးဈေးက မနှစ်ကထက်တင်း ၁၀၀ ကို ဘယ်လောက်ကျသွားလဲ။
UATO : မနှစ်ကဈေးနဲ့တော့ တစ်သိန်းလောက် ကွာတာပေါ့။ မနှစ်ကတော့ ငါးသိန်းခွဲ၊ ခြောက်သိန်း ပတ်ဝန်းကျင်။ ဒီနှစ်ကတော့ လေးသိန်းခွဲနဲ့ ငါးသိန်းပတ်ဝန်းကျင်မှာပဲရှိတယ်။ 

Voice : အခုက နွေစပါးအသစ်တွေကလည်း ထပ်ထွက်လာပြီ။ ဈေးကွက်ထဲ Supply များတော့မှာဆို တော့လေ စပါးဈေးထပ်ကျနိုင်ခြေရှိလား။
UATO : ထပ်တော့မကျနိုင်ပါဘူးဗျ။ အဓိကက စပါးဈေးဆင်းတာ နှစ်မျိုးရှိတယ်။ ငွေရေးကြေးရေးကျပ်တည်းတာ။ နောက် လျှပ်စစ်မီးမလာလို့ အခြောက်ခံစက်တွေ မလည်နိုင်တာ။ မိုးကလည်း ကျလာပြီဖြစ်တဲ့အတွက် ရိတ်တဲ့အခါ စပါးအစိုကြီးတွေပေါ့နော်။ နောက်တစ်ခုက တောင်သူတွေအနေနဲ့လည်း အရင်တုန်းကလို သူတို့ ဘက်ကလည်း မလုပ်တော့ဘူး။ တောင်သူတွေဘက်ကလည်း တတ်နိုင်သမျှ အခြောက်ခံတာတို့၊ ဘာတို့ လုပ်သင့်တယ်။ အားလုံး ကုန်သည်တွေ၊ စက်ပိုင်တွေချည်းပဲ မနိုင်ဘူးဗျ။ အားလုံး တစ်နိုင်တစ်ပိုင်နဲ့ ဝိုင်းလုပ်မှ ဒီကိစ္စတွေက အဆင်ပြေမှာလေ။

Voice : အခုလက်ရှိ မူဆယ်ဆန်ဈေးကွက်ကလည်း ရပ်နေတယ်။ ပြီးတော့ ဆန်အိတ်ရေ သိန်းနဲ့ချီပြီးတော့လည်း ပိတ်မိနေတာလည်းရှိတယ်။ အဲဒီတော့ ဒီဟာက အစ်ကို့အတွေ့အကြုံအရ ဆန်လောကအတွက် အကျပ်အတည်းတစ်ခုလို့ ပြောလို့ရမလား။
UATO : အရင်နှစ်က ၃ ဒသမ ၆၈ သန်း ပို့ခဲ့တာ။ နောက်ပိုင်းက နှစ်သန်းလောက်ပဲ ပို့ခဲ့တာဆိုတော့ မြန်မာပြည်ရဲ့ တကယ်ကျန်နေတဲ့ဆန်တွေကတော့ ပြည်တွင်းမှာ ကျန်နေတာပေါ့။ တရုတ်နယ်စပ်ကလည်း လက်ရှိက တရုတ်ကလည်း တရားဝင်ပဲလုပ်တာဆိုတော့ တရားဝင်လုပ်ဖို့ကျတော့လည်း သူတို့ကို ပေးရတဲ့အခွန်တွေနဲ့က မကိုက်ဘူးလေ။ ဒါကြောင့်မို့လို့ တရုတ်နယ်စပ်က ပြဿနာကတော့ မြန်မာပြည်ရဲ့ အဓိက ဆန်ဈေးကွက်ကို ရိုက်ခတ်တာပေါ့။ 

Voice : အခွန်တွေက ဘယ်လောက်များလို့ မကိုက်ဘူးပြောတာလဲ။
UATO : နှစ်မျိုးရှိတယ်။ တရားဝင်ပို့မယ်ဆိုရင် အခွန် ၆၀ ရာခိုင်နှုန်း။ Quota နဲ့ ပို့မယ်ဆိုရင်တော့ အခွန် Free ပေါ့။ အဲဒီတော့ ကျွန်တော်တို့က Quota များများရမှ တွက်ခြေကိုက်မယ်။ ဒီဘက်က အရောင်းအဝယ်လုပ်လို့ရမယ်။ တရားဝင်ကကျတော့ ခက်ခဲတယ်။ တရားဝင်ဆိုရင် ကျွန်တော်တို့ပြည်တွင်းမှာ ဈေးက ဘာမှကျန်မှာမဟုတ်ဘူး။ ၆၀ ရာခိုင်နှုန်း အခွန်ဆောင်ရမယ်ဆိုရင်လေ။

Voice : ၆၀ ရာခိုင်နှုန်းဆို အခွန်ပမာဏ ဘယ်လောက်ရှိမလဲ။
UATO : ဆန်တစ်တန်ကို (အမေရိကန်ဒေါ်လာ) ၆၀၀ ဆိုရင် ဒေါ်လာ ၁၈၀ အခွန်ဆောင်ပြီးမှ သွားလို့ရမယ်။ အဲဒါဆိုတော့ အရင်းကို မကိုက်တော့ဘူး။

Voice : ကျွန်တော်ပြောသလို အကျပ်အတည်းတစ်ခုရော ဖြစ်နိုင်မလားဗျ။ ဘယ်လိုအခြေအနေများ ဖြစ်နိုင်မလဲ။
UATO : ကျွန်တော်ကတော့ အဲလိုတော့ မဆိုပါဘူး။ ဒါကတော့ စိန်ခေါ်မှုပဲလေ။ ဈေးကွက်ဆိုတာတော့ စိုက်ပျိုးပိုလျှံတာတွေကိုရောင်းဖို့ ဈေးကွက်တွေနဲ့ ပိုမို ချိတ်ဆက်ထားဖို့လိုတယ်။ ဒါကတော့ စိန်ခေါ်မှုပေါ့။ ဒီစိန်ခေါ်မှုကနေပြီးတော့ နောက်ဘယ်လိုပြုပြင်မလဲဆိုတာတွေကိုတော့ ဆောင်ရွက်သွားရမှာပေါ့။

Voice : ပြုပြင်ပြောင်းလဲဖို့ ဘယ်လောက်အချိန်ယူရမလဲ။ ဘယ်လိုပြောင်းလဲရမလဲ။
UATO : ဒါကတော့ စိုက်ပျိုးထုတ်လုပ်မှုကိုလည်း ပုံစံပြောင်းရမယ်။ နောက်တစ်ခါ ပြည်ပနဲ့ပတ်သက်ပြီးတော့လည်း ဈေးကွက်အသစ်တွေ ရှာဖို့လုပ်ရမယ်။ နောက်တစ်ခုကလည်း လက်ရှိဈေးကွက်ဝင်တဲ့ စပါးမျိုးတွေကိုလည်း ထပ်ပြီးပြုပြင်ရဦးမယ်။ တကယ်ဝင်တဲ့စပါး ပြည်တွင်းအတွက်ရောပေါ့။ ပြည်တွင်းမှာဆို ပေါ်ဆန်းတို့ ဘာတို့က ရှိနေသေးတယ်။ တကယ် Export လုပ်တဲ့ဈေးကွက်ကို ချိန်ဆတွက်ချက်ရမှာပေါ့။ နောက်တစ်ခုကလည်း လုပ်သင့်တာက စပါးချည်းပဲ ဆက်တိုက်စိုက်ပျိုးမလား။ ဈေးကွက်ရှိတဲ့ တခြားမွေးမြူ ရေးလုပ်ငန်းတို့၊ ဟင်းသီးဟင်းရွက်တို့၊ သစ်သီးဝလံတို့ တချို့အပိုင်းတွေလည်း ပြုပြင်ပြောင်းလဲရမှာဆို ပြုပြင်ရမှာပေါ့။

Voice : တရုတ်ကို ဘယ်ဆန်တွေ အဓိကပို့နေလဲ။
UATO : အဓိကက မနောသုခရယ်၊ ရက် ၉၀ ရယ်။ ကချင်ပြည်နယ်ကထွက်တဲ့ တင်းသုံးတို့ ငစိန်တို့ ပို့တယ်။

Voice : တရုတ်ကို ဆန်တန် တစ်သိန်း Quota ရထားတာက ဘယ်တော့လောက်ပို့မှာလဲ။
UATO : အဲဒါတော့ အမြန်ဆုံးပို့ဖို့တော့ လုပ်နေတယ်။ ဒါပေမဲ့ အဲဒီဟာက ၂၀၁၆ ခုနှစ်တုန်းက ကုမ္ပဏီ ၁၁ ခု ပို့ဖို့ဆိုပြီးတော့ ကုမ္ပဏီတွေပိုင်တဲ့ ဆန်စက်တွေကို AQSIQ ကို ဆန်စက်တွေရဲ့သန့်ရှင်းမှု၊ အရည်အသွေး ဒါတွေကို စစ်ဆေးပြီးတော့ တင်ပြထားတာ ၁၁ ခုရှိတယ်။ အဲဒါတွေက ကျွန်တော်တို့လည်း သက်တမ်းမတိုးနိုင်ခဲ့ဘူး။ သက်ဆိုင်ရာ လယ်/ဆည်ဝန်ကြီးဌာနက နှစ်စဉ်လုပ်ရမယ့် Protocol တွေကို ပြင်ရမယ့်ဟာက နှောင့်နှေးနေတာကြောင့် အခုမှ အသစ်ပြန်လုပ်တာဖြစ်တဲ့အတွက် အခုထိတော့ ဆန်စက်တွေက စစ်ဆေးတာတွေ လုပ်နေတယ်။ ပြီးလို့ ဆန်စက်စာရင်းတွေ၊ Exporter စာရင်းတွေ ရတဲ့အခါကျရင်တော့ တရုတ်အစိုးရဆီကို တင်ပေးရမယ်။ တင်ပြီးမှ ပို့ဖို့ကို ဆက်လုပ်လို့ရမယ်။ 

Voice : ဒီ Process က ဘယ်လောက်ကြာနိုင်မလဲ။
UATO : အဲဒါတော့ သိပ်မကျွမ်းဘူး။ အမြန်ဆုံးတော့ ရဖို့ ကြိုးစားနေပါတယ်။ 

Voice : အခု ဆန်လက်ကျန်က ၃ သန်းလောက်ရှိတယ်။ နွေစပါးကလည်း ထွက်နေတုန်းပဲဆိုတော့ ဆန်လက်ကျန် ထပ်တိုးသွားနိုင်တယ်။ အဲဒီတော့ ဆန်လက်ကျန်က ဘယ်လောက်လို့ ခန့်မှန်းထားလဲ။
UATO : ရာသီကုန်ရင်တော့ ကျွန်တော်တို့က သုံးသန်းခွဲလောက်ရှိမှာပေါ့။ ဒါပေမဲ့လည်း ဒီကြားထဲမှာလည်း သွားနေပါတယ်။ ရပ်နေတာတော့ မဟုတ်ဘူး။ ပင်လယ်ရေကြောင်းဘက်ကတော့ ထွက်တော့ထွက်နေတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့။ 

Voice : ဒီနှစ် ပြည်ပတင်ပို့မှုကို ဘယ်လောက်လို့ မှန်းထားလဲ။
UATO : တန်ချိန် ၂ သန်း၊ ၂ သန်းခွဲလောက်တော့ မှန်းထားပါတယ်။

Voice : ဒါဆို ပြီးခဲ့တဲ့နှစ်တွေကထက် လျော့သွားမှာပေါ့။
UATO : ဟုတ်ပါတယ်။ 

Voice : ဈေးကွက်သစ်အနေနဲ့ ဖိလစ်ပိုင်ကို ထပ်ပို့ဖို့လုပ်နေတာကရော။
UATO : ဒီနှစ်မှာတော့ ဈေးကွက်အသစ်အနေနဲ့ ဖိလစ်ပိုင်နဲ့ မလေးရှားတို့ကတော့ ကျွန်တော်တို့ဆီက ပြန်ဝယ်လာတယ်။

Voice : ပမာဏဘယ်လောက်ဝယ်လဲ။
UATO : အဲဒါတော့ ဆောင်ရွက်ဆဲပဲ။ ပမာဏဘယ်လောက်လဲဆိုတာတော့ လုပ်ဆောင်နေဆဲပဲ။

Voice : ဒီနှစ်က တရုတ်ကိုလည်း ဆန်အပို့နည်းလို့ ဆန်ဈေးကျတယ်။ စပါးအထွက်များလို့ စပါးဈေးကျနေတယ်ဆိုတော့ ဘယ်လိုအခြေအနေဆက်ဖြစ်ဦးမလဲ။
UATO : အဲဒါကတော့ လိုအပ်တဲ့ ရင်းနှီးငွေရတာတို့၊ ပြီးတော့ အားလုံးဝိုင်းလုပ်ဖို့လိုတာပေါ့ဗျာ။ စပါးဆိုလည်း အခုပေါ်လာတဲ့အချိန်မှာ ကုန်သည်တွေ၊ စက်ပိုင်တွေမဝယ်လည်း တတ်နိုင်တဲ့သူတွေက ဝယ်ပေးဖို့။ တောင်သူလယ်သမားတွေအနေနဲ့လည်း တတ်နိုင်သမျှ ကိုယ့်ဘာကိုယ် အခြောက်ခံပြီးတော့ ချက်ချင်းမရောင်းဘဲ နည်းနည်းထိန်းထားတာမျိုးနဲ့ ဝိုင်းထိန်းလိုက်ရင်တော့ ဒီစပါးဆန်တွေက အရမ်းဈေးထိုးမကျတော့ဘဲ ဈေးကွက်ထဲမှာ လည်ပတ်သွားမှာပေါ့။ လယ်သမားကလည်း အစိုကြီးတွေကို ကုန်သည်လက်ထဲ အတင်းထိုးရောင်းနေရင်တော့ ဈေးကွက်ထိန်းဖို့ဆိုတာတော့ ခက်တယ်ဗျ။ 

Voice : အခုဖြစ်နေတဲ့အခက်အခဲမှာ ဘယ်သူတွေ အထိနာနေလဲ။
UATO : အခုကတော့ ဒီ Supply Chain မှာရှိတဲ့သူ အကုန်လုံးထိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးစပါးပေါ်တဲ့အချိန်တုန်းက စပါးဈေး ငါးသိန်း၊ ခြောက်သိန်း ဝယ်ထားတယ်။ နွေစပါးကို ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာပေါ်တဲ့အချိန်မှာလည်း ငါးသိန်း၊ ခြောက်သိန်း ဈေးကြားမှာ ဝယ်ကြတယ်။ အခုကျတော့ လေးသိန်း၊ လေးသိန်းခွဲဆိုတော့ အရင်ပေါ်ထားတဲ့ တောင်သူတွေကတော့ ပိုက်ဆံရထားတယ်။ နောက်ဆုံးမှပေါ်တဲ့ တောင်သူတွေအတွက်ကတော့ အထိနာတာပေါ့။ အရင်ရောင်းထားတဲ့ တောင်သူတွေကတော့ အဆင်ပြေပါတယ်။ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာစိုက်တဲ့သူတွေက အရမ်းမဆိုးပါဘူး။ သူတို့ကတော့ ရသင့်ရထိုက် တဲ့ဈေးကို ရသွားပါတယ်။ အခုကတော့ ပဲခူးအရှေ့ခြမ်းနဲ့ အနောက်ခြမ်းပဲ။ အမှန်ကတော့ဗျာ ဒေသကျဉ်းကျဉ်း လေးနဲ့ ထွက်တဲ့ဆန်ကို နိုင်ငံတော်ပိုင်းက နည်းနည်းလေးဝိုင်းကူလိုက်မယ်ဆိုရင် အများကြီးလုပ်ပေးစရာ မလိုဘဲ ပြေလည်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဘာမှမလုပ်ပေးဘူးဆိုတော့ မထိန်းနိုင်တော့ဘူးပေါ့။

Voice : နိုင်ငံတော်ဘက်က ဘယ်လိုကူညီရင် ပြေလည်နိုင်မလဲ။
UATO : စောစောက ပြောပါတယ်။ နိုင်ငံတော်ပိုင်းက လိုအပ်တဲ့ ငွေရေးကြေးရေး အရင်းအနှီးတွေကို သက်သာတဲ့အတိုးနှုန်းနဲ့ ထုတ်ပေးဖို့တို့ ဒါမှမဟုတ်ရင်လည်း အရင်တုန်းကလို သမ္မတရဲ့ Revolving Fund ကထုတ်ပြီးတော့ အထိုက်အလျောက်ဝယ်ပေးလိုက်တယ်ဆိုရင် ဘာပဲပြောပြော ဈေးကွက်ထဲမှာ အကုန်ဝယ်ပေးဖို့ မဟုတ်ပါဘူး။ အထိုက်အလျောက်လေးဝယ်လိုက်မယ်ဆိုရင် တည်ငြိမ်သွားမှာပေါ့။ ဒါလေးကို လုပ်ပေးလိုက်ရင် ရပါတယ်။

Voice : အခုအခက်အခဲနဲ့ပတ်သက်ပြီး ဘာများမှတ်ချက်ပေးချင်ပါလဲ။
UATO : ကျွန်တော်တို့ ကုန်သည်တွေဘက်ကလည်း လုပ်နိုင်သမျှ လုပ်နေပါတယ်။ တစ်ခုက အရင်းအနှီး တစ်ခုတည်းနဲ့ မပြီးဘူး။ ရေရှည်လုပ်ရမယ့် လုပ်ငန်း တွေရှိတယ်။ အဲဒါက ဘာလဲဆိုတော့ လက်ရှိစိုက်ပျိုးရေးမှာက စနစ်ပြောင်းလာတယ်။ လုပ်သားရှားပါးလာတယ်။ စက်တွေကို အသုံးများလာတယ်။ ရိတ်တဲ့အခါ မှာ တစ်ပြိုင်တည်း စက်တွေနဲ့ တွဲရိတ်တယ်။ ထွက်လာတဲ့စပါးတွေကို အချိန်မီအခြောက်ခံနိုင်ဖို့ အရေးကြီးတယ်။ စပါးရိတ်ပြီးလို့ အခြောက်မခံနိုင်ရင် အဲ့စပါးက နှစ်ရက်၊ သုံးရက်ဆို ပျက်စီးသွားတာ။ အဲဒီတော့ အခြောက်ခံတဲ့လုပ်ငန်းတွေမှာ ဝိုင်းကူညီပေးဖို့ လုပ်ငန်း ရှင်တွေလည်းလိုတယ်။ အစိုးရလည်းလိုတယ်။ လုပ်ငန်းရှင်ဘက်ကကျတော့ တစ်နှစ်မှ စပါးပေါ်တဲ့ရာသီနှစ်ရာသီပဲလုပ်ရတာ။ Investment နဲ့ ရတဲ့ဝင်ငွေနဲ့က အချိန်အကြာကြီး ရင်းနှီးဖို့အတွက် တော်တော်ခက်တယ်။ အဲဒါကို တောင်သူတွေဘက်က အခြောက်ခံတဲ့နေရာလေးတွေလုပ်၊ အစိုးရဘက်ကလည်း တချို့လို အပ်တဲ့နေရာလေးတွေမှာ ရင်းနှီးမြှုပ်နှံပေးထားရင်တော့ တချို့ကိစ္စတွေအတွက် အဆင်ပြေမယ်။ အဲဒါ မလုပ်ပေးရင်တော့ ကျွန်တော်တို့ နှစ်တိုင်းမှာ ဒီပြဿနာတွေ ရှိနေဦးမှာပဲ။

Voice : နှစ်စဉ်ဖြစ်နေတဲ့ အခက်အခဲမှာ အစိုးရနဲ့ တောင်သူကြားက နားလည်မှုလွဲနေတာက ဘာလဲ။
UATO : ခုနကပြောတဲ့ ဒီအခြေခံစပါးဈေးနှုန်းတွေ ကြေညာထားတယ်။ လိုအပ်ချက်တွေကို အချိန်မီ ဆောင်ရွက်မပေးနိုင်ရင်တော့ ကျွန်တော်တို့ရဲ့ ဆန်စပါးလုပ်ငန်းက တစ်ပတ်ပြန်လည်ပြီးတော့ ကျဆင်းသွားမှာပဲ။

Voice : အဓိကလိုအပ်ချက်က ဘာတွေဖြစ်မလဲ။
UATO : အခြောက်ခံစက်တွေ၊ စပါးပေါ်ချိန်မှာ လိုအပ်တဲ့ ငွေရေးကြေးရေးအရင်းအနှီးတွေ၊ ဒီအရင်း အနှီးထုတ်ပေးလို့ အစိုးရအနေနဲ့လည်း လုံးဝအရှုံးမရှိပါဘူး။ နစ်နာစရာလည်း မရှိပါဘူး။ ဒီပိုက်ဆံက ပြန်ရတာပဲ။ ဒီပိုက်ဆံတွေအကုန်လုံး ပေးလိုက်ပြီးတော့ အလကားဖြစ်သွားတာလည်း မဟုတ်ပါဘူး။ လိုအပ်တဲ့ အချိန်လေးမှာ ထုတ်ပေးလိုက်ခြင်းအားဖြင့်တော့ ဒီ Supply Chain ထဲမှာ လည်ပတ်သွားမှာပေါ့။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

ဟိန်းမြတ်စိုး